အသက် ၆၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးဝင်းကြူရဲ့ ဘဝတလျှောက်လုံးမှာ အဆိုးဝါးဆုံး အဖြစ်အပျက်က သူ့ရဲ့ သမီးကြီးကို ဆုံးရှုံးလိုက်ရတာနဲ့ သူ့သမီးကြီး ကွယ်လွန်သွားလို့ ၂၇ နှစ်ကျော် ကြာသည့်တိုင် ကတိတခုကြောင့် အမျှမဝေနိုင်သေးတာပဲ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ အစဉ်အလာအရ ကွယ်လွန်သွားတဲ့အခါ ဆွမ်းသွတ် အမျှဝေလေ့ရှိကြပေမယ့် ဦးဝင်းကြူရဲ့ သမီးကြီး မဝင်းမော်ဦးအတွက်မှာတော့ အမျှဝေဖို့ အခြေအနေမပေး ဖြစ်ခဲ့ရပါတယ်။
ဦးဝင်းကြူက “သမီးက သူတောင်းနေတဲ့ ဒီမိုကရေစီ မရမချင်း သူ့ကို နာမည်တပ်ပြီး အမျှမဝေပါနဲ့ဆိုတဲ့ ကတိကြောင့် အခုဆို ၂၇ နှစ်ကျော် ၂၈ နှစ်ထဲ ရောက်ပြီ။ ကျနော်တို့ မကွယ်လွန်ခင်တော့ သမီးကို အမျှဝေချင်တယ်” လို့ ပြောပါတယ်။
ဦးဝင်းကြူရဲ့ သမီး မဝင်းမော်ဦးဟာ ၁၉၈၈ အရေးအခင်းကာလ ဆန္ဒပြပွဲတခုမှာ စက်တင်ဘာလ ၁၈ ရက်နေ့၊ သူ့အသက် အသက် ၁၆ နှစ်၊ ၈တန်း ကျောင်းသူအရွယ်မှာ စစ်တပ်က ပစ်လိုက်တဲ့ သေနတ် ကျည်ဆန် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ရတာပါ။
၁၉၈၈ ခုနှစ် အရေးအခင်းမှာ BBC သတင်းထောက် မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံထဲမှာ သေနတ် ဒဏ်ရာတွေကြောင့် သွေးတွေ တကိုယ်လုံး စိုရွှဲနေတဲ့ အဖြူအစိမ်းဝတ် ကျောင်းသူလေးကို ဆရာဝန် လူငယ် နှစ်ဦးက အပြေးအလွှား သယ်ယူကယ်ဆယ်နေတဲ့ ဓာတ်ပုံဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲက သွေးအလိမ်းလိမ်းနဲ့ အဖြူအစိမ်းဝတ် ကျောင်းသူလေးဟာ ဦးဝင်းကြူရဲ့ သမီး မဝင်းမော်ဦးပါ။
မဝင်းမော်ဦးက ကြည့်မြင်တိုင်မြို့နယ်၊ အ.လ.က (၄) မှာ ကျောင်းတက်နေဆဲ ၈ တန်း ကျောင်းသူတဦးပါ။
“အဲဒီနေ့က၊ သမီးဆုံးမယ့်နေ့က မသွားပါနဲ့၊ နင်တို့သွားရင် ပစ်လိမ့်မယ်လို့ ကျနော်တို့ တားခဲ့တယ်။ သူက ခဏလေးပါ၊ ဆူးလေဘုရားကို ပတ်ပြီးပြန်လာမယ်လို့ ပြောပြီးထွက်သွားတာ” လို့ ဦးဝင်းကြူက အဝေးကို ငေးမောရင်း ပြောပြပါတယ်။
မဝင်းမော်ဦးရဲ့ မိခင် ဒေါ်ဌေးဝင်းကတော့ အာဏာပိုင်တွေက ကျောင်းသူ ကျောင်းသားငယ်တွေကို တကယ် ပစ်လိမ့်မယ်လို့ မထင်ခဲ့ဘဲ အာဏာပိုင်တွေကို ယုံကြည်ခဲ့လို့ သမီးကို သွားခွင့်ပြုခဲ့မိတယ်၊ ပြင်းပြင်းထန်ထန် မတားမြစ်ခဲ့မိဘူးလို့ ဆိုပါတယ်။
မဝင်းမော်ဦးက နေအိမ်ကနေ နံနက် ၆ နာရီခွဲမှာ ထွက်သွားပြီး သူတို့ကျောင်း ကြည့်မြင်တိုင် အ.လ.က (၄) က ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသူ ကျောင်းသားတွေ အရှေ့ကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ကိုင်ပြီး ဆူးလေ ဘုရားကို လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။
နံနက် ၉ နာရီခွဲ ဝန်းကျင်၊ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ မဝင်းမော်ဦးတို့ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို စစ်တပ်က စတင် ပစ်ခတ်ခဲ့ပါတယ်။
ပထမအကြိမ် ဒူးအောက်ပိုင်း နေရာတွေကို ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသူ ကျောင်းသားတွေ အားလုံး ပစ်လဲတဲ့ သူကလဲ၊ ဒူးထောက်ကျသူက ကျပါတယ်။
မဝင်းမော်ဦးက ဘယ်ဘက်ပေါင်နဲ့ ညာဘက် ခြေသလုံးမှာ ကျည်ဆန် နှစ်ချက် ထိမှန်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ပိုက်ကာ ဒူးထောက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့သူငယ်ချင်းတွေက “ဝင်းမော်ဦး ဝပ်၊ ဝပ်” လို့ သတိပေးပေမယ့် မဝပ်ခဲ့တာကြောင့် လက်မောင်းကနေ ရင်ဘတ်ထိ ကျည်ဆန် တချက် ထပ်ဝင်သွားပြီး မဝင်းမော်ဦး ပစ်လဲ သွားပါတယ်။
ဆန္ဒပြ စစ်ကြောင်း ချီတက်လာစဉ် မဝင်းမော်ဦးရဲ့ ဘေးနှစ်ဘက်က အလံကိုင် ကျောင်းသား နှစ်ဦးဖြစ်တဲ့ မောင်တင်ထွန်း နဲ့ မောင်သန်းဌေး နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ သူတို့ နှစ်ဦးမှာ တဦးက နဖူး တည့်တည့်ကို ကျည်ဆန် မှန်ပြီး တဦးကတော့ ရင်ဘတ်ကို ဖောက်ထွက် သွားတာကြောင့် မဝင်းမော်ဦးလို ဆေးရုံကိုတောင် မရောက်ခဲ့ကြတော့ပါဘူး။
မဝင်းမော်ဦးကတော့ ကံအားလျော်စွာ သေနတ်ပစ်ခံခဲ့ရတဲ့ ဆန္ဒပြ ကျောင်းသူကျောင်းသားတွေကို လာကယ်တဲ့ ဆရာဝန် နှစ်ယောက်နဲ့ တွေ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။
သူငယ်ချင်းတွေက တဆင့် ဆေးရုံကနေ မိသားစုတွေကို လှမ်းအသိပေးခဲ့တာကြောင့် ဦးဝင်းကြူက သူ့သမီးရဲ့ အသက်ကို မီလိုက်ပြီး ဆေးရုံမှာ စကားပြောခွင့် ရခဲ့ပါတယ်။
မိခင် ဒေါ်ခင်ဌေးဝင်းကတော့ ဝင်းမော်ဦး ဆုံးပါးသွားချိန်မှာတောင်မှ သူ့သမီးရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို မကြည့်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
“သမီးရဲ့ သွေးတွေ မြင်ပြီးကတည်းက အခုထိ သွေးမြင်ရင် လန့်နေတယ်။ သွေးမြင်ရင် သွေးတိုးတော့တာပဲ” လို့ ဒေါ်ခင်ဌေးဝင်းက ဆိုပါတယ်။
မဝင်းမော်ဦးက မဆုံးပါးခင်မှာ မိဘတွေ တားလျက်နဲ့ ထွက်သွားတဲ့အတွက် သူ့ကို ခွင့်လွှတ်ဖို့၊ ဒီမိုကရေစီ မရမချင်း နာမည်တပ် အမျှမဝေပေးဖို့ ကတိတွေ ဖခင်ကို တောင်းဆိုခဲ့ပါတယ်။
ဦးဝင်းကြူက “သမီးက ကတိတောင်းတော့ ကျနော် တော်တော် တွေဝေသွားတယ်။ နောက်မှ သမီးဆန္ဒကြောင့် အဖေ ကတိပေးပါတယ်လို့ ပြောလိုက်တယ်။ ပြီးတာနဲ့ သိပ်မကြာဘူး၊ သမီးလေး ဆုံးသွားတာပဲ” လို့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းပြောပြပါတယ်။
ဘာသာရေး အစဉ်အလာအရ အမျှပေးဝေခွင့် ဆယ်စုနှစ်နဲ့ချီ မရခဲ့လို့ ခံစားခဲ့ရပေမယ့် ဖခင် ဦးဝင်းကြူက သမီးဖြစ်သူအတွက် ကတိကို ထိန်းထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူတွေ အားလုံးမျှော်လင့်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရပြီး ၂၀၁၆ ခုနှစ်ထဲ အစိုးရသစ် အောင်မြင်စွာ ဖွဲ့နိုင်ချိန်မှာ ဦးဝင်းကြူက သမီးဖြစ်သူအတွက် အမျှဝေဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ကျောင်းသား ကျောင်းသူတွေက သူတို့ လွတ်လာမှ အမျှဝေဖို့ တောင်းဆိုတာကြောင့် မဝင်းမော်ဦး အမျှဝေပွဲကို ဦးဝင်းကြူက ရွှေ့ဆိုင်းလိုက်ပါတယ်။
“ကျောင်းသားတွေ၊ နိုင်ကျဉ်းတွေ တောင်းဆိုလို့ သူတို့ လွတ်လာတဲ့ထိ ကျနော်တို့ စောင့်ပြီး အမျှဝေပွဲ ကျင်းပပါမယ်။ တချို့က ၂၀၀၈ ပြင်ပြီးအထိ စောင့်ခိုင်းတယ်။ အဲဒီလောက်တော့ မစောင့်နိုင်တော့ဘူး ထင်တယ်။ ကျနော်တို့လည်း အသက်တွေ ကြီးနေပြီ” လို့ ရှင်းပြပါတယ်။
ဦးဝင်းကြူက သူ့သမီး သက်ရှိထင်ရှားရှိစဉ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံလေး တပုံနဲ့ သေဆုံးစဉ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြပါတယ်။
ဦးဝင်းကြူဟာ သူ့သမီးကြီးအကြောင်း ပြောရမယ်ဆို အာဘောင်အာရင်း သန်သန်နဲ့ အမှားအယွင်း အမေ့အလျော့မရှိ နားထောင်ချင်သူတိုင်းကို ပြန်ပြောပြနေဆဲပါပဲ ။
သူ့သမီးအကြောင်းကို ပြောနေရင်လည်း မျက်ဝန်းအစုံမှာ နီရဲလာပြီး မျက်ရည်တွေ ပြည့်လာပေမယ့် မငိုမိအောင် ပြန်ပြန်ထိန်းနေတာ သတိပြုမိပါတယ်။
သူ့သမီးကြီး သက်ရှိထင်ရှား ရှိနေသေးရင် အသက် ၄၄ နှစ် ရှိပြီလို့လည်း ဦးဝင်းကြူက တွက်ချက် ပြပါတယ်။
“သမီးမရှိတော့တာ ကျနော့် လက်ရုံးတဆူ ပြုတ်သွားသလိုပဲ” လို့လည်း ထပ်ခါထပ်ခါ ပြောပါတယ်။
မဝင်းမော်ဦး အပါအဝင် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူပြည်သား ကျောင်းသူ ကျောင်းသားတွေကို သေနတ်နဲ့ အသေပစ်သတ်ခဲ့တဲ့ စစ်အစိုးရကို ၂၈ နှစ်လုံးလုံး မုန်းတီးနေခဲ့တယ်လို့ မိဘ နှစ်ဦးလုံးက ဆိုပါတယ်။
သူ့သမီးအကြောင်းကနေ စစ်အစိုးရ အကြောင်းကို ပြန်ပြောင်းပြောတော့ မျက်ရည်ကျလုမတတ် ဖြစ်နေတဲ့ ဦးဝင်းကြူရဲ့ မျက်ဝန်းတွေက ချက်ချင်း စူးစူးရဲရဲ ဖြစ်သွားပြီး လေသံကလည်း ချက်ခြင်း ခက်ထန်သွားပါတယ်။
“သမီးဆုံးပြီးတဲ့ နောက်ပိုင်း ဒီကောင်တွေကို ရရာလက်နက်နဲ့ ပြန်တိုက်ချင်တဲ့စိတ် သိပ်ပြင်းထန်ခဲ့တယ်။ အားမတန်လို့ မာန်လျှော့ခဲ့ရတယ်” လို့ ဦးဝင်းကြူက ပြောပါတယ်။
မဝင်းမော်ဦးအကြောင်းကို ပြောတိုင်း ဦးဝင်းကြူဟာ ဝမ်းနည်းနေပေမယ့် သူ့သမီးအပေါ်မှာ ဂုဏ်ယူတဲ့ စိတ်နဲ့ နှုတ်ခမ်းကတော့ တချက်တချက် ပြုံးပြပါတယ်။
“အခုချိန်သမီးရှိနေရင် …” လို့ပြောကာ ဦးဝင်းကြူက ခန စကားရပ်လိုက်ရင်း “ရှိနေလည်း နိုင်ငံရေးလုပ်လို့ ထောင်ဝင်စာ လိုက်တွေ့ နေရမှာပါလေ” လို့ ဆိုလိုက်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် နိုင်ငံကို တွန်းတင်ဖို့ ကြိုးစားရင်း သူ့သမီးလိုပဲ သေဆုံးသွားရတဲ့သူတွေ၊ လမ်းခုလတ်မှာ အသက်ပေးခဲ့ရသူတွေ အားလုံးကို သူအမြဲ သတိနေတယ်လို့ ဦးဝင်းကြူက ဆိုပါတယ်။
အာဏာရှင်ကြောင့် သေဆုံးသွားခဲ့ရသူတွေ အားလုံးအတွက် NLD အစိုးရအနေနဲ့ အမှတ်တရ ဖြစ်နိုင်မယ့် နေရာလေး တခုလည်း လုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံ တဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရသူတွေ၊ ကျောင်းသားတွေ၊ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ စုစုပေါင်း ၉၉ ဦး ရှိပါတယ်။ အမှုရင်ဆိုင်ဆဲကလည်း ၄၀၂ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာ) က ဦးဘိုကြည်က ပြောပါတယ်။
လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့က အစိုးရသစ်အပေါ် မျှော်လင့်ချက် ရှိပေမယ့် အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံရေးဆန္ဒတွေ အပေါ်မှာ မူတည်နေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ အကျဉ်းသားတွေ ကိစ္စမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထဲရေးက ကန့်ကွက် တာမျိုးတွေ ရှိလာရင်တော့ အကျဉ်းသားတွေ လွှတ်မယ့် ကိစ္စက နောက်ကျ သွားနိုင်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
“ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထဲရေးရဲ့ လက်ထဲမှာ အကျဉ်းထောင်တွေရဲ့ သော့တွေ ရှိနေသလို ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။
ဒီမိုကရေစီတိုက်ပွဲဝင်ပြီး အကျဉ်းကျထားသူတွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင် မရတော့တာတွေ၊ ဘ၀ ပျက်စီးခဲ့ရသူတွေ၊ နာတာရှည်ရောဂါ ရရှိသွားသူတွေအတွက် ပြန်လည် ပြုစုထူထောင်ရေး စင်တာတွေ ထူထောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အသက်ဆုံးရှုံးသွားတဲ့ သူတွေကိုလည်း ဘာတွေ ပြန်လုပ်ပေးမလဲ ဆိုတာတွေကို အစိုးရသစ်အနေနဲ့ စဉ်းစားပေးသင့်တယ်လို့ ဦးဘိုကြည်က မှတ်ချက်ပြုပါတယ်။
မဝင်းမော်ဦးရဲ့ ဖခင် ဦးဝင်းကြူကတော့ “ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ အာဏာနည်တွေ အတွက် အမှတ်တရ မြေနေရာလေးတခု သတ်မှတ်ပေးပါလို့ သမ္မတကြီး ဦးထင်ကျော်ကို တောင်းဆို ချင်ပါတယ်” လို့ ပြောပါတယ်။