မြန်မာသင်္ကြန်နဲ့ပတ်သက်ပြီး ထူးခြားတာလေးတခု တင်ပြချင်ပါတယ်။ “ကမ္ဘာ့လူသားတွေမှာ မွေးရာပါ စိတ်ကောင်းရော၊ ယုတ်ညံ့တဲ့ စိတ်ဆိုးတွေရော၊ ရုပ်ခန္ဓာကိုယ်ဖြစ်တဲ့ ခြေတွေလက်တွေလို ပါလာကြပါတယ်” တဲ့။
ပညာရှိတွေရဲ့ သုံးသပ်ချက်ပါ။ ခြေတွေလက်တွေကို အသုံးမပြုဘဲ ကြာကြာထားရင် သွေးမလျှောက်ဘဲ ကျန်းမာရေး ဖောက်ပြန်ကုန်ပြီး တခြား အစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးမှာဖြစ်သလို လူတွေရဲ့ မွေးရာပါ စိတ်ဆန္ဒတွေဖြစ်တဲ့ စိတ်ကောင်းရော၊ စိတ်ညံ့တွေကိုရော အရှိအတိုင်း မကျင့်သုံးရရင် အလားတူပဲ ကျန်းမာရေး ဖောက်ပြန်လာနိုင် ပါတယ်တဲ့။
လူတွေရဲ့ မွေးရာပါ စိတ်ကောင်းတွေကို လိုက်လျောကျင့်သုံးဖို့ပြဿနာမရှိပါဘူး။ ဥပမာ … မေတ္တာတို့ ကရုဏာတို့ဆိုတဲ့ စိတ်တွေပါ။ ပြဿနာ မရှိရုံသာမကဘဲ ငြိမ်းချမ်းသာယာတဲ့ ဝန်းကျင်တွေကိုတောင် ဖြစ်ထွန်းစေမှာပါ။
ဒါပေမယ့် မွေးရာပါ စိတ်ယုတ် စိတ်ညံ့တွေကို အညောင်းပြေအောင် ကျင့်သုံးပေးဖို့ ကိစ္စကတော့ ပြဿနာကြီးပါတယ်။ ဥပမာ … သူများကို စော်ကားချင်တဲ့ စိတ်၊ ထိပါးချင်တဲ့ စိတ်မျိုးတွေ ဖြစ်ပါတယ်။
အဲဒီလို စိတ်မျိုးတွေကို ဖြေဖျောက်ဖို့ အနုပညာတွေက တစိတ်တပိုင်း အစားထိုး သက်သာစေတယ်လို့ ပညာရှိတွေက ဆိုပါတယ်။ ဥပမာ … ဝတ္ထုတွေထဲမှာ ပါတဲ့ မကောင်းမှုတွေကို အစားထိုး ခံစားနိုင်မှု ဆိုတာမျိုးတွေ ဖြစ်ပါတယ်။
အလားတူပဲ သင်္ကြန်တွင်းမှာ ပျော်ကြပါးကြသူ အချင်းချင်း မေတ္တာစိတ် ကရုဏာစိတ် ဆိုတာမျိုးတွေနဲ့ ဆက်ဆံရင်း စိတ်အညောင်းဖြေနိုင်တာ ရှိသလို ကိုယ့်ဟာကိုယ်တောင် မသိလိုက်ရဘဲ လူလူချင်း ထိပါး စော်ကားတာမျိုးကလေးတွေ ပြုလုပ်ရင်း စိတ်ယုတ်စိတ်ညံ့တွေကို အညောင်းပြေစေတာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။
သင်္ကြန် ရေပွဲသဘင်ကြီးဟာ အများပြည်သူတွေ တယောက်နဲ့ တယောက် သိသိမသိသိ ထွေးရောယှက်တင် ရဲရဲတင်းတင်း ရေလောင်းရေပက် အော်ဟစ်ကျီစယ် နောက်ပြောင် ဆက်ဆံနိုင်တဲ့အတွက် ၁ နှစ်မှာ ၃-၄ ရက် စိတ်အညောင်း ရုပ်အညောင်း ဖြေခွင့်ရကြတဲ့ အကျိုးကြီးမားတဲ့ ပွဲသဘင်ကြီးတရပ်လည်း ဖြစ်ပေတယ်လို့ သုံးသပ်မိပါကြောင်း။