နော်ဝေအစိုးရဟာ သမ္မတဦးသိန်းစိန် အစိုးရကို ပစ်ပြီး ထောက်ခံခဲ့တယ်။ ဒီမိုကရေစီ အင်အားစုကို မျက်နှာလွဲ ခဲပစ် လုပ်ခဲ့တယ်။ Myanmar Peace Centre (MPC) ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ခြေစုံပစ်ကာ မျက်လုံး စုံမှိတ် ထောက်ခံခဲ့တယ်။ ဒါကြောင့် မြန်မာ အစိုးရဟာ နော်ဝေကို သူတို့ရဲ့ မိတ်ဆွေစစ်လို့ အစိုးရ သတင်းစာ တွေကနေ အလျဉ်းသင့်တိုင်း ထုတ်ဖော်ချီးကျူး အမွှမ်းတင်ခြင်းခဲ့ပါတယ်။
မြန်မာ့အပေါ်တင်နေတဲ့ အကြွေးတွေကို Paris Club မှာ နော်ဝေက ဦးဆောင်ပြီး ရှင်းပေးခဲ့ပါတယ်။ ဒီလိုရှင်း ပေးတဲ့ နေရာမှာ condition လို့ခေါ်တဲ့ စည်းကမ်းချက်၊ သတ်မှတ်ချက်တွေ မပါခဲ့ပါဘူး။ ဝေဖန်ခံခဲ့ရပါတယ်။ နော်ဝေရဲ့ Policy အပြောင်းအလဲကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတောင် မကြိုက်နှစ် သက်တဲ့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
အခု NLD ပါတီနိုင်ပြီး နောက်ပိုင်း နော်ဝေအပါအဝင် နိုင်ငံတော်တော် များများဟာ ဣဒြေ္ဒ ပျက်ခဲ့ကြပါတယ်။ သူတို့ ပုံအောထားတဲ့ မြင်းရှုံးသွားလို့ပဲလို့ ခပ်ရှင်းရှင်းပဲ ပြောပါရစေ။ ဒီ ပါရာဒိုင်း အပြောင်းအလဲမှာ နော်ဝေရဲ့ မြန်မာ အပေါ်ထားတဲ့ Policy တွေကို ပြန်ပြီးသုံးသပ်ရတော့မှာ ဖြစ်ပါတယ်။
မကြာသေးခင်က NBC ခေါ် Norwegian Burma Committee က မြန်မာနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူ တွေ တချို့နဲ့ တိုင်းရင်းသား ခေါင်းဆောင်တို့ကို ဖိတ်ခဲ့ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU ဒု ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး နဲ့ ဦးခိုင်ဝင်းတို့ ဖြစ်ပါတယ်။
နော်စီဖိုးရာစိန်က NCA ခေါ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ မတက်ခဲ့သလို KNU လက်မှတ်ထိုး တာကိုလည်း သဘောမတူတဲ့ ကရင်ခေါင်းဆောင် အမျိုးသမီး ဖြစ်ပါတယ်။ ဦးကိုကိုကြီးကတော့ NCA လက်မှတ်ထိုးပွဲမှာ အသိသက်သေ လက်မှတ်ဝင်ရောက် ထိုးခဲ့သူ ဖြစ်ပါတယ်။ NLD ပါတီက သူ့ကို အမတ်လောင်း စာရင်းမှာပါဝင်ခြင်းကို ပယ်ချခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးခိုင်ဝင်းကတော့ မြန်မာနိုင်ငံရေး သင်တန်းပေးနေသူ NLD ပါတီနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ ဒီအဖွဲ့က နော်ဝေမှာ မြန်မာ့အရေး ဆွေးနွေးပြောကြားခဲ့သလို နော်ဝေရဲ့ နိုင်ငံခြားရေး ဌာနထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါကြောင့် နော်ဝေရဲ့ မြန်မာအပေါ်ထားတဲ့ Policy ဟာ အပြောင်းလဲတွေ ရှိလာနိုင်တယ်လို့ သုံးသပ် ရမှာပါ။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)