မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ ဒီနှစ်မှာ တနိုင်ငံလုံးလိုလို အယ်နီညို ရာသီဥတုရဲ့ အကျိုးဆက်အဖြစ် ပူပြင်းတဲ့ဒဏ်ကို ခံစားနေကြရပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်မှုတွေက အန္တရာယ်ရှိအဆင့်ထက် ကျော်လွန်နေတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေး ပြောဆိုထားပါတယ်။
ဒီလို ပူပြင်းတဲ့ရာသီဥတု၊ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်အောက်မှာ ရေကစားကြမယ့်သူတွေ ကြုံ့တွေ့လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဘယ်လိုကာကွယ်မှု လုပ်သင့်တယ် ဆိုတာတွေကို သိရှိစေဖို့အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်တွေက အကြံပေး ပြောဆိုထားတာတွေ ရှိပါတယ်။ သူတို့ရဲ့ အကြံပေးမှုတွေကို ဧရာဝတီ စာဖတ်ပရိတ်သတ်များ သိရှိစေဖို့အတွက် ပြန်လည်စုစည်းပြီး မျှဝေပေးလိုက်ပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ သင်္ကြန်
သင်္ကြန်ကာလမှာ ခရမ်းလွန်ရောင်ခြည် ပိုထိနိုင်တဲ့ အကြောင်းရင်းတွေရှိနေပြီး ခရမ်းလွန်ရောင်ခြည်သင့်မှုက ရိုးရိုး သာမန်အချိန်ထက် ပိုပြီးဆိုးနိုင်တယ်ဆိုတာကို သတိပြုကြရပါမယ်။
“သင်္ကြန်ဆိုတော့ သိတဲ့အတိုင်း ရေကပက်ထားတော့ ရေစိုနေရင် ရေကအလင်းပြန်ပစ္စည်းဖြစ်တော့ အဲဒီရေကတဆင့် ရောင်ခြည်သင့်မှုက ပိုဆိုးပါတယ်။ သင်္ကြန်ကာလမှာ ခရမ်းလွန်ရောင်ခြည် သင့်မှုက ရိုးရိုးသာမန်အချိန်ထက် ပိုပြီးဆိုးနိုင်တယ်” လို့ မိုးလေဝပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။
အပူချိန်ပြင်းလွန်းလို့ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ အပြင် မထွက်သင့်ဘူးလို့ (အရေပြားအထူးကု ဆရာဝန်တဦးကတော့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ) အကြံပြု ထားတာတွေရှိပေမယ့် သင်္ကြန်လည်မယ့် သူတွေအနေနဲ့ လိုက်နာနိုင်ကြဖို့ ခက်ကောင်းခက်မယ်လို့ ထင်ပါတယ်။ သင်္ကြန်ရက်ဆိုတော့ အပြင် ထွက်ချင်ကြတာပဲ။ ထွက်ပြီးရင်လည်း တနေကုန် လည်ချင်ကြတာဆိုတော့ အပူဆုံးအချိန် ဆိုတာတွေကိုလည်း ဖြတ်သန်းကြရမှာပါပဲ။
ခရမ်းလွန်ရောင်ခြည်ထိရင် ဘာတွေဖြစ်နိုင်လဲ
သင်္ကြန်ကာလမှာ “နေ” ဒါမှမဟုတ် “လေ” ဒါမှမဟုတ် “ရေ” ဒါမှမဟုတ် အဲဒီ ၃ မျိုးစလုံးကြောင့် အရေပြား ထိခိုက်နိုင်မယ့် ပြဿနာတွေ ရှိပါတယ်။ ရေစိုလိုက်၊ ခြောက်သွားလိုက် နေပူထဲထွက်လိုက်နဲ့ အရေပြားတွေ အက်ကွဲလာနိုင်သလို အရေပြားတွေ လန်ထွက်တာလည်း ဖြစ်တတ်ပါတယ်။
မျက်နှာတွေမှာ ခြယ်ထားတဲ့ ဆိုးဆေးတွေကလည်း ဓာတ်မတည့်မှုတွေ ဖြစ်နိုင်သလို ဆပ်ပြာမှု့န်တွေ ထည့်ထားတဲ့ ရေနဲ့ အပက်ခံရရင်လည်း ခန္ဓာကိုယ်အနှံ့ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် ရုတ်တရက် သိသာတဲ့ ပြောင်းလဲမှုအနေနဲ့ နေလောင်မယ်၊ အရေပြား မဲခြောက်သွားမယ်။ ဒီထက်ဆိုးလာရင် အရေပြားတွေ ရဲရောင်လာပြီး အရေကြည်ဖုတွေ ထွက်လာမယ်။ အရေကြည်ဖုတွေ ကနေတဆင့် မီးလောင်ဖုတွေလိုဖြစ်၊ ပေါက်ပြဲလာပြီး အရမ်းပြင်းလွန်းတဲ့ နေလောင်မှုအထိ ဖြစ်နိုင်ပါတယ်။
နောက်တခုကတော့ နေရောင်က ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ တချက်ပါတာကြောင့် ဝက်ခြံရှိပြီးသား သူတွေဟာ ဝက်ခြံ ပိုထွက်လာမယ်။ ဝက်ခြံ မရှိသေးသူတွေလည်း ဝက်ခြံတွေ ထွက်လာမယ်။ တင်းတိပ်တွေ၊ အမဲစက်တွေ ထွက်လာမယ်။
အရမ်းဆိုးသွားတဲ့ အခြေအနေဆိုရင်တော့ အရေပြားကင်ဆာ ဖြစ်နိုင်တယ်လို့ သိထားကြပေမယ့် ဖြစ်နိုင်ခြေတော့ နည်းတယ်လို့ အရေပြားအထူးကု ဆရာဝန်က ပြောပါတယ်။ ဒါပေမယ့် အရေပြားကို ဂရုမစိုက်၊ မထိန်းသိမ်းဘူး ဆိုရင်တော့ အချိန်ကြာလာတဲ့အခါ အရေပြားဆဲလ်တွေ ပျက်စီးပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ အိုမင်းရင့်ရော်မှုတွေ ဖြစ်လာနိုင်တယ်။ အရေးအကြောင်းတွေဖြစ်ပြီး အသားအရေ ကြမ်းတမ်းမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နေလောင်ပြီး ရဲတာလောက်တော့ ပြဿနာ မရှိပေမယ့် ဒီထက် ပိုဆိုးလာပြီဆိုရင်တော့ နီးစပ်ရာဆေးခန်း ဒါမှမဟုတ် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရမှာ ဖြစ်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
ပညာရှင်တွေ အကြံပြုတာကတော့ ဦးခေါင်းပိုင်းကို ကာကွယ်ချင်ရင် အနားကျယ်ပြန့်တဲ့ ဦးထုပ်ဆောင်းပါ။ ဒါဟာ ဆံသားပျက်စီးမှုကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ မျက်စိကိုတော့ နေရောင်ခြည်ကာတဲ့ မျက်မှန်တပ်ပါ။
ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် လက်ရှည်အကျႌ၊ ခန္ဓာကိုယ် အောက်ပိုင်းအတွက် ဘောင်းဘီရှည်ဝတ်ပါ။ ဒီနေရာမှာ တခုသတိပြုရမှာက အကျႌကို အဖြူရောင် မဝတ်ပါနဲ့။ ရေစိုနေတဲ့အတွက် အဖြူရောင်ဟာ အလင်းပြန်နိုင်စွမ်း မရှိတော့တာကြောင့် အရောင်လွင်လွင် ချည်သားအကျႌ ပွပွလေးတွေ ဝတ်ရပါမယ်။
ကျန်တဲ့ နေရောင်ထိနိုင်တဲ့ အပိုင်းတွေကိုတော့ ရေစိုခံတဲ့နေရောင်ကာ အဆီတွေ လိမ်းရပါမယ်။ သင်္ကြန်လည်ပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ ရေအကောင်းနဲ့ ပြန်ချိုးရပါမယ်။ မသန့်တဲ့ရေတွေ ထိလာခဲ့ရင် ယားယံတာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။ အရေပြားကို ထိန်းသိမ်းတဲ့အနေနဲ့ အသားလှဆီတွေ လိမ်းရပါမယ်။
သင်္ကြန်ရေကစားပြီးလို့ အနားယူတဲ့အခါမှာ စီးထားတဲ့ ရှူးဖိနပ်တွေကို ချွတ်ထားသင့်ပါတယ်။ မဟုတ်ရင် ရေတွေနဲ့နူးပြီး မှိုတွေစွဲလာမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အရေးပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။
နောက်ဆုံးတခုအနေနဲ့ သတိပြုရမှာက အရက်သေစာ သောက်စားခြင်းပါပဲ။ သင်္ကြန်ကာလအတွင်း အရက်ကို အလွန်အကျွံ မသောက်သုံးသင့်ဘူး ဆိုတာကတော့ အားလုံးသိကြပေမယ့် သတိမမူကြပါဘူး။ ပူလိုက်အေးလိုက် ဖြစ်နေတဲ့အချိန်မှာ အရက်အလွန်အကျွံ သောက်သုံးရင် လူမှုရေးပဋိပက္ခတွေ ဖြစ်နိုင်သလို အမူးလွန်ပြီး ရေနစ်သေဆုံးတာတို့၊ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်တာတို့ ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတာကောင်းပါတယ်။
အခုလို တတ်ကျွမ်းတဲ့သူတွေရဲ့ ဆောင်ရန်ရှောင်ရန် အကြံပေးချက်တွေကို တတ်နိုင်သလောက် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် နှစ်သစ်ကူး အခါသမယမှာ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေလို့ တောင်းဆုပြု ဖော်ပြပေးလိုက်ပါတယ်။