ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ လူထုချစ်ခင် လေးစားထောက်ခံမှုကို အရဆုံး လူထုခေါင်းဆောင် နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူဟာ တိုင်းပြည်ရဲ့ Moral Leader စံပြခေါင်းဆောင်အဖြစ် ထာဝရ ရှိသွားမယ့် သူတဦးဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုပါ။
ဒါပေမယ့် အခုနိုင်ငံရေး အရွေ့မှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ တရားဝင် တာဝန်ယူမှုက ဘယ်လိုရှိမလဲဆိုတာ ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့် မေးခွန်းထုတ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ကာလမှာတော့ သူဟာ သမ္မတရဲ့ အထက်မှာ ရှိမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ သူဟာ သမ္မတဖြစ်လာမယ့် ဦးထင်ကျော်ရဲ့ အထက်မှာ စံလို့မရပါ။
ဒီလို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လို့ ဝေဖန်ရေးဒဏ်ကို ခံလိုက်ရသူကတော့ ဦးထင်ကျော်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းစာ တချို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သေးသမ္မတလို့ ဝိုင်းပြီး ထောက်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည် အကြောင်းတွေကို နှစ်ပေါင်းများစွာ လေ့လာရေးသားပြီး အာဏာရှင် ဦးနေဝင်း အကြောင်းကို မကြာခင်က စာအုပ်ထုတ် ရေးသားခဲ့တဲ့ ပါမောက္ခ ရောဘတ်တေလာကတော့ Nikkei Asian Review မှာ မကြာခင်က မြန်မာပြည်အကြောင်း ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။
ဆောင်းပါးရဲ့ အချုပ်ကတော့ မြန်မာပြည်ကို ဗြိတိသျှက အုပ်ချုပ်ခဲ့စဉ်တုန်းက ဒိုင်အာခီစနစ် အုပ်ချုပ်ရေးကို ပြန်ဖော်ပြထားတာ တွေ့ရပါတယ်။ ဗြိတိသျှဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မြန်မာဝန်ကြီး ၂ ပါးက ပြည်တွင်းရေး ကိစ္စ၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ဒေသတွင်း အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲ အုပ်ချုပ်ရတဲ့အကြောင်းကို စာရေးသူက ဖော်ပြထားပြီး နောက်ပိုင်းမှာတော့ ဗြိတိသျှအာဏာပိုင်တွေက ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး နဲ့ မြောက်ပိုင်းက တိုင်းရင်းသား (အထူးသဖြင့် ရှမ်းပြည်) ကို တိုက်ရိုက်ကိုင်တွယ် အုပ်ချုပ်ပြီး ကျန်တာကိုတော့ မြန်မာဝန်ကြီးတွေလက်ထဲ အုပ်ချုပ်ရေးအာဏာကို အပ်နှင်းတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
ဂျပန်က မြန်မာပြည်ကို မသိမ်းခဲ့ရင် ဒီစနစ်ဟာ ဆက်ပြီး သက်ဆိုးရှည်မလား။ ဗြိတိသျှက လွတ်လပ်ရေး ပေးလိုက်ပြီး မြန်မာပြည်မှာ ပါလီမန် ဒီမိုကရေစီ ဘယ်လို ပုံစံပြောင်းသွားမလဲ ဆိုတာကို စာရေးသူက မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်းမှာတော့ ဒီနေ့ခေတ်နဲ့ ဒိုင်အာခီစနစ် ဘာမှမဆိုင်တော့ပါ။ ဒါပေမယ့် ဒေါ်အောင်စုကြည်ရဲ့ ကဏ္ဍကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒါကြောင့် ယခုအချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို တရားဝင် အုပ်ချုပ်မယ်ဆိုရင် သမ္မတအသစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီး သို့မဟုတ် ဝန်ကြီးချုပ်နေရာပေးပြီး အခုဖွဲ့စည်းမယ့် ကက်ဘိနက်ကို ဦးဆောင် စေတာမျိုးကို လုပ်လို့ရမလားလို့ ဆောင်းပါးမှာ ဉာဏ်ကစား အဖြေရှာထားပါတယ်။
ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးအဖွဲ့ သို့မဟုတ် အစိုးရရဲ့ ခေါင်းဆောင်ပဲဖြစ်မယ်၊ နိုင်ငံတော်ရဲ့ ခေါင်းဆောင် (Head of State) မဟုတ်ဘူး ဆိုတာမျိုးကို ဆိုလိုတာပါ။ ဒီလိုလုပ်ရင်ရော တပ်မတော်သား အင်အားစုက လက်ခံမှာလား။
ဒီလို မဖြစ်ခဲ့ဘူးဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယက ကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာ ဂန္ဒီ (Sonia Gandhi) လို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌကြီးအဖြစ် ဆက်နေပြီး လွတ်တော်မှာလည်း အကြီးအကဲအဖြစ် ဆက်ပြီးရှိနေမယ် ဆိုတာမျိုးရော ဖြစ်နိုင်မလားလို့ ရေးသားထားပါတယ်။ ပါတီဥက္ကဋ္ဌကြီး ဆိုပါတော့။ အဖြေမရှိသေးတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဋ္ဌကြီး အဖြစ် ဆက်ပြီး ရှိနေတဲ့အတွက် ပါတီရဲ့လုပ်ငန်းတွေ မျိုးဆက်သစ် မွေးထုတ်ဖို့ကိစ္စတွေ လုပ်နိုင်တဲ့အပြင် နိုင်ငံရေးထဲ ဆက်ပါနေဦးမယ်။ အခုတက်လာမယ့် အစိုးရနဲ့ရော တပ်မတော်နဲ့ပါ ဆက်ဆံရေးကို တည်ဆောက်ထားလို့ရတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်မယ်လို့ သတင်းထုတ်ပြန်လိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ဆက်ဆုံးဖြတ်မလဲဆိုတာ အားလုံးစိတ်ဝင်တစား မေးခွန်းထုတ် စောင့်ကြည့်နေကြပါတယ်။