ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။
ဒေါ်ထုမေ
ဒေါ်ထုမေသည် လွန်ခဲ့သော ၁၀ နှစ်က ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီတွင် ပါဝင်ခဲ့ကတည်းက နိုင်ငံရေး လှုပ်ရှားသူတယောက် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမ်းနှင့် ရမ်းဗြဲကျွန်း ၂ မြို့ပေါင်း မဲဆန္ဒနယ် ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။
လက်ရှိအခါတွင် ဒေါ်ထုမေက အဖွဲ့ဝင် ၁၆ ဦးပါဝင်သော ပြည်ထောင်စုလွှတ်တော် အာဆီယံ ပါလီမန်များဆိုင်ရာ ပူးပေါင်း ကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားသည်။
ယခုနှစ်တွင် ဒေါ်ထုမေက Htoot May Youth and Educational Foundation ကို တည်ထောင်ခဲ့ပြီးှ ရခိုင်အမျိုးသမီးငယ် ၆ ဦးအား ၉ လ အင်္ဂလိပ်စာ လေ့လာသင်ကြားရန် ပညာသင်ဆု ပေးအပ်ခဲ့ပါသည်။
ထိုဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ တနှစ်လျှင် လူငယ်အယောက် ၂၀ ခန့်အား ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် ပညာသင်ကြား ထောက်ပံ့ပေးရန် ဖြစ်ကြောင်း ဒေါ်ထုမေက ပြောသည်။ ထိုလူငယ်များအနေဖြင့် ဗဟုသုတများကို ၎င်းတို့၏ လူမှုပတ်ဝန်းကျင်တွင် တခြားလူများအား ပြန်လည်မျှဝေရန် မျှော်လင့်သည်။
ဒေါ်ထုမေသည် ၂၀၁၄ ခုနှစ် အမေရိကန် သမ္မတဟောင်း Bush Institute အဖွဲ့မှ စီစဉ်သော Liberty and Leadership Forum သို့ တက်ရောက်ခဲ့သည့် ၁၈ ဦးအနက် မြန်မာနိုင်ငံမှ တဦးဖြစ်သည်။
“အမျိုးသမီး ဦးဆောင်တဲ့ အာဏာရပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဖြစ်လာတဲ့အခါ အစိုးရသစ်က အမျိုးသမီးအခွင့် အရေးအတွက် ပိုမိုလုပ်ဆောင်လိမ့်မည်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်ထုမေက ပြောသည်။
(စမ်းယမင်းအောင် ရေးသည်)
မချယ်ရီဇာဟောင်း
ချင်းအမျိုးသမီး တက်ကြွလှုပ်ရှားသူ မချယ်ရီဇာဟောင်းသည် အသက် ၃၄ နှစ် အရွယ်သာ ရှိသေးသော်လည်း မြန်မာနိုင်ငံ၏ ဝေးလံသော ချင်းပြည်နယ် အနောက်မြောက်ပိုင်းတွင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးအတွက် ၁၀ နှစ်ကျော်ကြာ ထောက်ခံအားပေးခဲ့သည်။
မချယ်ရီဇာဟောင်းက ၁၉၉၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ချင်းအမျိုးသမီး အဖွဲ့အစည်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် ချင်းအမျိုးသမီးအဖွဲ့ချုပ် (WLC) ကို တည်ထောင် ခဲ့ကာ ၂၀၀၉ ခုနှစ် အထိ လုပ်ဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မချယ်ရီဇာဟောင်းက ချင်းတိုးတက်ရေးပါတီ (CPP) ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ထိုမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမျိုးသား ကိုယ်စားလှယ်အား ရှုံးနိမ့်ခဲ့သည်။
သို့သော်လည်း သူ၏ နိုင်ငံရေးနှင့် လူမှုရေး ဆောင်ရွက်မှုများကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် မချယ်ရီဇာဟောင်းက မြန်မာနိုင်ငံတလွှားမှ အခက်အခဲ ကြုံတွေ့နေရသည့် လူငယ်များ အကြောင်းကို သုတေသန ပြုလုပ်ရာ၌ ပါဝင် ဆောင်ရွက်နေပါသည်။ ထို့အပြင် LGBT အရေး လှုပ်ရှားသော Colors Rainbow အဖွဲ့နှင့်လည်း အလုပ်လုပ်ပါသည်။
ယခုနှစ်တွင် မချယ်ရီဇာဟောင်းသည် ချင်းပြည်နယ် ရွှေ့ပြောင်း ချင်းလူငယ်များကိစ္စကို ဖြေရှင်းရေးအတွက် သက်မွေးဝမ်းကျောင်း သင်တန်း အစီအစဉ်များ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိသည်။
“ကျမတို့နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်းပြောတဲ့အခါမှာ ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေကို အခန်းကဏ္ဍကို အမြဲတမ်း မေ့နေကြတယ်။ သူတို့က မြန်မာနိုင်ငံလူဦးရေရဲ့ ၁၈ သန်း ကျော်ရှိနေတဲ့အတွက် သူတို့ရဲ့ဝင်ငွေ၊ သူတို့ရဲ့ မိသားစုတွေမှာ ပါဝင်လုပ်ဆောင်နိုင်မှုက အရေးကြီးပါတယ်” ဟု မချယ်ရီ ဇာဟောင်းက ပြောသည်။
(စမ်းယမင်းအောင် ရေးသည်)
ဒေါ်ရှင်ဒေဝီ
ဒေါ်ရှင်ဒေဝီသည် မြန်မာနိုင်ငံ၏ အမျိုးသားများ လွှမ်းမိုးသော ရုပ်ရှင်လောကတွင် အမျိုးသမီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ အနည်းငယ်အနက် တယောက်ဖြစ်သည်။ ဒေါ်ရှင်ဒေဝီက မှတ်တမ်းရုပ်ရှင်တို ၁၅ ကားကျော် ရိုက်ကူးခဲ့ပြီး တချို့ကားများကို နိုင်ငံတကာ ရုပ်ရှင်ပွဲများ၌ ပြသခဲ့သည်။
အသက် ၄၂ နှစ်အရွယ် ဒေါ်ရှင်ဒေဝီသည် ဘာလင်အခြေစိုက် အကျိုးအမြတ် မမျှော်ကိုးသော အဖွဲ့စည်းတခုဖြစ်သည့် Yangon Film School ၌ အလုပ်ရုံဆွေးနွေးပွဲ တခုအပြီးနောက် ၂၀၀၇ ခုနှစ်တွင် သူ၏ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသည့် အလုပ်ကို စတင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ဒေါ်ရှင်ဒေဝီ ရိုက်ကူးခဲ့သည့် ဆင်းရဲသောကြောင့် ပညာမသင်ကြားနိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆယ်ကျော်သက် မိန်းကလေးတယောက်၏ ဘဝအကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင် “Now I am 13” မှာ ဆုရရှိ ခဲ့သည်။ ထိုရုပ်ရှင်မှာ Kota Kinabalu နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ငွေဆုနှင့် ၂၀၁၄ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။
ဒေါ်ရှင်ဒေဝီ၏ နောက်ထပ် အောင်မြင်သော “Brighter Future” အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ မန္တလေးရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်းကို ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် ပြည်တွင်း ပြပွဲတခုဖြစ်သော Art of Freedom ရုပ်ရှင်ပြပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒေါ်ရှင်ဒေဝီသည် ဗီဒီယိုဂျာနယ်လစ်အဖြစ် DVB သတင်းဌာနတွင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကိုလည်း မှတ်တမ်းတင်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်နှစ်က အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများက ဆန္ဒပြမှုကိုလည်း မှတ်တမ်းတင်ခဲ့သည်။
(တင်ထက်ပိုင် ရေးသည်)
(ဆက်လက်ဖော်ပြပါမည်)