ဒီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထပ်မံတွေ့ ဆုံနိုင်တယ်လို့ ရန်ကုန်နဲ့ နေပြည်တော် နိုင်ငံရေး သတင်းရပ်ကွက်တွေမှာ ပြောဆိုနေပါတယ်။
သူတို့နှစ်ဦး ရွေးကောက်ပွဲအပြီးမှာ ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ကောင်းမွန်တယ်လို့ နှစ်ဖက်စလုံးက ပြောဆိုခဲ့ပါတယ်၊ ဆွေးနွေးပွဲကတော့ အချိန် တနာရီပဲ ကြာမြင့်ပါတယ်။
ဒါပေမယ့် နှစ်ဖက်စလုံး အပြုံးကိုယ်စီနဲ့ အစည်းအဝေးခန်းမက ထွက်လာပြီး နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တာဝန်ပေးချက်အရ သူ့ရဲ့လက်အောက်က ဗိုလ်ချုပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြားမှာ မကြာခဏ ထိတွေ့ ဆက်ဆံမှုတွေ၊ နွေးထွေးတဲ့ဆက်ဆံရေး တိုးမြင့်အောင် လုပ်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို သူ့ရဲ့အိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးချိန် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက်စလုံးကလည်း ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဖက်ကလည်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့တာတွေရှိခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဥက္ကဋ္ဌဟောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတို့ ရင်းရင်းနှီးနှီး တွေ့ဆုံအပြီးမှာ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ အနာဂတ်အတွက် ခေါင်းဆောင်လို့ ပြောဆို သုံးနှုန်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြရေးသားခဲ့ပါတယ်။
တပ်မတော်ဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ယူထားပြီး ဗီတို (Veto) အာဏာကို သုံးစွဲခွင့် ရှိနေတာ ဖြစ်ပါတယ်။ လွတ်တော်တက်မယ့် တပ်မတော် ကိုယ်စားလှယ်တွေကိုလည်း တပ်ချုပ်ကပဲ ရွေးချယ်စေလွတ်ရတာ ဖြစ်ပြီး တပ်မတော်ဟာ မြန်မာနိုင်ငံရေးမှာ အဓိက အခန်းကဏ္ဍတခုကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဖြေရှင်းရမယ့် ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းဖို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ အတွက်ပါ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ တပ်မတော် ကိုယ်စားလှယ်တော်တွေက အရေးပါနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယအကြိမ် ထပ်တွေ့ရင် တိုင်းပြည်အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေး ကြမယ်လို့ သုံးသပ်လို့ရပါတယ်။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)