၂၀၁၆ ခုနှစ်အတွက် မြန်မာ့စီးပွားရေး အလားအလာကို ခြုံငုံကြည့်ရင်တော့ အကောင်းဘက်ကိုပဲ ဦးတည်နေ ပါတယ်။ အထူးသဖြင့် ၂၀၁၅ ပြည်သူ့ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရတက်လာပြီး နိုင်ငံကို တည်တည် ငြိမ်ငြိမ်နဲ့ မူဝါဒကောင်းတွေချမှတ် အုပ်ချုပ်နိုင်မယ် ဆိုရင်တော့ မြန်မာ့စီးပွားရေး ကဏ္ဍတခုလုံး ထောင်တက်သွားမှာ အသေအချာပါပဲ။ ဒါပေမယ့် NLD အစိုးရအနေနဲ့ နိုင်ငံကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ဖို့ ဆိုရင် ငြိမ်း ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တပ်မတော်နဲ့အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးထူ ထောင်ဖို့ လိုပါတယ်။
၂၀၁၆ ခုနှစ်မှာ နိုင်ငံရေး တည်ငြိမ်ခဲ့ရင် မြန်မာနိုင်ငံဟာ အာရှမှာ စီးပွားရေး ကျားတကောင် ဖြစ်လာဖို့ အားယူနိုင်မယ့် နှစ်ဖြစ်လာမှာ အသေအချာပါပဲ။ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကို ကလည်း ဒါကိုသဘောတူပါတယ်။
“နိုင်ငံရေး အခုအကူးအပြောင်းက ချောချောမွေ့မွေ့ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေချင်တယ်။ ဒါမျှော်လင့်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက အခုအားလုံးသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း၊ စီးပွားရေးလမ်းကြောင်း၊ အမျိုးသား လုံခြုံရေးက အစ ပေါ့။ အကုန်လုံး အတွက်ပါ။ အဲ့ဒါကနေပဲ ကောင်းတဲ့ ရလဒ်တွေ ထွက်လာမှာပေါ့။ အခု တွေ့ဆုံဆွေးနွေး မှုရလဒ်တွေကို သဘောထားကြီးကြီးနဲ့ နားလည်မှု ရှိရှိနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ အစိုးရအလှည့် အပြောင်းတခုကို ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးနေတဲ့ အချက် ဒါ ပြည်သူတွေ အတွက်လည်း အကျိုးရှိစေမှာ ဖြစ်သလို အနိုင်ရသွားတဲ့ ပါတီအတွက်လည်း အကျိုးရှိမယ်။ ဒါကပဲ မြန်မာနိုင်ငံ အနာဂတ်ကို လုံးဝ ပြောင်းလဲသွားစေမယ့် အချက်ဖြစ်လို့ပါ” လို့ ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အလားအလာ
၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ တက်လာမယ့် NLD အစိုးရ အာဏာ ရရှိလာပြီ ဖြစ်လို့ စီးပွားရေးအရ အလားအလာ ကောင်းမွန်နိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ တဖြည်းဖြည်း ဖြေလျှော့လာနိုင်တဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ့် အခြေအနေကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း စိန်ခေါ်မှုတွေက အတော် များများရှိနေပါတယ်။ အထူးသဖြင့်တော့ ရှိရင်းဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေကို ဘယ်လို အကာကွယ်ပေးမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ့် အခြေအနေကောင်းတွေ ရှိနေပမယ့် NLD အစိုးရအနေနဲ့ ဦးသိန်းစိန် အစိုးရထက် သာမယ့် စီးပွားရေးဆိုင်ရာ မူဝါဒသစ်တွေ၊ မူဝါဒကောင်းတွေ မချမှတ်နိုင်ရင်တော့ အခြေအနေက သိပ်မထူးနိုင်ပါဘူး။
မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အသိုင်းအဝိုင်းကတော့ ၂၀၁၆ ခုနှစ်မှာ မြန်မာ့ စီးပွားရေးက တဟုန်ထိုး တိုးတက်လာမယ် ဆိုတဲ့ အမြင်တူညီမှု သဘောထားတွေ ရှိနေကြပါတယ်။ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “၂၀၁၆ မှာ မြန်မာပြည်ရဲ့ စီးပွားရေး ပြန်လည်ကောင်းလာနိုင်တယ်။ သို့သော်လည်း မှန်းတာက အစိုးရသစ်ဖွဲ့အပြီး လေးငါးလ လောက်ကြာမှပဲ တည်ငြိမ်လိမ့်မယ်လို့ မြင်တယ်။ အစိုးရသစ် တက်တာ မတ်လဆိုတော့ လာမယ့် အောက်တိုဘာ သီတင်းကျွတ် လောက် ဆိုရင်တော့ စီးပွားရေး အခြေအနေတွေ ကောင်းလာမယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာမယ်။ ရလာမယ်။ တဖက်မှာ ငွေကြေးဖောင်းပွမှုတွေကို လျှော့ချလာနိုင်မယ်။ ဒီတိုင်းဖြစ်လာရင်တော့ FDI ဝင်လာမယ် လို့မြင်တယ်” လို့ ပြောပါတယ်။
ဒေါက်တာစိုးထွန်းနဲ့ အမြင်တူရှိတာက မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး ကလည်း သဘောတူပါတယ်။ “FDI ကတော့ ပိုကောင်းလာလိမ့်မယ်လို့ ကျနော် မြင်တယ်ဗျ။ အရင်တုန်းကလည်း မြန်မာ နိုင်ငံရဲ့ မတည်ငြိမ်မှုကို စောင့်ကြည့်တယ်ဆိုတဲ့ သဘောပေါ့။ အခုဟာ တည်ငြိမ်သွားပြီ ဆိုတဲ့သဘောတွေ အများကြီး ရောက်လာတယ်။ ဒီမိုကရေစီသွားနေ တာလည်း ပြီးခဲ့တာထက် ပိုပြီးတော့ ထင်သာမြင်သာ ရှိလာပြီဆိုတော့ ပြီးခဲ့တာ ထက် ပိုပြီး တိုးတက်မယ်လို့ မှန်းထားပါတယ်” လို့ ဦးနှင်းဦးက သုံးသပ်ပါတယ်။
စတော့ဈေးကွက် အလားအလာ
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော စတော့ရှယ်ယာ ဈေးကွက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင် အရောင်းအဝယ် လုပ်မှာ ဖြစ်ပါတယ်။ မူးယစ် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း တွေက ရတဲ့ ဝင်ငွေ အိမ်ခြံမြေဈေးကွက် အပါအဝင် စီးပွားရေးလုပ်ငန်း အသီးသီးကို စီးဝင်နေတဲ့ ငွေမည်းတွေကြောင့် ကမောက်ကမ ဖြစ်နေတဲ့ မြန်မာ့စီးပွားရေး ဈေးကွက်မှာ စတော့ဈေးကွက်က ငွေမည်းခဝါချမယ့် နေရာ ဖြစ်လာမလား ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပြန်ပါတယ်။ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်၊ ကားဈေးကွက် တွေမှာ ရင်းနှီးမြှုပ်နှံပြီး ငွေရှာနေမှု အသားကျနေတဲ့ မြန်မာ့စီးပွားရေး နယ်ပယ်မှာ စတော့ဈေးကွက်က အလားအလာ ကောင်းနိုင်ပါ့ မလားဆိုတာ မေးခွန်းထုတ်စရာရှိလာ ပါတယ်။ စတော့အိတ်ချိန်းဈေးကွက်မှာ အရောင်း အဝယ်တွေ ၂၀၁၆ ခုနှစ်မှာ စတင်မှာ ဖြစ်ပေမယ့် စတော့ရှယ်ယာ ထုတ်ရောင်းမယ် ကုမ္ပဏီတွေ၊ အများပြည်သူ လက်လှမ်းမီမှု၊ စတော့ရှယ်ယာ ဈေးကွက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ဘယ်လောက် ခွင့်ပြုမလဲ ဆိုတာတွေပေါ်မှာ မြန်မာ့စတော့ အိတ်ချိန်း ဖွံ့ဖြိုးမှုက မူတည်နေပါတယ်။
လတ်တလော အခင်းအကျင်းနဲ့ အခြေအနေအရတော့ မြန်မာ့စတော့ ရှယ်ယာ ဈေးကွက်ဟာ ၂၀၁၆ ခုနှစ်မှာ တရှိန်ထိုး ဖွံ့ဖြိုးလာဖို့ လမ်းအတော်ကို နည်းပါးတယ်။ ၂၀၁၆ ခုနှစ်မှာ မြန်မာ့စတော့ အိတ်ချိန်ဈေးကွက် ဖွံ့ဖြိုးဖို့ အရှိန်ယူရမယ့်နှစ်ပဲ ဖြစ်ပါတယ်။
မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍ
အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးများရဲ့ စီးပွားရေး ပိတ်ဆို့မှုဒဏ်ကြောင့် နှစ်ပေါင်းများစွာ အထိနာခဲ့ရတဲ့ မြန်မာ့ အထည်ချုပ်လုပ်ငန်းဟာ ၂၀၁၆ ခုနှစ်မှာတော့ အလားအလာကောင်းတွေ ပြန်လည်ဖြစ်ထွန်းလာ နေပါတယ်။ NLD အစိုးရသစ် မတက်မီ အမေရိကန်ပြည်ထောင်စု ဘက်က ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ၆ လတာ ဆိုင်းငံ့တာတွေ ရှိလာတဲ့ အပြင် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေမှာလည်း အရေးယူမှုတွေ လျှော့ပေါ့လာပါတယ်။ ဒီလို လျှော့ပေါ့ လာတာက NLD အစိုးရသစ် တက်လာ ပြီးရင် ပိုပြီးတော့ များပြားလာနိုင်တာမို့ မြန်မာ့ အထည်ချုပ် လုပ်ငန်းတွေ အတွက်တော့ အလားအလာ ကောင်းများစွာ ရှိနေတာ အသေအချာပါပဲ။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “အထည်ချုပ်အနေနဲ့ ပြောရမယ် ဆိုရင် အခု ၂၀၁၆ ဖြစ်လာတဲ့ ဈေးကွက်တွေရယ်၊ နိုင်ငံရေး အပြောင်းအလဲကြောင့် မြန်မာ့အထည်ချုပ် ဈေးကွက်မှာ ပိတ်တာဆို့ တာတွေ ရှိခဲ့တာက တဖြည်း ဖြည်း ပြန်ပွင့်လာပြီ။ သို့သော် အကြီးဆုံးဖြစ်တဲ့ အမေရိကန်ဈေးကွက် ကတော့ သိသိသာသာ မဖွင့်သေးဘူးပေါ့နော်။ ဖွင့်တော့ဖွင့်တယ် မတိုးတက်သေးဘူး။ မတိုးတက်ရတဲ့ အကြောင်းရင်းက ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေမှာ သူတို့က ကန့်သတ်ထားတယ်။ အခုဖွင့်တာလည်း ၆ လ ပဲဖွင့်တာ ဖြစ်တဲ့အတွက် အန်ကယ်တို့နဲ့ လုပ်တဲ့သူတွေက ၆ လနဲ့ မရဘူး အချိန် မလောက်ဘူး။ အဲ့ဒါကြောင့် အမေရိကန်ဈေးကွက်က တိုးတက်မှု မရှိသေးဘူး။ သို့သော် ဥရောပဈေးကွက်က တိုးတက်တယ်။ နောက် လက်ရှိ အရင်ကတည်းက ပို့နေတဲ့ ဂျပန်၊ ကိုရီးယား ဈေးကွက်တွေလည်း တိုးတယ်။ စက်ရုံတွေလည်း တိုးဖွင့် လာတာ တွေ့ရတယ်။ ၂၀၁၆ ထဲမှာတော့ အထည်ချုပ်က ကောင်းလာနိုင်ဖို့ ရှိတယ်။ သို့သော်လည်း လက်ရှိ ဖြစ်နေတဲ့ အနည်းဆုံး အခကြေးငွေနဲ့ ကုန်ထုတ် စွမ်းအားကိုတော့ အားပြိုင်နေ ကြတယ်။ ခြုံပြောရင်တော့ လက်ရှိအခြေအနေ အရ ၂၀၁၆ မှာ အထည်ချုပ်အတွက် ဈေးကွက် ကောင်းပါတယ်” လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်းကဏ္ဍ
စစ်အာဏာရှင်စနစ် အဆုံးသတ်လိုက်တဲ့ ၂၀၁၁ ခုနှစ်က စလို့ မြန်မာ့ခရီးသွား လုပ်ငန်းက တနှစ်ထက် တနှစ် တိုးတက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကမ္ဘာလှည့်ခရီးသွား အရေအတွက် ၅ သန်း ရရှိဖို့ မျှော်မှန်းထားတာ လျာထားချက် ကျော်လွန်မယ့် အခြေအနေ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်နေတဲ့ ခရီးသည် အရေအတွက် ၄ ဒသမ ၂ သန်း ရှိနေပါပြီ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိပြီးနောက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွား အရေအတွက် များပြား နေပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း တရှိန်ထိုးတိုးတက် လာမယ့် အခြေအနေ ရှိနေပါတယ်။ အခုအချိန် အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်း စီမံကိန်း စုစုပေါင်း ၄၇ ခုရှိနေပြီး ရင်းနှီး မြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ သန်း ၂၆၀ဝ ရှိနေပါတယ်။ ဒါကြောင့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ကလည်း ထပ်တိုးလာမှာ အသေ အချာပါပဲ။
ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ၂၀၁၄ ခုနှစ် မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံ ရှိနေတာမို့ ၂၀၁၆ ခုနှစ်မှာ ၂ ဘီလီယံ အထက် ရှိလာမယ့် အခြေအနေရှိနေပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးနောင်နောင်ဟန်ကတော့ “၂၀၁၆ ခုနှစ် မှာကတော့ အစိုးရအသစ်ရဲ့ ခရီးသွားပေါ်လစီကို ကျနော်တို့က မျှော်လင့်တယ်။ အဲဒီပေါ်လစီက အရင်အစိုးရ လက်ထက်က ပေါ်လစီနဲ့ မတူတဲ့ ပေါ်လစီကို ပြုပြင်ပြောင်းလဲမှု လုပ်လိမ့်မယ်လို့ ယူဆတယ်။ အဲဒီပေါ်လစီက ကျနော်တို့ရဲ့ ခရီးသွား လုပ်ငန်းကို ပိုမိုဖွံ့ဖြိုးအောင် အားပေးတဲ့ ပေါ်လစီမျိုးကို ကျနော်တို့က မျှော်လင့်ထားတယ်။ ပုဂ္ဂလိက ကဏ္ဍမှာတော့ အခြားဒေသဆိုင်ရာတွေမှာ အစိုးရတွေနဲ့ ညှိပြီး လုပ်ကိုင်လို့ရမယ့် အခွင့် အလမ်းတွေ ဆိုတာက home stay လိုမျိုးတွေ၊ နောက်ပြီး ဟိုတယ်တွေကို ဆောက်ဖို့အတွက် ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ အဲဒီတော့မှ တိုင်းရင်းသား လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံနိုင်မှာ။ ၂၀၁၆မှာ အစိုးရရဲ့ ခရီးသွားလုပ်ငန်း ပေါ်လစီ ပြောင်းဖို့ကို မျှော်လင့်ထားတယ်” လို့ ဆိုပါတယ်။
ရွှေလုပ်ငန်း
ကမ္ဘာ့ရွှေဈေး အတက်အကျပေါ် မူတည်ပြီး မြန်မာ့ရွှေဈေးနှုန်းနဲ့ ဈေးကွက်အတက်အကျ ဖြစ်ပေါ်နေတဲ့ မြန်မာ့ ရွှေလုပ်ငန်းကဏ္ဍက လာမယ့် ၂၀၁၆ ခုနှစ်မှာ ကျဆင်းမယ့် အရိပ်အခြေအနေ ရှိနေပါတယ်။ အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC အသက်ဝင်လာတော့မှာမို့ ရွှေလုပ်ငန်းရှင်တွေဘက် ကလည်း ပြင်ဆင်မှုတွေနဲ့ စိန်ခေါ်မှုတွေ လိုအပ်မယ့် အနေအထား ရှိနေပါတယ်။ မြန်မာ့ ရွှေဈေးကွက်မှာ စီးပွားရေးသမားတွေ ဝယ်ယူစုဆောင်းတဲ့ အခေါက်ရွှေ ဈေးကွက်နဲ့ သာမန်ပြည်သူတွေ ဝယ်ကြတဲ့ လက်ဝတ်ရတနာ အရောင်းအဝယ်ဈေးကွက် ၂ မျိုး ရှိတဲ့ နေရမှာ လက်ဝတ်ရတနာ ဈေးကွက်မှာ အာဆီယံ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ လိုနေပါတယ်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဝင်းက “ပြည်တွင်း အနေနဲ့ ကြည့်မယ်ဆိုရင် စိန်ခေါ်မှုတခုက AEC ရှိတယ်။ အာဆီယံဒေသအတွင်း စီးပွားရေးလွတ်လပ်စွာ လုပ်ကိုင်လာရင် ကိုယ့်နိုင်ငံထဲကို အခြားနိုင်ငံထဲက commodity တွေက ဝင်လာတော့မယ်။ ရွှေနဲ့ ပတ်သက်တဲ့ လက်ဝတ်ရတနာတွေ ဝင်လာဦးမယ်။ အမျိုးစုံ ဝင်လာစရာ အကြောင်းရှိတယ်။ အဲဒီချိန်မှာ ကိုယ့်နိုင်ငံက အဆင်သင့် မဖြစ်ဘူးဆိုရင် သယံဇာတ နစ်နာမယ်။ နောက် သူတို့ရဲ့ တန်ဖိုးမြင့် ရွှေလက်ဝတ်ရတနာတွေ ဝင်လာရင် အထူးသဖြင့် ပန်းထိမ်လုပ်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ကိုင်သူတွေ အတွက် ထိခိုက်စရာအကြောင်း ရှိတယ်။ ကိုယ့်နိုင်ငံမှာက လက်ဝတ်ရတနာတွေကို လက်နဲ့ပဲ လုပ်ကျတာများတယ်။ သူတို့က စက်အားကိုးနဲ့ ဒီဇိုင်းတို့ သရီးဒီစနစ်တွေနဲ့ လုပ်တယ်။ သူတို့က အမြောက် အမြား ထုတ်လုပ်လို့ ရတယ်။ ကိုယ့်နိုင်ငံမှာက မလုပ်နိုင်ဘူး။ ယှဉ်ပြိုင်ပြီး မလုပ်နိုင်တဲ့အခါမှာ ကိုယ့်ဈေးကွက်ကို သူတို့ ရသွားနိုင်စရာ ရှိတယ်။ လက်လုပ် လက်စားတွေမှာ အခက်အခဲ ဖြစ်ကောင်း ဖြစ်လာမယ်။ ၂၀၁၆ မှာ စနစ်တွေ လုပ်ကိုင်ပုံတွေက စပြီး ပြောင်းရမယ့် အနေအထားတွေ ရှိတယ်။ အချိန်မီ ပြောင်းနိုင်ရင်တော့ မဆိုးနိုင်ပါဘူး။ အချိန်မီ မပြောင်း နိုင်ရင်တော့ တချို့လုပ်ငန်းတွေက ပျောက်ကွယ်သွား နိုင်ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေ ရှိတဲ့ အတွက် ကိုယ့်နိုင်ငံအတွက် အခက်အခဲတွေ ရှိနိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။
အိမ်ခြံမြေ
၂၀၁၆ ခုနှစ်မှာ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်လာရင် အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်က ပြန်လည်အသက် ဝင်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် ငွေမည်းများစွာ စီးဝင်မှုကြောင့် မြင့်တက်နေတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ အနိမ့်ပိုင်းဆီ ကျဆင်းမယ့် အလားအလာတော့ မရှိပါဘူး။ အရင်ခေတ်လို ဈေးနှုန်းမြင့်နေတဲ့ ကြားက ရောင်းကြ၊ ဝယ်ကြနဲ့ အလုပ် အရမ်းဖြစ်မယ့် ပုံစံမျိုးလည်း မရှိပါဘူး။ ၂၀၁၆ မှာ အိမ်ခြံမြေ ဈေးကွက်က လုံးဝအေးစက်ရာကနေ ပြန်လည် အသက်ဝင်လာမယ့် ပုံစံမျိုး ဖြစ်ပေါ်လာမှာ ပါ။ လွှတ်တော်ဘက်က ကွန်ဒိုဥပဒေထုတ်ပြန်ပေးရင်တော့ မြေအရောင်း အဝယ်တွေ ပြန်လည် လိုက်လာနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား ဝယ်ယူခွင့် ဆိုတာကိုတော့ ကွန်ဒိုဥပဒေမှာ ခွင့်ပြုပေးမှသာ အိမ်ခြံမြေ အရောင်း အဝယ်တွေ ပြန်လည် လည်ပတ်လာနိုင်မှာပါ။ ။
(ဧရာဝတီသတင်းထောက်များ စုစည်းရေးသားသည်။)