မကြာခင်ကမှ အငြိမ်းစားယူသွားတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးပြန်ယူကာ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခြင်း ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်းဖြစ်ခဲ့သူ သူရဦးရွှေမန်းအပါအဝင် ထိပ်တန်းခေါင်းဆောင် ၁၇ ဦးကို ပါတီကနေအနားပေးခြင်းတွေ ပြုလုပ်လာပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ပါတီအနေနဲ့ အမာခံထိပ်တန်းပါတီဝင်တွေကို ယခုလိုအနားပေးလိုက်ခြင်းဟာ ပါတီအပေါ် သစ္စာဖောက်တာကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အနားပေးခံရတဲ့သူတွေကလည်း မီဒီယာစာမျက်နှာတွေပေါ်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ ပြန်လည်ရှင်းလင်း ချေပတာတွေ တွေ့နေရပြီ ဖြစ်ပါတယ်။
ယခုလို လုပ်တာဟာ ကြံ့ခိုင်ရေးပါတီတွင်း ဖွဲ့စည်းပုံ ပြန်လည်ပြုပြင်ပြောင်းလဲဖို့အတွက် ခြေလှမ်းအစပဲလား။ ပါတီတွင်းဒီမိုကရေစီ နည်းနည်းလေးမှ မရှိတော့တာလား။ အာဏာရ NLD ပါတီအစိုးရလက်အောက်မှာ အဲ့ဒီအနားပေးခံရတဲ့သူတွေက တာဝန်တွေထမ်းဆောင်နေကြလို့လား စသဖြင့် မေးခွန်းထုတ်နေကြပါပြီ။
အနားပေးခံခဲ့ရတဲ့ ကြံ့ခိုင်ရေး ပါတီဝင်အများစုကလည်း လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရနဲ့ လွှတ်တော်တွေမှာ ဆက်လက်တာဝန်ယူနေကြသူတွေဖြစ်ပါတယ်။ ဒါဟာ တမင်တကာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ၂၀၁၅ ခု သြဂုတ်လ ၁၂ ရက် ညသန်းခေါင်ယံ ပါတီတွင်း အာဏာသိမ်းပွဲရဲ့ အခန်းဆက် ဇာတ်လမ်းတွဲပဲ ဖြစ်ပါလိမ့်မယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ လက်တွဲလုပ်နေတဲ့ ပါတီဝင်အချို့ကို ပါတီက အနားပေးခြင်းဟာ NLD ပါတီ အစိုးရ လက်အောက်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေကို မလုပ်စေချင်တဲ့သဘောလား၊ ဒါဆို သမ္မတဟောင်း ဦးသိန်းစိန် မကြာခဏပြောကြားခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် “တူတာတွေ တွဲလုပ်မယ် မတူတာတွေခွဲလုပ်မယ်”ဆိုတဲ့ သဘောထားတွေဟာ လေထဲလွှင့်ပြယ်ပျောက်ပြက်သွားပြီးလား ဆိုတာ မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။
အခုလို ဦးရွှေမန်းတို့ကို ပါတီကထုတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ပါတီအတွက်ပဲ နစ်နာနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ ခွက်ခွက်လန် ရှုံးထားတာလည်း ပူပူနွေးနွေးရှိတုန်းပါ။ လက်ရှိအစိုးရရဲ့ အတိုက်အခံပါတီအဖြစ် အားကောင်မောင်းသန် ပြန်လည်ရပ်တည်နေရမယ့် အင်အားကြီး ပါတီကြီးတခုအနေနဲ့ ပါတီအားကို ပြန်လည်စုစည်းရမယ့်အချိန်မှာ ယခုလို လူသိထင်ရှား အကွဲအပြဲတွေဖြစ်လာစေတာ ပါတီခေါင်းဆောင် ဦးသိန်းစိန်ကိုပဲ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တွေအပေါ် ပါတီဝင်တွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ပါးစေမှာ ဖြစ်ပါတယ်။
အနားပေးခံခဲ့ရတဲ့ ပါတီဝင်တဦးဖြစ်သူ ဦးဇော်မြင့်ဖေက The Voice သတင်းစာနဲ့ အင်တာဗျူးမှာ ပါတီဥက္ကဋ္ဌဦးသိန်းစိန်ကို အကွဲအပြဲကိစ္စ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။သူရဦးရွှေမန်းကလည်း သူ့လူမှုကွန်ယက်စာမျက်နှာမှာ ဒီကိစ္စဟာ ပါတီတွင်းသာ သက်ဆိုင်ပေမယ့် ” နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တနည်းမဟုတ် တနည်းဖြင့် သက်ရောက်မှု တစုံတရာ” ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဘာဆက်ဖြစ်မယ် နှစ်ဘက်စလုံး အသေးစိတ် မပြောပေမယ့် ပါတီအကွဲအပြဲဟာ ရွေးကောက်ပွဲကော်မရှင်ဆီ ဦးတည်သွားမယ့်ပုံပါပဲ။
ဦးရွှေမန်းတို့ အုပ်စုက ပါတီခွဲထောင်မလား။ ဒါဆို ပါတီနာမည် အလံ ရုံးကအစ တနိုင်ငံလုံးက ပါတီပိုင်ဆိုင်မှုနဲ့ ပါတီနောက်လိုက်တွေ ဘယ်လိုခွဲခြမ်းမလဲ။ ခွဲခြမ်းရေး အဆင်ပြေမလား၊ တရားတဘောင်တွေ ရင်ဆိုင်ကြဦးမလား။ နိုင်ငံရေးလေ့လာသူတွေ အားလုံးနီးပါးရဲ့ အာရုံကို ကြံ့ခိုင်ရေး အကွဲအပြဲက ဆွဲယူလိုက်ပြန်ပါပြီ။
(မောင်ဉာဏသည် မန္တလေး အခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)