နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခဲ့ပြီ။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်ကို နှစ်ဟောင်းမှာ ထားခဲ့ပြီး နှစ်သစ်(မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်) ကို စိတ်သစ် လူသစ် နှလုံးသားသစ်တွေနဲ့ သယ်ဆောင်ကြရတော့မှာပါ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းခြင်းအဖြစ် အတာသင်္ကြန်ရေတွေနဲ့ ဖြန်းပက်ခဲ့ကြတယ်။ ရန်ကုန်မြို့မှာတော့ သင်္ကြန်မတိုင်မီမှာ တိုင်းဝန်ကြီးချုပ်က စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပေးတဲ့အပေါ် မတူညီတဲ့အမြင်တွေနဲ့ တုံ့ပြန်ခဲ့ကြတယ်။ ထောက်ခံတဲ့သူတွေရှိခဲ့သလို ကန့်ကွက်သံတွေလည်း ညံခဲ့ကြတယ်။
မန္တလေးသင်္ကြန်မှာ ထုံးစံအတိုင်း ကျုံးလေးဘက်လေးတန်မှာ ရေပက်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ပေးခဲ့ပြီး အစဉ်အလာမပျက် တနေကုန်နေလို့ ကျုံးတပတ်ပြည့်အောင် မပတ်ခဲ့ရတဲ့ သင်္ကြန်ကားတွေလည်း ရှိတယ်။ မန္တလေးမြို့တော်ခန်းမဝင်း အတွင်းဆောက်လုပ်ထားတဲ့ မြို့တော်မဏ္ဍပ်မှာ သီဆိုဖျော်ဖြေကြသူတွေအတွက် စရိတ်က ကျပ်သိန်း ၁၈၀ ကျော်ရှိခဲ့ပါသတဲ့။ဒီနှစ်မဏ္ဍပ်ဒီဇိုင်းက ကဒေါင်းနောက်ခံနဲ့ ပြုလုပ်ထားပါတယ်။ မြို့တော်မဏ္ဍပ်ရဲ့ သင်္ကြန် အသုံးစရိတ်ကကျပ် သိန်း ၃၀၀၀ ကျော် ရှိပါသတဲ့။
ကျုံးပတ်လည်မှာ မဏ္ဍပ်တွေ စနစ်တကျ နေရာချထားတယ်ဆိုပေမယ့် မဏ္ဍပ်အချို့က ပုံမှန်ရနေကျ နေရာမှာသာ မဲပေါက်ခဲ့ကြတယ်။ အရှေ့ဘက်နဲ့ တောင်ဘက်ကျုံးမှာသာ
မဏ္ဍပ်များခဲ့ပြီး အနောက်ဘက်ကျုံးမှာ နေရာကျဲကျဲ မြောက်ဘက်ကျုံးမှာ မဏ္ဍပ်တခုသာရှိခဲ့တယ်။ မြောက်ဘက်ကျုံးမှာ MPT က နေရာယူခဲ့ပြီး IRON CROSS တေးဂီတဝိုင်းနဲ့ ဖျော်ဖြေခဲ့တယ်။ အရင်နှစ်တွေက MPT မဏ္ဍပ်က ဆက်သွယ်ရေးရုံးနဲ့ မျက်နှာချင်း ဆိုင်နေရာ အနောက်ကျုံးလမ်းမှာသာရှိခဲ့ပြီး အခုလို နာမည်ကြီးတီးဝိုင်းတွေ ငှားလေ့ငှားထ မရှိခဲ့ဘူး။ြ မြောက်ဘက်ကျုံးက MPT မဏ္ဍပ်မှာ ပရိတ်သတ်တွေ များလွန်းတာကြောင့် နေ့တိုင်း တိုးမပေါက်အောင် စည်ကားခဲ့တဲ့ မဏ္ဍပ်လည်းဖြစ်တယ်။
သင်္ကြန်လည်ကားတွေက နာမည်ကြီး အဆိုတော်တွေနဲ့ ဖျော်ဖြေတဲ့ မဏ္ဍပ်တွေရှေ့မှာ ကားတွေရော လူတွေပါ ကျပ်ညပ် ပိတ်မိနေကြတယ်။ အဲဒီလို မဏ္ဍပ် တွေရှေ့မှာ ကား တစ်စီး ပေ ၁၀၀ လောက်ရွေ့ဖို့ ၁ နာရီလောက်ကြာတယ်။ အတ္တကြီးတဲ့ သင်္ကြန်လည်သူအချို့က ဖျော်ဖြေရေး မဏ္ဍပ်တွေရှေ့ရောက်ရင် နေရာဖယ်မပေးချင်ဘူး။ အဲဒီလို ဖယ်မပေးတာကြောင့်
သူတို့လည်း အခြားမဏ္ဍပ်တွေ သွားဖို့ အခွင့်အရေး ဆုံးရှုံးသွားသလို နောက်လူတွေလည်း သူတို့ ကြည့်ချင်တဲ့ အဆိုတော်တွေ ကြည့်ခွင့်မြင်ခွင့် မရတော့ဘူး။ ငွေကုန်ကြေးကျ အများကြီးခံထားရတဲ့ ကြော်ငြာရှင်တွေလည်း သူတို့ မဏ္ဍပ်ရှေ့မှာ ရှိတဲ့ ပရိတ်သတ်က နေရာမရွှေ့တော့လို့ ပရိတ်သတ်အသစ်ကို ကြော်ငြာခွင့် ဆုံးရှုံးသွားတယ်။
အထူးသဖြင့် မန္တလေးသင်္ကြန်က စတိတ်ရှိုးနဲ့ သင်္ကြန်မကွဲပြားတာ ဆယ်စုနှစ်နဲ့ချီကြာခဲ့ပြီ။ လာမယ့် သင်္ကြန်တွေမှာ ကားပိတ် လူပိတ် ဆိုင်ကယ်ပိတ် မဖြစ်အောင် စနစ်တကျ ဘယ်လိုစီမံခန့်ခွဲကြမလဲ။ ဒီကားပိတ် ဆိုင်ကယ်ပိတ် လူတွေပြွတ်သိပ်နေတဲ့ သင်္ကြန်ကို မြို့ခံတွေ စိတ်ကုန်နေတာ ကြာလေလှပေါ့။ သင်္ကြန်မှာ ရေပတ်ကစားဖို့ ကျုံးအတွင်းက ရေဂါလံ သန်း၄၀ လောက်သုံးစွဲခဲ့ကြကြောင်း ပညာရှင်တွေက ထောက်ပြထားပါတယ်။ အဲဒီထဲမှာ ဘုံဘိုင်ရေ တွင်းရေ ကန်ရေတွေရဲ့ ဆုံးရှုံးမှုကို ထည့်သွင်းတွက်ချက် မထားပါဘူး။ အယ်လ်နီညို ပူပြင်းတဲ့ နွေကာလမှာ ရေတန်ဖိုးကို စီးပွားရေး လူမှုရေး ထောင့်ပေါင်းစုံက ခိုင်မာတဲ့ အချက်အလက်တွေနဲ့ တင်ပြဆွေးနွေးချက်လည်း ကြားချင်ပါသေးတယ်။
သင်္ကြန်မဏ္ဍပ်တွေက ဒီနှစ်မှာ member ဆိုတဲ့ ဝေါဟာရနဲ့ မဏ္ဍပ်ထိုင်သူတွေကြားမှာ ရေပန်းစားခဲ့တယ်။ သင်္ကြန်ငါးရက်စာအတွက် member ကြေးက တယောက် ကျပ် တသိန်းထိ ရှိတယ်။ member တွေအတွက် မဏ္ဍပ်တွေက ဘူဖေးသီးသန့်၊ လုံခြုံရေးသီးသန့်၊ ကော့တေးသီးသန့် စီစဉ်ပေးကြတယ်။ ရိုးရိုးလက်မှတ်သမားတွေက သင်္ကြန်ငါးရက်စာ တယောက် ကျပ် ၃၀၀၀၀ မှ ကျပ် ၅၀၀၀၀ ဈေးရှိတယ်။ သြက်န်မဏ္ဍပ် တခုမှာ ရေပက်ကစားသူဦးရေ ၅၀၀ က ၁၀၀၀ အတွင်း ရှိတယ်။ မဏ္ဍပ်တချို့မှာ ပြင်ပက အရက်သေစာ သယ်ဆောင်ခွင့် တားမြစ်ထားပြီး မဏ္ဍပ်ထောင်သူတွေက အဖျော်ယမကာ ရောင်းချပေးတယ်။ ရေပက်မဏ္ဍပ်ပေါ်မှာ ရေသန့်တဗူး ကျပ် ၅၀၀၊ဘီယာ တပုလင်း ကျပ် ၂၀၀၀ ၊ဗော့ဒကာ တခွက် ကျပ် ၃၀၀၀ ရောင်းချကြတယ်။ ပိုက်ဆံပေါသူတွေအတွက် သင်္ကြန်စတိုင်တခု ဖြစ်နေပြီ။
ကျုံးပတ်လည်မှာ ရေကစားမဏ္ဍပ် ၃၀ ကျော်ရှိပြီး မြို့တွင်းမှာ အနည်းငယ်သာ ရှိတယ်။ သင်္ကြန်လည်သူတွေ ကားငှားပြီးလည်ရင် လိုက်ထရပ်ကားတစီး တရက် ကျပ်တသိန်း (လောင်စာဆီဖိုးမပါ) ပေးရတယ်။ အရင်က ဆိုင်ကယ်ငှားရမ်း လည်ကြတာရှိပေမယ့် ဒီနှစ်မှာ ဆိုင်ကယ်ဈေးကွက် မရှိသလောက် နည်းတယ်။ ဂျစ်ကားနဲ့ လန်ရိုဗာကားတွေ သင်္ကြန်ကားအဖြစ် ကာလရှည်ကြာ တာဝန်ယူခဲ့ကြပေမယ့် ယာဉ်အို ယာဉ်ဟောင်းအပ်နှံတဲ့အထဲပါသွားလို့ လိုက်ထရပ်ကားနဲ့ ခွေးဘီလူးကားတွေသာ သင်္ကြန်ကားအဖြစ် အများဆုံး တွေ့ရတယ်။
အလှပြယာဉ်အဖြစ် ငွေငန်းမြို့မ နဲ့ ခရိုင်ကိုယ်စားပြုယာဉ်တွေသာ ရှိခဲ့တယ်။ တခေတ်တခါက မန်းသင်္ကြန်မှာ ထင်ရှားခဲ့တဲ့ အလှပြယာဉ်တွေနဲ့ သံချပ်အဖွဲ့တွေက ရာဇဝင်မှာ
မှုန်ဝါးဝါးလေး ကျန်ခဲ့ပါပြီ။ မြို့လူထုရဲ့ ချစ်ခင်လေးစားမှုကို ရထားတဲ့ ငွေငန်းမြို့မ ကားကြီးသည်ပင် ကြော်ငြာယူနေရတာ ကြာခဲ့ပြီကော။
ဒီနှစ်မှာ ထူးထူးခြားခြား ဂုဏ်ပြုရမယ့်သူတွေ ရှိနေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်သာယာ သန့်ရှင်းရေး ဝန်ထမ်းတွေပါ။ ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြပြီး အများပြည်သူရဲ့ မေတ္တာကို ရရှိခဲ့ကြတယ်။ အလားတူပါပဲ စည်ပင်က သန့်ရှင်းရေးဝန်ထမ်းတွေလည်း နေ့မီးညမီးနဲ့ အလုပ်လုပ်ခဲ့ကြလို့ စည်ပင်အရာရှိကြီးတွေအပါအဝင် မြို့ခံတွေက ဆုကြေးငွေတွေ ချီးမြှင့်ခဲ့ကြတယ်။
နှစ်ဟောင်းတွေ ချုပ်ငြိမ်းခဲ့ပြီ။ သင်္ကြန်ပွဲတော်တွေက နောင်နှစ်တွေမှာလည်း အစဉ်အလာမပျက် ရောက်ရှိလာဦးမှာပါ။ အကောင်းဆုံး ဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်ကြမလဲ။ စနစ်ဆိုးက အမူအကျင့်ဟောင်း စရိုက်ဟောင်းတွေကို အတွေးအခေါ်ဟောင်းတွေကို နှစ်ဟောင်းနဲ့အတူ ထားခဲ့ပြီး နှစ်သစ်မှာ စနစ်သစ်နဲ့အညီ စိတ်သစ်လူသစ်နဲ့ အတူတည်ဆောက်လို့ ပြည်တော်ဝင်ကြရအောင်ပါ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)