မြန်မာနိုင်ငံတွင် တိုင်းပြည်၏ သမိုင်း၌ တခြားသော ယခင်အစိုးရများထက် ပိုမို၍ တရားဝင်သည့် အစိုးရတခု ရှိလာတော့မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လူကြိုက်များမှုကြောင့် ဖြစ်သလို ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု ရှိခဲ့သောကြောင့်လည်း ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုကို ဒီမိုကရေစီ အောင်မြင်မှုတခုအဖြစ် နှင့် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ် သွားခြင်းဟုလည်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူခဲ့ကြသည်။ စီးပွားရေး လုပ်ငန်းဟောင်းများအတွက် အရုဏ်သစ်တခု ဖြစ်လာမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြဿနာအများစုမှာ ဖြေရှင်းရန် အချိန်ယူရ ဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် ပြဿနာများကို ချက်ချင်း ဖြေရှင်းဖို့ စဉ်းစားမည်ဆိုလျှင်ပင် တိုးတက်မှု လျင်လျင်မြန်မြန် ရလာအောင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ NLD ပါတီ အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိသည့် မြန်မာပြည်သူများကလည်း မျိုးဆက်နှင့် ချီ၍ ထိခိုက်နစ်နာစေရသည့် ပြဿနာများ ကို NLD က အလျင်အမြန် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
မြန်မာအစိုးရသစ် အနေဖြင့် လာမည့် ၅ နှစ်ကာလအတွင်းတွင် တိုင်းပြည်၏ အဓိက ကိစ္စများကို ကိုင်တွယ် ဖြေရှင်းနိုင်သည့် စွမ်းရည်ရှိကြောင်း မည်သို့ ပြသမည်နည်း။ မြန်မာနိုင်ငံက သိမ်မွေ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု အဆင့်တွင် ရှိနေချိန်၌ ကြောင်းကျိုး ဆီလျော်သည့် မေးခွန်းမှာ အစိုးရသစ်၏ လက်အောက်တွင် နိုင်ငံ၏ အဓိက အရေးကိစ္စများတွင် မည်သည့် ရလဒ်များကို မျှော်လင့်ထားသနည်း ဆိုသည့်မေးခွန်းနှင့် နောက်လာမည့် ၅ နှစ်တွင် NLD ၏ ရပ်တည်ချက်ကို မည်သို့ သက်ရောက်မှု ရှိမည်နည်း ဆိုသည့် မေးခွန်းများဖြစ်သည်။
ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် မပြီးစီးသေးသည့် လုပ်ငန်းများနှင့် ပတ်သက်နေသော အဓိက အကြောင်းတခုမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်သည်။ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အလွန် စိတ်ဝင်စားသည့် အကြောင်းများလည်း ဖြစ်ပါသည်။ ဦးသိန်းစိန်၏ အစိုးရနှင့် NLD အစိုးရတို့ကြားတွင် ဟန်ပန် သိသိသာသာ ကွဲပြားသော်လည်း ကြီးမားသော သဘောတူညီချက် တခုရနိုင်ဖွယ်မရှိဘဲ အငြင်းပွားဖွယ်ရာများကို ကိုင်တွယ် ဖြေရှင်းရခြင်းများ ရှိကောင်းရှိလာနိုင်ပါသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ NLD နှင့် စစ်တပ်ကြားတွင် ပြန်လည် သင့်မြတ်ရေးအတွက် အကောင်း မြင်စရာက အနည်းငယ်သာ ရှိနေသည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကြားတွင် သင့်မြတ်မှု ရရှိနိုင်သည့် အစီအစဉ်တခု ရှိ၊ မရှိကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူအလုပ်လုပ်ရန် ဆန္ဒရှိသည့် အသွင်ရှိပါသည်။
သို့သော်လည်း စစ်ဘက်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကြားတွင် ရှိသည့် ဆက်ဆံရေးများက တခါတရံတွင် ဟန်ချက် မညီမျှမှုဆီသို့ ဦးတည်သွားနိုင်သည့် အကြောင်းကိစ္စ အများအပြားတွင် သတိထား၍ ကိုင်တွယ်ရဖွယ် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အခင်းအကျင်းမှ ထွက်ခွာသည့် အချိန်ရောက်လျှင် အဆိုပါ ဆက်ဆံရေးက မည်သို့ ဖြစ်လာမည် ဆိုသည်ကလည်း မရှင်းလင်းသေးပါ။ သို့သော်လည်း တိုင်းပြည်တွင် လုပ်ဆောင်နိုင်ရန် လိုအပ်နေသည်ဟု သိထားသည့် စည်းလုံးညီညွတ်ရေးအတွက် စစ်ဘက်နှင့် နိုင်ငံရေး အဖွဲ့အစည်းများကြားမှ တည်ငြိမ်မှုနှင့် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုတို့ကို ချန်ရစ်ခဲ့နိုင်ရန် အများက မျှော်လင့်ကြမည်မှာ သံသယ ရှိရန် မလိုပါ။ နိုင်ငံရေး နှင့် မူဝါဒများတွင် ပွင့်လင်းမြင်သာမှုကို တိုးမြင့်လာအောင် ပြုလုပ်ခြင်းက မြန်မာနိုင်ငံကို အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိအောင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင်များ (အထူးသဖြင့် နိုင်ငံတကာက ရိုဟင်ဂျာ ဟု သုံးစွဲပြီး မြန်မာနိုင်ငံတွင် ဘင်္ဂါလီဟု ခေါ်သူများ) ကြားမှ ပြန်လည်သင့် မြတ်ရေးအတွက်ကမူ အကောင်းမြင်စရာ အနည်းငယ်သာ ရှိနေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာ၏ မျှော်လင့်ချက်များက လက်တွေ့မကျသလိုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွန်ခဲ့သော နှစ်ပေါင်းများစွာက ရောက်လာခဲ့သည့် မွတ်ဆလင်များနှင့် ပဋိပက္ခက ရှိနေခဲ့သည်။ မြန်မာနိုင်ငံတွင် ၎င်းတို့ကို မြန်မာနိုင်ငံသားများ အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါ။
ယခင် အစိုးရများကလည်း တနိုင်ငံလုံး တစိတ်တဝမ်းတည်း မဖြစ်စေခဲ့သည့် ပြဿနာတခုအတွက် အဖြေရှာရန် အချိန်ဆွဲခဲ့ကြသည်။ စစ်အစိုးရ လက်ထက်တွင် အသိုင်းအဝိုင်း ၂ ခုကို သီးခြားခွဲထားသည့် နည်းလမ်းကို အခြေခံ၍ ယာယီဖြေရှင်းခဲ့သည်။ NLD အစိုးရသစ်က အတူယှဉ်တွဲနေထိုင်ရေး အားထုတ်မှု တခုအနေဖြင့် ယခင်က စီစဉ်ထားသည်များကို အလွယ်တကူ ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိက မသေချာသေးသလို လက်ရှိတွင် ဖြစ်သလို ဖြေရှင်းထားသည့် အခြေအနေကလည်း ရေ ရှည်တွင် အဆင်ပြေမည် မဟုတ်ပါ။
ကြာရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် လုံလောက်သည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိရေးကလည်း အကောင်းမြင်ပေးရန် ခက်ခဲနေသည်။ ခေတ်သစ်မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှု များလွန်းသည့် အစဉ်အလာရှိနေခြင်း နှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးရရှိရန် ခက်ခဲနေခြင်းများတို့ ကြောင့်ဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တွန်းအားပေး ဆောင်ရွက်ခဲ့သော်လည်း များစွာ အောင်မြင်မှု မရရှိခဲ့ပါ။ နိုင်ငံရေး ပြန်လည် သင့်မြတ်ရေးကလည်း ဖက်ဒရယ်စနစ် သို့မဟုတ် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ခြင်းနှင့် နယ်မြေဒေသများ၏ စိတ်ဆန္ဒကို အသိအမှတ်ပြုခြင်းများ နှင့် တိုက်ရိုက်ဆက်သွယ်နေသည်။
၂၀၁၂ ခုနှစ်က မမျှော်လင့်ဘဲ ပေါ်ပေါက်ခဲ့ရသည့် ဒေသတွင်း ပဋိပက္ခကြောင့် ထွက်ပေါ်လာသည့် မေးခွန်းများနှင့် ပတ်သက်၍ ဦးသိန်းစိန်၏ အစိုးရကရော စစ်တပ်ကပါ ပြတ်သားသည့် ဆုံးဖြတ်ချက်များ ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ကပင်လျှင် အာဏာ နှင့် အုပ်ချုပ်မှုကို ဗဟိုကချုပ်ကိုင်မှု လျှော့ချရေး နှင့် ပတ်သက်၍ သိသာထင်ရှားသော သို့မဟုတ် စွန့်စားရသော ဆုံးဖြတ်ချက်ပေးရန် စိုးရိမ်နေသည့် အသွင်ရှိပြီး ဖက်ဒရယ် စနစ် အစိုးရတခု ဖြစ်ရေးကိုသာ ဦးတည်ခဲ့သည်။ NLD အစိုးရက ပြည်နယ်နှင့် ဒေသများတွင် တိုင်းရင်းသား လူမျိုးများ၏ အကျိုးစီးပွားကို ဗမာများနှင့် နည်းတူ အမှန်တကယ် ခွင့်ပြုပေးလိမ့်မည်ဆိုသည့် အချက်ကို ဒေသခံ အသိုင်းအဝိုင်းများက သံသယ ဝင်နေကြသည့် အသွင်ရှိပါသည်။
နိုင်ငံခြားရေး မူဝါဒတွင်လည်း ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးတွင် စစ်အစိုးရများ လက်ထက်က နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများကြောင့် ၂ နိုင်ငံချင်း ဆက်ဆံရေးကသာ လွှမ်းမိုးထားခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် အရေးယူပိတ်ဆို့ အများစုကို ရုပ်သိမ်း ပေးလိုက်ခြင်းမှာ မြန်မာနိုင်ငံမှ အဓိက အဖွဲ့အစည်းများကြားတွင် သဘောထားကွဲလွဲမှုများ ပျောက်ကွယ် သွားခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။
ယခုအခါတွင် အာဆီယံအဖွဲ့တွင် တက်ကြွစွာပါဝင်နေခြင်း၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ စသည့် နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်လာအောင် တပြိုင်တည်း လုပ်ဆောင်နေခြင်းများနှင့် မြန်မာနိုင်ငံ၏ ဘက်မလိုက်ရေး နိုင်ငံခြားရေး ဝါဒကို သက်ဆိုင်သူအားလုံးက ထောက်ခံခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်များအတွင်းတွင် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယ စသည့် အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေး ချောမွေ့မှုများ ဖြစ်ပေါ်လာရေးကို အဓိက ပါတီကြီး ၂ ခုလုံးက ဦးစားပေးခဲ့ကြသည့် အသွင်ရှိပါသည်။
NLD က အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ နှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာလိမ့်မည်ဟု ထင်မြင်ချက်များ ရှိသော်လည်း နိုင်ငံခြားရေးဝါဒတွင် NLD အစိုးရသစ် အနေဖြင့် သိသာထင်ရှားသော အားသာချက် သို့မဟုတ် အားနည်းချက်များ ရှိလိမ့်မည် မဟုတ်ပါ။ တရုတ်နိုင်ငံက NLD အစိုးရ တခုကို သံသယ ထားကောင်း ထားနိုင်သော်လည်း အဆိုပါ သံသယ များသည် အမှန်တကယ်အားဖြင့် လက်တွေ့ တည်ရှိနေသည့် ပြဿနာများအပေါ် အခြေခံခြင်း မဟုတ်ပါ။
မြန်မာ့အရေး ကျွမ်းကျင်သူ တချို့က မှတ်ချက်ပြုခဲ့သလို ရွေးကောက်ပွဲလွန်ကာလ ပြုပြင်ပြောင်းလဲရေးများ ပိုမိုပြု လုပ်ရေး အစီအစဉ်ကို ဖော်ဆောင်မည့် မြန်မာနိုင်ငံမှ လူသားအရင်းအမြစ်များနှင့် ပြည်တွင်း အဖွဲ့အစည်း (Institutions) များ၏ စွမ်းဆောင်ရည်က မကြာတော့မည့် ကာလအတွက် အဓိက ကိစ္စတခုအဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိနေပါလိမ့်မည်။ NLD အစိုးရသစ်က အခြေခံမှစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရနိုင်သည့် မြန်မာနိုင်ငံမှ အရေးပါသည့် အဖွဲ့အစည်း အများစုမှာလည်း လိုအပ်သည့် စွမ်းဆောင်ရည် တည်ဆောက်မှုနှင့် ခေတ်နှင့် အညီပြုပြင်မွမ်းမံမှုများ လျော့နည်း ကျဆင်းခြင်းတွင် နှစ်ပေါင်းများစွာရှိနေခဲ့ရာမှ ပြန်လည်ကြံခိုင်အောင် ကြိုးစား တည်ဆောက်နေရဆဲ ဖြစ်သည်။
အကယ်၍ မြန်မာနိုင်ငံမှ အဖွဲ့အစည်း (institutions) များက လုံလောက်သည့် အသိပညာ ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင် သူတို့တွင် လိုအပ်နေသည့် နှစ်ပေါင်းများစွာကြာမြင့်မည့် အစီအစဉ်မျိုးကို တာဝန်ယူ ဆောင်ရွက်ရန် နည်းပညာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ အားနည်းချက် ရှိနေနိုင်ပါသည်။ မျှော်လင့်ချက်များအတွက် စိတ်ပျက်ရခြင်းများကို လာမည့်နှစ် အနည်းငယ်အတွင်းတွင် မကြာခန ကြုံတွေ့ရန် သေချာသလောက်နီးပါး ဖြစ်နေပါသည်။
ကောင်းမွန်သော ရည်ရွယ်ချက်များ နှင့် ယနေ့ခေတ် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုမှု ခိုင်မာသည့် အစိုးရဖြစ်နေလျှင်ပင် NLD အစိုးရသစ် အနေဖြင့် ၎င်းတို့ ဖြည့်ဆည်းပေးရန် ဆန္ဒရှိသော်လည်း အမှန်တကယ်တွင် စွမ်းဆောင်ပေးနိုင်စွမ်း မရှိသည့် တောင်းဆိုချက်များ လိုအပ်ချက်များကို အမြောက်အများ ရင်ဆိုင်ရဖွယ်ရှိနေပါသည်။
မြန်မာနိုင်ငံတွင် ရေရှည်အတွက် စွမ်းဆောင်ရေ မြှင့်တင်ရေးအတွက် အထောက်အကူများပေးရန် နိုင်ငံတကာ အဖွဲ့အစည်း အများအပြားက ကတိပြုထားပြီး ဖြစ်သည့်တိုင် ပြင်ပမှ ကူညီထောက်ပံ့မှုများက နိုင်ငံ၏ ကိုယ်ပိုင် ပြဿနာများ အတွက် အမှန်တကယ် သေချာသည့် အဖြေတခု ဖြစ်မလာနိုင်ပါ။
(New Mandala တွင် ဖော်ပြထားသော Trevor Wilson ၏ Hope and reality in a new Myanmarကို ဘာသာပြန်ဆိုသည်။ Trevor Wilson သည် သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) ၏ Coral Bell အာရှနှင့် ပစိဖိတ်ရေးရာ ကျောင်း၊ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှုဌာနမှ ဧည့် ပညာရှင်တဦး ဖြစ်သည်။)