ရန်ကုန်မြို့ရဲ့ ဆူညံမှုတွေ၊ မွန်းကျပ်မှုတွေ သောကတွေကနေ ခဏဖယ်ခွာဖို့ တိတ်ဆိတ်အေးချမ်းတဲ့ နေရာတခု ကတော့ ရန်ကုန်နဲ့လည်း သိပ်မဝေးတဲ့ ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့နယ်က ဂေါ်ရင်ဂျီကျွန်းကို သွားလည်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
ရုံးပိတ်ရက်တွေများတဲ့ ဒီဇင်ဘာလ မှာတော့ နှစ်တနှစ်တာ လှုပ်ရှားခဲ့ရလို့ စိတ်ပင်ပန်း၊ လူပင်ပန်း အမောတွေ ဖြေဖျောက်ဖို့ ဆိုရင် ငွေကုန်သက်သာတဲ့ ဂေါ်ရင်ဂျီကျွန်းက သွားသင့်တဲ့ နေရာတခုပါ။ ဧရာဝတီတိုင်းမှာ ရှိတဲ့ ကမ်းခြေတွေလို့ ပြောလိုက်တာနဲ့ လူအများက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကိုပဲ ပြေးမြင်ကြတာပါ။
အဲဒီကမ်းခြေ ၂ ခု က လူသွားများ သလို၊ တည်းခိုဖို့ နေရာနဲ့ အစားအသောက်က ဈေးကြီးပါတယ်။ ဂေါ်ရင်ဂျီ ကျွန်းကတော့ လူ အရောက်နည်းနေပေမယ့် ငွေအကုန်အကျများတဲ့ ဈေးကြီးကြီး ကမ်းခြေ တခု မဟုတ်ပါဘူး။ သို့ပေမယ့် ဈေးကြီးတဲ့ ကမ်းခြေတွေထက် သဘာဝကျကျ လှပပြီး ဆွဲဆောင်မှု အပြည့်ရှိပါတယ်။
ရန်ကုန်မြို့ကနေ ကားနဲ့ ၈ နာရီလောက် မောင်းသွားရင် ငရုတ်ကောင်းမြို့ကို ရောက်ပါတယ်။ အဲဒီက တဆင့် ဂေါ်ရင်ဂျီကျွန်းကို သွားရမှာပါ။ ရန်ကုန်မြို့ကနေ ည ၈ နာရီခွဲ လောက်ထွက်မယ်ဆိုရင် မနက် ၅ နာရီခွဲ ဆိုရင် ငရုတ်ကောင်း မြို့ကို ရောက်သွားပါမယ်။ ရန်ကုန် – ငရုတ်ကောင်း ကားခကတော့ ၁ သောင်းကျပ်ပါ။
ဒါပေမယ့် ငရုတ်ကောင်းမြို့ကို သွားတဲ့ ကားလမ်းက နည်းနည်း ကြမ်းတမ်းတဲ့ အတွက် ကျမတို့ အုပ်စုကတော့ မနက် ၆ နာရီ ခွဲမှ ရောက်သွားပါတယ်။ လမ်းတွေက ကြမ်းတော့ ကားလမ်းတလျောက် ကားဘီးပေါက်တာတွေလည်း ကြုံခဲ့ရပါတယ်။ ငရုတ်ကောင်းမြို့ကို ကားဆိုက်ဆိုက်ချင်းမှာပဲ ကျမတို့ အဖွဲ့ကို ကြွေချိုင်ကျေးရွာ ဒေသခံ ကိုထွန်းက သူ့ရဲ့ စက်လှေနဲ့ လာခေါ်ပါတယ်။ တကယ်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားမယ် ဆိုရင်တော့ ငရုတ်ကောင်းမြို့ မြစ်ဆိပ်ကနေ လူတဦး ၅၀၀ ကျပ်နှုန်းနဲ့ ကြွေချိုင်ကျေးရွာ ကြွေချိုင်ကမ်းခြေကို သွားနိုင်ပါတယ်။
ကျမတို့ ပါလာတဲ့ ပစ္စည်းတွေကို စက်လှေပေါ်တင်ပြီး စက်လှေနဲ့ မိနစ် ၂၀ လောက် သွားလိုက်တော့ ကြွေချိုင်ကျေးရွာ ကို ရောက်ပါပြီ။ ကြွေချိုင်မှာ တည်းခိုစရာ ဟိုတယ်တွေ မရှိပေမယ့် ဒေသခံတွေ စီစဉ်ပေးမှုကြောင့် ကမ်းခြေနဲ့ နီးတဲ့ အိမ်မှာ တည်းခွင့်ရခဲ့ပါတယ်။ လမ်းခရီးမှာ ပင်ပန်းလာသမျှ ကြွေချိုင် ကမ်းခြေကို ရောက်တာနဲ့ အမောပြေရတာပါပဲ။ ပစ္စည်းတွေချပြီးတာနဲ့ ကမ်းခြေ ဘက်ကို လမ်လျှောက်ရင်း ကြည့်လိုက်တော့ ပြာလဲ့လဲ့ ပင်လယ်ကိုမြင်ရတာ ပင်ပန်းမှုတွေ ယူပစ်လိုက်သလို ပေါ့ပါး သွားပါတယ်။
လတ်ဆတ်တဲ့ ပင်လယ်စာဖြစ်တဲ့ ရေကြက် (ပြည်ကြီးငါး)၊ ပင်လယ်ငါး၊ ပုဇွန်တွေကို ရှာတဲ့သူက ရှာ၊ အုန်းရည် သောက်တဲ့သူက သောက်၊ ဂစ်တာတီးသူက တီးနဲ့ ကိုယ်နည်း ကိုယ်ဟန် သက်တောင့်သက်သာ အနားယူကြပါတယ်။ အဲဒီဒေသမှာ ပြည်ကြီးငါး အကောင်ကြီး တပိဿာကို ၅ ထောင်ကျပ်ပဲ ပေးရသလို၊ ပင်လယ်စာတွေ လတ်ဆတ်လွန်း တာ တွေ့ရတယ်။ အုန်းရည်ပေါတဲ့ အရပ်ဒေသ ဖြစ်တဲ့ အတွက် အုန်းရည်ကို ဈေးပေါပေါနဲ့ သောက်သုံးနိုင်တဲ့နေရာပါ။
ကြွေချိုင် ကျေးရွာ ဒေသခံ အားလုံးနီးပါး တံငါလုပ်ငန်းကို လုပ်ကိုင်ကြပြီး အိမ်တိုင်းနီးပါး ငါးခြောက်လှန်း ထားတာ ကိုလည်း မြင်တွေ့ရပါတယ်။ ကမ်းစပ်ကို လမ်းလျှောက် နေစဉ်မှာ အမျိုးသမီးငယ်တွေ၊ ကလေးငယ်တွေက ခြင်းအသေးလေးတွေ ကိုယ်စီနဲ့ ပင်လယ် ခရုတွေ၊ ငါးတွေ၊ ဂုံးတွေ ကောက်နေကြတာတွေ ကိုလည်း တွေ့ခဲ့ရတယ်။
ကမ်းစပ်မှာ တွေ့ရတဲ့ အသက် ၁၂ အရွယ် မိန်းကလေးတဦးက “ကျောင်းပိတ်လို့ သမီးတို့ အပျော်သဘောနဲ့ ခရုတွေ ဂုံးတွေ လာကောက်တာပါ။ တခါတလေ ခြင်းအပြည့် ရတယ်။ အိမ်က လူတွေ စားဖို့ပါပဲ” လို့ ပြောပြပါတယ်။ မွန်းလွဲ ၂ နာရီလောက်မှာတော့ ကျမတို့ အုပ်စုက ကြွေချိုင်ကနေပြီး ဂေါ်ရင်ဂျီ ကျွန်းကို စက်လှေနဲ့ သွားဖို့ ပြင်ဆင် ကြပါတယ်။
ကြွေချိုင်ကနေ ဂေါ်ရင်ဂျီ ကျွန်းကို စက်လှေနဲ့ နာရီဝက်လောက် သွားရင် အရမ်းလှပတဲ့ ကျွန်းဆွယ်တွေကို တွေ့မြင်ရ သလို၊ ပင်လယ် ကမ်းစပ်နဲ့ မနီးမဝေးမှာ ငါး ဖမ်းနေတဲ့ တံငါးသည်တွေကိုလည်း မြင်ရပါတယ်။ ဂေါ်ရင်ဂျီကျွန်းကို ငွေဆောင်ကမ်းခြေ ဘက်ကနေလည်း စက်လှေနဲ့ လာနိုင်တယ်လို့ သိရတယ်။ ငွေဆောင်ဘက်က လာရင်တော့ စက်လှေဈေးနှုန်းက ကျပ် ၂ သောင်းခွဲ၊ ၃ သောင်းလောက် ရှိတယ်လို့ ကြွေချိုင် ကျေးရွာ ဒေသခံတွေက ဆိုပါတယ်။
ဂေါ်ရင်ဂျီကျွန်းရဲ့ သဘာဝ အလှ၊ ပင်လယ်ကမ်းခြေမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ ဘဝလှုပ်ရှားမှုတွေကိုလည်း သဘာဝကျကျ တွေ့မြင်နိုင်တဲ့ နေရာတခုပါပဲ။ ကျွန်းကို ရောက်သွားရင် ဂေါ်ရင်ဂျီကျွန်းရဲ့ အလှနဲ့ ပင်လယ်ပြင်ကြီးရဲ့ အလှကို ဂေါ်ရင်ဂျီကျွန်း တောင်ပေါ်ဆီက နေလည်း ခံစားနိုင်ပါတယ်။ ဂေါ်ရင်ဂျီကျွန်း တောင်ပေါ်မှ အပြန် ဆင်းလာသည့် လမ်းတလျှောက်မှာ ကန္တာရဆန်ဆန် မြက်ပင်တွေကို ထပ်မံ တွေ့မြင်ရပါမယ်။
အဲဒီနေရာကတော့ ၂ ညအိပ် ၃ ရက်ခရီး သွားဖို့ ပိုအဆင်ပြေတဲ့ နေရာလေး တခုပါ။ လူသူ အရောက်နည်းပြီး သဘာဝ အလှတွေ၊ သဘာဝ ရှုခင်းတွေ ကြည့်ရှုခံစား၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေ စားရင်း အေးအေးဆေးဆေး အနားယူလို့ ကောင်းတဲ့ နေရာလေးပါ။
အလွန်လှပတဲ့ ပင်လယ်ကြီးနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ တံငါသည်တွေ ကတော့ အဲဒီနေရာမှာ ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည် ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှု ဖြစ်နေကြပါတယ်။ ကျောက်မီးသွေး စက်ရုံကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အေဝမ်းစွမ်းအင် ကုမ္ပဏီနဲ့ ဂျပန်နိုင်ငံက Japan Consortium Group တို့ ပူးပေါင်းပြီး ၃၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် စက်ရုံ ၂ ရုံ တည်ဆောက်ဖို့ လျာထားကာ အိန္ဒိယ အခြေစိုက် Ta Ta (တာတာ) ကုမ္ပဏီက ၂၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ စက်ရုံ ၂ ရုံ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးထားပါတယ်။
ကျောက်မီးသွေး စက်ရုံ မဆောက်ဖို့ အတွက် ကန့်ကွက်သွားမယ် ဆိုပြီး ကြွေချိုင် ဒေသခံ ကိုတင်အောင်ကျော်က ပြောပြပါတယ်။ သူက “တကယ်လို့ ကျောက်မီးသွေးစက်ရုံ လာထောင်ရင် ကျနော်တို့ တံငါသည် ဘဝလည်း ပျက်သွားပြီ။ ဒီလို လှတဲ့ ကမ်းခြေလည်း ပျက်စီးသွားမှာ” လို့ ပြောပါတယ်။
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲမှာ မြို့ပေါ် ရပ်ကွက် ၂ ခုနဲ့ ကျေးရွာပေါင်း ၆၈ ရွာရှိပြီး လူပေါင်း ၃၅၀၀၀ ကျော် အခြေချ နေထိုင်တဲ့ ပင်လယ်ကမ်းခြေ ဒေသတခု ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဒီလို သဘာဝကျကျ လှပတဲ့ ဂေါ်ရင်ဂျီကျွန်းမှာ ကျောက်မီးသွေးစက်ရုံ မတည်ဆောက်ဘဲ ခရီးသွား အပန်းဖြေဒေသ တခုအဖြစ် ပြုလုပ် ပေးမယ် ဆိုရင် ဆိုတဲ့ မျှော်လင့်ချက်က ဒေသခံတိုင်းမှာ ရှိနေပါတယ်။
လောလောဆယ်မှာတော့ မဖွံ့ဖြိုးသေးတဲ့၊ လူအရောက်အပေါက် နည်းသေးတဲ့ ဂေါ်ရင်ဂျီကျွန်းကလေးဟာ အရိုင်း ဆန်ဆန် လှပနေဆဲ၊ သွားလာရခက်ခဲလို့ ပင်ပန်းပေမယ့် လာတဲ့သူတွေကို သဘာဝတရားတွေ၊ လတ်ဆတ်တဲ့ အစား အသောက်တွေနဲ့ ကြိုနေဆဲ ဖြစ်ပါတယ်။