ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ မျောက်တအုပ်သည် ချိုးဖဲ့ပစ်ပေးနေသည့် ဖရဲသီးစိတ်များကို အငမ်းမရ အပြေး အလွှား ကောက်ယူ စားသောက်နေကြပြီး အခြားလှောင်အိမ်များထဲရှိ မျောက်များကို ဖရဲသီးစိတ် ကျွေးရန် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း ကိုအောင်ကျော်ဦး ပြင်ဆင်နေသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပူပြင်းသည့် အပူဒဏ်ကို ခံစားနေရသည့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အတွင်း ရေဓာတ်မဆုံးရှုံးစေဖို့ ဖရဲသီးကျွေးရန် ညွှန်ကြားထားသည့်အတွက် ညနေသုံးနာရီခန့်တွင် နေ့စဉ်ပုံမှန် ကျွေးမွေး ခြင်းဖြစ်ကြောင်း ကိုအောင်ကျော်ဦး ပြောသည်။
“အယ်လ်နီညိုရဲ့ အပူဒဏ်ကို သူတို့တွေလည်း (တိရစ္ဆာန်တွေ) တော်တော်ခံစားရတယ်။ တနေ့တကြိမ် အရည်ရွှမ်းတဲ့ အသီးတွေကျွေးဖို့ ကျနော်တို့ကို မှာထားတယ်။ သူတို့တွေကို စောင့်ကြည့်ဖို့၊ ပုံမှန် ရေဖျန်းပေးတာတွေလုပ်ဖို့ မှာ ထားတယ်” ဟု မျောက်များကို အဓိက ထိန်းသိမ်းစောင့်ကြည့်နေသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း ကိုအောင်ကျော်ဦးက ဆိုသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ သက်တမ်းသည် လက်ရှိအချိန်၌ နှစ်ပေါင်း ၁၀၈ နှစ် ရှိနေပြီဖြစ်ပြီး၊ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ပြည်တွင်းထိပ်တန်းသူဌေး တဦးဖြစ်သည့် ဦးတေဇပိုင် “ထူး”ကုမ္ပဏီအုပ်စုက ၂၀၁၁ ခုနှစ်ကတည်းမှ ယနေ့အချိန်အထိ လုပ်ကိုင်ခွင့်ရရှိထားပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါ အမျိုးအစား ၄၄ မျိုး (ကောင်ရေ ၆၁၃ ကောင်)၊ ကျေးငှက် အမျိုးအစား ၇၀ မျိုး (ကောင်ရေ ၅၈၂ ကောင်)၊ တွားသွား အမျိုးအစား ၁၈ မျိုး (ကောင်ရေ ၂၀၂ ကောင်) ရှိကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မွန်ဆန်းက ပူပြင်းသည့်အပူဒဏ်ကြောင့် တိရစ္ဆာန်များ အသက် သေဆုံးမှု မရှိရန်နှင့် ကျန်းမာရေး ချို့တဲ့မှု မရှိရန် အပူရှောင်နိုင်မည့် အခြေအနေများ ဖန်တီးလုပ်ဆောင်ပေးနေရ ကြောင်း ပြောသည်။
“ ဒီနွေရာသီဟာ အပူရှိန် ပိုပြင်းထန်မယ်လို့ သိရကတည်းက ကြိုတင်ပြီး တိရစ္ဆာန်တွေ အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့၊ အပူဒဏ်ကို ကာကွယ်ပေးဖို့ဆိုပြီး စီမံချက်ချပြီးတော့ ဆောင်ရွက်ပါတယ် ” ဟု ဦးတင်မွန်ဆန်းက ဆိုသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ထားရှိသည့် ကျား၊ ကျားသစ်၊ ခြင်္သေများအတွက် လှောင်အိမ်အတွင်း ရေစိမ်ကန်များ ထားပေးခြင်း၊ သဲခင်းပေးခြင်း၊ သဲများအပေါ် ပုံမှန်ရေဖျန်းခြင်းများ လုပ်ဆောင်ပေးကာ အပူဒဏ်မှ သက်သာအောင် ဆောင်ရွက်ပေးကြောင်း ဦးတင်မွန်ဆန်း ဆက်ပြောသည်။
အလားတူ ကျေးငှက်တိရစ္ဆာန်များ ထားရှိသည့် ငှက်လှောင်အိမ်အမိုးများပေါ်၌ သစ်ရွက်သစ်ကိုင်းများ တင်ထား ပေးခြင်း၊ အမိုးနှင့် ဘေးပတ်ဝန်းကျင်နေရာများကို ရေဖျန်းခြင်းများ လုပ်ဆောင်ပေးခြင်းနှင့် ရွှံ့နွံလူးပြီး အပူဒဏ် လျော့ချခြင်းကို ကြိုက်နှစ်သက်သည့် ဆင်၊ ကြံ၊ ရေမြင်းကဲ့သို့သော တိရစ္ဆာန်များအတွက် ရွှံ့နွံကန်များ ပိုမိုလုပ်ဆောင်ပေးခြင်းဖြင့် အပူဒဏ်ကို ကာကွယ်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။
တိရစ္ဆာန်များ အပူဒဏ်ခံနိုင်ရန်အတွက် တိရစ္ဆာန်များ နေထိုင်ရာ လှောင်အိမ်ပတ်ဝန်းကျင်များကို နည်းလမ်းမျိုးစုံဖြင့် အပူဒဏ်လျော့ချပေးခြင်းကို ဆောင်ရွက်ပေးသည့်အပြင် တဖက်တွင်လည်း တိရစ္ဆာန်များ၏ အစားအသောက်များနှင့် ပတ်သက်ပြီး အပူဒဏ်ခံနိုင်သည့် အစားအစာများကို ဖြည့်စွက်ကျွေးမွေးနေကြောင်း သိရသည်။
“တိရစ္ဆာန်တွေကို ကျွေးမွေးတဲ့ အပိုင်းမှာလည်း ဆားမီးဖုတ်(ဆားဖုတ်ခဲ) ကို အစာထဲမှာ ထည့်ကျွေးတယ်။ နောက်ပြီး ဓာတ်ဆားရည်ကိုတော့ အပူဒဏ်ကြောင့် နှုံးချိနေတယ်လို့ထင်ရတဲ့ တိရစ္ဆာန်တွေကို တိုက်ကျွေးတယ်။ ကျနော်တို့ကလဲ အထူးရိက္ခာအဖြစ် အကောင်သတ္တဝါငယ်လေးတွေကို ဖရဲသီးလို အရည်ရွှန်းတာတွေ ကျွေးတယ်။ နောက်ပြီး သီးစုံရေခဲချောင်းလုပ်ပြီး အဲဒါကို တရက်ခြားတခါ ကျနော်တို့ ကျွေးပါတယ်” ဟု ဦးတင်မွန်ဆန်းက ဆိုသည်။
တိရစ္ဆာန်များ၏ အပြုအမူများကိုစောင့်ကြည့်ပြီး အပူဒဏ်ခံစားနေရသည့် အခြေအနေများကို သိရှိနိုင်ကြောင်း၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် တိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေကို တိရစ္ဆာန်ဆရာဝန်များက သတိထား ကုသပေးနေသည်ဟု သိရသည်။
“ အသီးသီးတာဝန်ယူထားတဲ့ တိရစ္ဆာန်ထိန်းသိမ်းရေး ဝန်ထမ်းတွေက တိရစ္ဆာန်တွေရဲ့အပြုအမှုကို အမြဲစောင့်ကြည့် နေကြပါတယ်။ မျောက်တို့၊ ဖျံတို့ဆိုရင် အရမ်းပူနေတဲ့ အချိန်တွေမှာ ရေပိုစိမ်ကြတယ်။ သူတို့နားနေရာ လှောင်အိမ်တွေထဲက အရိပ်ရပြီးအေးတဲ့နေရာတွေက မထွက်ကြတော့ဘူး။ ညနေပိုင်းလောက်မှ ထွက်ကြတယ်။ နောက်ပြီး ဆင်တို့ရေမြင်းတို့ဆို ရေပိုစိမ်ကြတာ ခိုင်းစရာတောင်မလိုဘူး သူတို့သဘာဝအတိုင်း ရေပိုစိမ်လာကြတယ်။ သမင်တို့၊ ဒရယ်တို့ဆို အပူဒဏ်ကြောင့် အမွှေးတွေပိုကျွတ်တယ်။ ဒါတွေကို သတိထားပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေအပေါ် ဆရာဝန်တွေက အမြဲစောင့်ကြည့်နေကြပါတယ်” ဟု ဦးတင်မွန်ဆန်းက ပြောသည်။
ထိုသို့ သတိထားစောင့်ကြည့်နေလျက်မှ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ အသက် ၂၅ နှစ်အရွယ် မြည်းပုကလေးမောင်ညိုသည် အသက်အရွယ် ကြီးရင့်လာသည်ကတကြောင်း၊ အပူဒဏ်ကြောင့် အစားအသောက် မစားတော့ဘဲ အားအင်ချိနဲ့ သေဆုံးခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြည်းပုမလေး မိဖြူ သေဆုံးခဲ့ပြီး မြည်းပုမလေ မိဖြူ သေဆုံးရခြင်းသည် အသည်းပျက်စီးခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဦးတင်မွန်ဆန်းက ပြောသည်။
ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် တိရစ္ဆာန်များထဲမှ ပန်ဒါနီဆိုသော တိရစ္ဆာန်သည်ရာသီဥတုအေးသည့် သဘာဝကို ပိုနှစ်ကြိုက်သည့်အတွက် ယခုကဲ့သို့ အပူဒဏ်မြင့်မားသည့် အခြေအနေမျိုးတွင် အခြား တိရစ္ဆာန်များထက် အထူးဂရုစိုက်ပေးနေရကြောင်း တိရစ္ဆာန်ရုံဝန်ထမ်းများက ပြောသည်။
“ ပန်ဒါနီက အအေးပိုင်း ဒေသကလာတဲ့ အကောင်ဆိုတော့ သူ့ကိုထားတာတောင် အဲယားကွန်းအခန်းနဲ့ ထား ရတယ်။ အခုလိုပူတဲ့ရာသီဆို ပိုဂရုစိုက်ရတာပေါ့။ အဲယားကွန်းခန်းထဲကနေ တဖက်လှောင်အိမ်ခန်းထဲမှာ အစာထွက်စားနိုင်ဖို့အတွက် သူသက်သောင့်သက်သာဖြစ်အောင် လုပ်ပေးထားရတယ်။ အရွက်တွေနဲ့ အေး အောင်ကာထားရတယ်။ နောက်ပြီး သူတဖက်ကိုသွားမယ့် လမ်းတလျှောက်ကို လိုင်ခေါင်းလေးလုပ်ပြီး အပေါ်ကနေ ရေဖျန်းပေးထားတယ်။ အမြဲအေးနေမှ သူကအပြင်ထွက်ပြီး အစစားတယ်” ဟု ဦးတင်မွန်ဆန်းက ပြောသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်းရှိ တိရစ္ဆာန်များနှင့် လာရောက် အပန်းဖြေကြသူများ အေးအေးချမ်းချမ်း နားနေနိုင်ရန်အတွက် နေ့လည်ပိုင်းအပူရှိန်မြင့်တက်သည် အချိန်များ၌ ဥယျာဉ်အတွင်းရှိ သစ်ပင်များနှင့် ပတ်ဝန်းကျင် နေရာများအားလုံးကို ရေဘောက်ဆာကားနှင့် ရေဖျန်းခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
“အခုလို ရေဖျန်းတာက တိရစ္ဆာန်တွေလည်း အေးအောင်၊ လာရောက် အပန်းဖြေသူတွေလဲ အေးအောင်ပါ။ ရေဘောက်ဆာကားနဲ့ ရေဖျန်းတာတော့ တပတ်တကြိမ် လုပ်ပါတယ်။ ပိုက်တွေထောင်ပြီး ရေဖျန်းတာတော့ နေ့စဉ်လုပ်တယ်။ အဓိက ပူတဲ့အချိန်တွေမှာ အမြဲတမ်း လုပ်ထားတယ်” ဟု ရေဖျန်းနေသူ တိရစ္ဆာန်ရုံ ဝန်ထမ်းတဦးဖြစ်သည့် ကိုလိမ်းဟုန်က ပြောသည်။
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကဲ့သို့ နေပြည်တော်ရှိ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်တို့တွင်လည်း အပူရှိန် လျော့ချသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကာကွယ်ပေးထားကြောင်း သိရှိရသည်။
ရာသီဥတုဒဏ် ကာကွယ်နိုင်ရန်အတွက် နေပြည်တော်ရှိ ထိုဥယျာဉ်နှစ်ခုအတွင်းရှိ တိရစ္ဆာန်လှောင်အိမ်များပေါ်တွင် တောင်ထန်းလက်ကာခြင်း၊ သက်ကယ်၊ အုန်းလက်များဖြင့် အမိုးလုပ်ခြင်း နံနက်ပိုင်းအချိန်များတွင် ရေဖြန်းခြင်း၊ ရေဘောက်ဆာကားများဖြင့် ရေဖြျန်းခြင်းများ လုပ်ဆောင်ပေးနေသည်။
ဆတ်၊ သမင်များ၊ ကြံ့များအတွက် ရေအိုင်များ၊ ရွှံ့လူးအိုင်များ ဖော်ဆောင်ပေးခြင်း၊ စမ်းချောင်းများ ပြုလုပ်ပေး ထားသည်ကို တွေ့ရှိရပြီး၊ ကျား၊ ကျားဖြူများနှင့် ဆင်များအတွက် ရေချိုးရေစိမ်ရန် ရေကန်များပြုလုပ်ပြီး အပူဒဏ်ခံနိုင်ရန် လုပ်ဆောင်ပေးနေကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေးက ပြောသည်။
“အစာကျွေးတဲ့နေရာမှာလဲ အထူးစီမံချက်တွေနဲ့ ကျွေးပါတယ်။ ရေဓာတ်ပေါများတဲ့ အသီးအနှံတွေဖြစ်တဲ့ ဖရဲသီး၊ ငှက်ပျော်သီး၊ သခွားသီး၊ အုန်းသီး၊ နာနတ်သီးတွေ ကျွေးပါတယ်။ ရေဓာတ်ကုန်ခမ်းမှုကို ကာကွယ်ဖို့ တိရစ္ဆာန် တွေကို သောက်ရေကန်တွေမှာ Anti_Stress Electrolyte တို့၊ ဓာတ်ဆားတို့ ဂလူးဂို့တို့ ထည့်တိုက်ပါတယ်” ဟု ဦးသန်းစိုးအေးက ဆိုသည်။
နေပြည်တော် တိရစ္ဆာန်ဥယျာဉ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက အပူဒဏ်ကြောင့် သားပိုက်ကောင်တကောင် အပူရှပ် သေဆုံးသွားခဲ့ကြောင်း တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးရုံးထံမှ သိရသည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်း အရှေ့ဘက်ခြမ်း မိုင်တိုင်အမှတ် ၂၅၆/၂ နှင့် ၂၅၇/၀ အကြား၊ နေပြည်တော် ဇေယျသီရိမြို့နယ် ရေဆင်းကျေးရွာအနီးတွင် တည်ရှိပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် နို့တိုက်သတ္တဝါ မျိုးစိတ် ၃၈ မျိုး (၃၄၈ ကောင်)၊ တွားသွားသတ္တဝါ မျိုးစိတ် ၃၅ မျိုး (၂၉၀ ကောင်)၊ ကျေးငှက် ၉ မျိုး (၅၆)ကောင် စုစုပေါင်း တိရစ္ဆာန်မျိုးစိတ် ၈၂ မျိုးနှင့် တိရစ္ဆာန်ကောင်ရေ ၆၉၄ ကောင် ရှိကြောင်း၊ ဆာဖာရီဥယျာဉ် (နေပြည်တော်) သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်း အရှေ့ဘက်ခြမ်း မိုင်တိုင် ၂၅၇/၀ တွင် တည်ရှိပြီး နေပြည်တော်၊ ဇေယျသီရိမြို့နယ် ရေဆင်းကျေးရွာ အနီးတွင် တည်ရှိကာ ဆာဖာရီဥယျာဉ် (နေပြည်တော်) တွင် နို့တိုက်သတ္တဝါ မျိုးစိတ် ၁၇ မျိုး(၂၁၆ ကောင်)၊ ကျေးငှက်မျိုးစိတ် ၂ မျိုး(၃၃ ကောင်) စုစုပေါင်း တိရစ္ဆာန်မျိုးစိတ် ၁၉ မျိုး၊ တိရစ္ဆာန်ကောင်ရေ ၂၄၉ ကောင် ရှိကြောင်း သိရသည်။