မွေးကတည်းက ခေါင်းကြီးလေးတွေ ဖြစ်နေတာ၊ ကလေးဘဝမှာ ခေါင်းကြီးလာတာ၊ အသက်ကြီးမှ ခေါင်းကြီး လာတာတွေ တွေ့ဖူးမှာပါ။ တွေ့ဖူးမယ် ဆိုတာကလည်း ကလေး တထောင်မွေးရင် နှစ်ယောက်လောက်က ခေါင်းကြီးလေးတွေ မွေးလာတတ်တယ်လို့ လေ့လာမှုတွေက ဆိုတာကိုး။ ခေါင်းကြီးတာက မွေးစကနေ အသက် ၆၀ ကျော် အထိလည်း ဖြစ်လာတတ်တဲ့ ရောဂါတခုပါ။ ဆေးပညာအရ Hydrocephalus ခေါ်ပြီး ဦးခေါင်းခွံထဲမှာ ရေတွေ များလာပြီး ဦးနှောက်ကို ရောင်ရမ်း လာစေတာပါ။ Water on the rain လို့ ခေါ်ကြပါတယ်။ ဦးနှောက် ထိခိုက်ရာကနေ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးမှုတွေပါ ချို့ယွင်းစေတာမို့ နောက်ဆက်တွဲ ပြဿနာတွေ မဆိုးဝါးအောင် ကုသကာကွယ်ဖို့ လိုအပ်တဲ့ အခြေအနေ တခုပါပဲ။
ဖြစ်စဉ်ကို လေ့လာရင်
ဦးနှောက်နဲ့ အာရုံကြောမကြီးတွေမှာ ပုံမှန် စီးဆင်းလှည့်လည်နေတဲ့ အရည် cerebrospinal fluid CSF ရှိပါတယ်။ ရံဖန်ရံခါ ကျတော့ အဲဒီ အရည်တွေများလာတာ တွေ့ရပါတယ်။ အရည်စီးကြောင်းမှာ ပိတ်ဆို့မှု တခုခုဖြစ်တာ သွေးကြောတွေက အရည်ကို စုပ်ယူနိုင်စွမ်း ကျဆင်းတာ ဦးနှောက်က အရည်တွေပိုထုတ်တာ စတာတွေ ကြောင့်ပါ။ အရည်တွေ များလာတော့ ဦးနှောက်ကို ဖိအား များလာစေပြီး ဦးနှောက်တစ်ရှူးတွေ ရောင်ရမ်း ထိခိုက်တော့တာ ပေါ့။
အကြောင်းရင်းခံတွေက
ကိုယ်ဝန်ဆောင် သန္ဓေသား ကာလကတည်းက ခေါင်းကြီးနေတာတွေက မွေးရာပါ ချို့ယွင်းချက်ဖြစ်တဲ့ အာရုံကြောမကြီး ပြီး ပြည့်စုံအောင် မပိတ်တာ၊ ဗီဇ မျိုးရိုးနဲ့ ပတ်သက်တဲ့ ချို့ယွင်းချက်၊ ကိုယ်ဝန်ဆောင်စဉ်မှာ ဂျိုက်သိုး Rubella လို ရောဂါ ကူးစက်ခံရတာ … စတာတွေကြောင့်ပါ။
မွေးကင်းစ၊ ကလေးငယ်ဘဝနဲ့ ကလေးကြီးတွေ အရွယ်မှာဖြစ်ရတာတွေက – ဦးနှောက်အာရုံကြော အဖွဲ့အစည်းမှာ ဦးနှောက် အမြှေးရောင်တာလို ကူးစက်ရောဂါတွေ ဖြစ်လို့မွေးဖွားနေစဉ်နဲ့ မွေးပြီးစမှာ ဦးနှောက်က သွေးယိုစိမ့်တာ (အထူးသဖြင့် လမစေ့ဘဲမွေးတဲ့ ကလေးတွေ ဖြစ်လေ့ရှိပါတယ်။)
မမွေးမီ၊ မွေးနေစဉ်နဲ့ မွေးဖွားပြီးချိန် ထိခိုက်ဒဏ်ရာရတာ၊ ဦးခေါင်း ဒဏ်ရာရတာ ဦးနှောက်ထဲမှာ အလုံးအကြိတ် ဖြစ်တာ စတဲ့ အကြောင်းတွေကြောင့်လို့ ဆိုပါတယ်။
လူကြီးပိုင်း တွေမှာလည်း အဲသလို ဦးခေါင်းထဲ အရည်တွေ များလာတတ်ပါတယ်။ ဒါပေမယ့် ဖိအားကတော့ ပုံမှန်သာ ရှိတတ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဦးနှောက် ဖောင်းပြီးလာတာက လုပ်ငန်းဆောင်တာတွေတော့ ထိခိုက်စေတာ ပါပဲ။
လူကြီးတွေဖြစ်ရတဲ့ အကြောင်းတွေက –
ဦးနှောက် အမြှေးရောင်လို ဦးနှောက်နဲ့ ဆက်စပ်ရောဂါတွေ၊ ဦးခေါင်းထိခိုက် ဒဏ်ရာရတာတွေ၊ ဦးနှောက်ထဲက သွေးကြောတွေ သွေးယိုစိမ့်တာတွေ၊ ဦးနှောက် ခွဲစိတ်တာတွေ ကြောင့်ပါ။
ရောဂါရဲ့ လက္ခဏာ –
ဦးခေါင်းမှာ အရည်တွေ စတာကနေ ရာသက်ပန် ဦးနှောက်ကို ထိခိုက် သွားစေပါတယ်။ ဒါကြောင့် လက္ခဏာတွေ ပေါ်ပေါက်လာတာနဲ့ ပိုမဆိုးအောင် ကုသခံရမှာပါ။ လက္ခဏာက အရွယ်လိုက်ပြီး ကွဲပြားတတ်ပါတယ်။
ကလေးငယ်တွေမှာ-
ကနဦး လက္ခဏာတွေအဖြစ် ငယ်ထိပ်ဖောင်းလာတာ၊ ဒါမှမဟုတ် ဦးခွံအောက်မှာ ပျော့ပျော့ နေရာတခုခု ပေါ်လာတာ၊ ဦးခေါင်း လုံးပတ် ကြီးလာတာ၊ မျက်စိတွေက အောက်ဖက်မှာပဲ ကပ်နေတာ၊ တက်ချက်တာ၊ အလွန်အမင်း ဂျီတိုက်တာ၊ အန်တာ၊ အအိပ်များတာ၊ အစားနည်းတာ၊ ကြွက်သားတွေ တောင့်တင်း ခိုင်မာမှု လျော့လာတာ စတာတွေ တွေ့ရပါတယ်။
တနှစ်ကျော် အရွယ်တွေကျတော့ –
အသံစူးစူးနဲ့ ငိုတာ၊ အမူအကျင့်တွေ ပြောင်းလာတာ၊ မျက်နှာပုံစံ ပြောင်းလာတာ၊ မျက်စိက ထောင့်ဖြတ် (ဘယ်က ညာကြည့်၊ ညာကဘယ်ကြည့်) ဖြစ်လာတာ၊ ခေါင်းကိုက် တတ်တာ၊ ကြွက်တက်တာ၊ ဖွံ့ဖြိုးမှု နှေးကွေးတာ၊ စားရ သောက်ရခက်တာ၊ ကဏှာမငြိမ် ဖြစ်တာ၊ ဆီးမထိန်းနိုင်တာ၊ ကိုင်တွယ်တာတွေ အမြဲလိုလို လွတ်ကျတာ၊ ခေါင်းက ပုံမှန်ထက် ပိုကြီးတာ၊ တက်ကြွမှု မရှိတာ၊ တက်ချက်တာ၊ အာရုံစူးစိုက် မရတာတွေ ဖြစ်တတ်ပါတယ်။
သက်လတ် သက်ကြီးပိုင်းတွေမှာ –
နာတာရှည် ခေါင်းကိုက်တာ၊ လမ်းလျှောက်တဲ့ အခါ ဟန်ချက်ထိန်းရ ခက်လာတာ၊ မှတ်ဉာဏ် လျော့နည်းလာ တာ၊ ဆီးရော ဝမ်းရော မထိန်းနိုင်တာ၊ မျက်စိအမြင်တွေ ပြဿနာ ဖြစ်လာတာ၊ အာရုံ စူးစိုက်ရ ခက်လာတာ စတာတွေ ဖြစ်လာပါတယ်။
ရောဂါသေချာဖို့
ထုံးစံအတိုင်းပါပဲ။ ဒီလက္ခဏာတွေ ပေါ်လာတာကို ဆရာဝန်က စမ်းသပ်ပြီး သံသယရှိရင် Ultrasound , CT , MRI စတဲ့ စမ်းသပ်မှုတွေနဲ့ အတည်ပြုရပါတယ်။ ရောဂါဖြစ်နေပြီဆိုရင် ကုသမှုခံယူတာက မကုသတာထက် ပိုကောင်းပါ တယ်။ ကုသတာက ဦးနှောက် ပုံမှန်ပြန်ဖြစ်အောင်တော့ မလုပ်နိုင်ပါဘူး။ ထိခိုက်မှုတွေ ပိုမလာအောင် ကာကွယ်တာပါ။ အဓိကအားဖြင့်တော့ ဦးနှောက်အရည်တွေ ပုံမှန်စီးဆင်းအောင် ပြင်ဆင်ပေးတာပါ။ ခွဲစိတ်မှု လုပ်ရပါတယ်။
အဆို့ရှင်ပါတဲ့ ပိုက်ရှည်လေး Shunt ထည့်တာပေါ့။ ဦးနှောက်မှာ ပိုက်ရဲ့ အစွန်းတဖက်ထည့်၊ နောက်အစွန်း တဖက်ကို ရင်ဘတ်၊ ဒါမှမဟုတ် ဝမ်းဗိုက်မှာ ထည့်တာပါ။ ဦးနှောက်ထဲက အရည်ပိုတွေ တခြား အစွန်းဘက် စီးဆင်း စုပ်ယူစေတာပါ။ အမြဲတမ်း ထည့်ထားပြီး ဂရုစိုက်ကြည့်နေရတာ မျိုးပါ။
နောက်တစ်နည်းကျတော့
ဦးနှောက်ထဲက အခန်း Ventricle တွေ အောက်ခြေမှာ အပေါက်ဖောက်ပြီး ဦးနှောက်က အရည်တွေ စီးဆင်း သွားအောင် လုပ်ရတာမျိုးပါ။ Ventriculostomy ခေါ်ပါတယ်။ ရောဂါရှိနေတဲ့ ကလေးသူငယ်တွေ အတွက် ကလေးအထူးကုတွေ၊ ပညာရေး ကျွမ်းကျင်သူတွေ၊ စိတ်ပိုင်း ဆိုင်ရာ ပါရဂူတွေ၊ ဖွံ့ဖြိုးမှုကုထုံး ပညာရှင်တွေ အားလုံးပူးပေါင်း လုပ်ဆောင်ပေးပြီး ဒုက္ခိတ ဘဝကို တတ်နိုင်သမျှ ကူညီရတာမို့ မလွယ်လှပါဘူး။ လူကြီးတွေမှာ ဖြစ်တာကျတော့လည်း ပြန်လည်ထူထောင် ရေးတွေ၊ လုပ်ငန်းခွင် ကုထုံးတွေ အများကြီးနဲ့ ရာသက်ပန် နေထိုင်ရေးကို ကူညီရတာပါပဲ။
ဖြစ်နိုင်ခြေ လျှော့ချခြင်း
ခေါင်းကြီးတဲ့ ဒီရောဂါက ကာကွယ်လို့ မရနိုင်ပါဘူး။ ဖြစ်နိုင်ခြေတွေ လျော့ကျအောင် လုပ်ကြည့်ရမယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီရောဂါ ဆက်နွှယ် ဖြစ်ပွားစေတဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး ထိုးရပါမယ်။ ဂျိုက်သိုးလို ရောဂါ တခုခု ဖြစ်တာနဲ့ အထူးစစ်ဆေး ကုသခံရပါမယ်။ ဆိုင်ကယ်၊ စက်ဘီး စီးတဲ့ အခါတွေမှာ ဦးထုပ်ဆောင်းတာမျိုး၊ ကားစီးရင် ခါးပတ် ပတ်တာမျိုး ကလည်း ဦးခေါင်းထိခိုက် စေတဲ့ မတော်တဆမှု တွေမှာ ကာကွယ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ဦးခေါင်းထိခိုက်ဒဏ်ရာ မရအောင် အထူး ဂရုစိုက်ပေးရမှာပါ။
အသိဉာဏ် ကြွယ်ဝလို့ ခေါင်းကြီးတယ် တင်စားတာက ကောင်းတဲ့ လက္ခဏာဖြစ်ပေမယ့် ဦးနှောက်မှာ အရည်တွေများပြီး ခေါင်းကြီးတာကတော့ အရမ်းမလွယ်ကူတဲ့ ပြဿနာဆိုတာ သိကြစေချင်တာပါ။ ။