ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား သာမန်ဖြစ်နေကျ တိုက်ပွဲတွေလို မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေ စုစည်းဖွဲ့ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် (FUA) ရဲ့ နယ်မြေ ဖြတ်ကျော် ကူညီမှုတွေ ပါဝင်လာတာကို သတိပြုစရာ တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ၊ သင်္ကြန်ပွဲတော် ကာလအတွင်းမှာ တပ်မတော်ဘက်က စစ်ဆင်ရေး စတင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီ ၁၆ ရက်မှာ နှစ်ဖက်တပ်ဖွဲ့တွေ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ FUA က ရကိ္ခုင့်တပ်မတော် (AA) ကို ကူညီခဲ့တာလို့ သိရပါတယ်။
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “ဒီမှာ ဘယ်အဖွဲ့တွေက ပါဝင်တိုက်တယ် ဆိုတာတော့ အတိအကျ မှတ်ချက် မပေးလိုပါဘူး။ အဓိကကတော့ ရကိ္ခုင့်တပ်မတော်ကပဲ လှုပ်ရှားတာပါ” လို့ ပြောပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်စခန်းတွေ ထားရှိဖို့ စစ်ရေး ရည်မှန်းချက်ရှိပြီး ရခိုင်တိုင်းရင်းသားတွေ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလိုတာကြောင့် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မေလ ၄ ရက်က ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ အမျိုးသားလွှတ်တော် အမတ် ဦးဝေစိန်အောင်က အဆိုတင်သွင်းပေမယ့် တပ်မတော်က ကန့်ကွက်တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
အမျိုးသားလွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက AA အဖွဲ့က စတင် ပစ်ခတ်ခဲ့တာဖြစ်ပြီး ယခုတိုက်ပွဲမှာ နိုင်ငံတော်ကို လက်နက်ကိုင်ပြီး တိုက်ခိုက်နေတဲ့ အနေအထား ဖြစ်တာကြောင့် တပ်မတော်က အမျိုးသားလုံခြုံရေးအရ ပြန်လည် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ပြဿနာက ရခိုင်အဖွဲ့ကို စစ်တပ်က အသိအမှတ်ပြုမှာလား၊ မပြုဘူးလားဆိုတာနဲ့ ဆိုင်တယ်။ တကယ်လို့ အသိအမှတ်မပြုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်။ ပြဿနာက ဖြေရှင်းနိုင်မှာမဟုတ်ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။
လွှတ်တော်မှာ ရခိုင်တိုက်ပွဲရပ်ဖို့အဆို မအောင်မြင်ခဲ့တာဟာ NLD အစိုးရက တပ်မတော်ကို မကျော်လွှားနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့လည်း ဦးမောင်မောင်စိုးက ဆက်ပြောပါတယ်။
“NLDဘက်က စစ်တပ်ကို မကျော်နိုင်သေးဘူး။ ပိုအားမရတာက စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ အကူအညီက ဘာမှမရှိဘူး။ အရပ်သားတွေ ICRC, NGO တချို့က ဖြေရှင်းပေးနေရတယ်လို့” ဦးမောင်မောင်စိုးက ဆိုပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေနဲ့ ပုဏ္ဏားကျွန်းမှာ စစ်ရှောင် ဒုက္ခသည် ၂၀၀၀ ခန့် ရှိနေပါပြီ။ တိုက်ပွဲတွေ၊ စစ်ရှောင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အာဏာရပါတီ NLD အနေနဲ့ရော အစိုးရသစ်အနေနဲ့ပါ တစုံတရာ ပြောဆိုတာမျိုး မတွေ့ရှိရသေးပါဘူး။
ဒီလိုပြောဆိုမှု မပြုတာနဲ့ ပတ်သတ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးခွန်ထွန်းဦးက “အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်။ ထည့်လိုက်တဲ့ အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီး ဖြစ်သွားပြီ။ အဲဒီတော့ ဆိုလိုခြင်းက ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်တော့ သိပ်အားမကိုးရတော့ဘူး” လို့ မေလ ၇ ရက်ပြုလုပ်တဲ့ UNA အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ပိုမိုနားထောင်ပေးဖို့ လိုတယ်လို့လည်း တိုင်းရင်းသား အင်အားစုတွေက ပြောဆိုကြပါတယ်။
ရွာတွေမှာ တပ်မတော်ရဲ့ စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ဒေသခံတွေက ပြန်လည် မနေထိုင်ရဲတော့ပါဘူး။ တိုက်ပွဲကာလ အတွင်းမှာ လမ်းပြဆိုပြီး တပ်မတော်က ဒေသခံရခိုင်တွေကို ခေါ်ဆောင်သွားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ဒေသဟာ စစ်ဘေးဒဏ် မခံစားခဲ့ရတာ ၃၅ နှစ် ဝန်းကျန်ခန့် ရှိပါပြီ။ ၁၉၈၀ ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ်မှာ ရှိခဲ့တဲ့ ရခိုင်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ရှိခဲ့ပေမယ့် တပ်မတော်က အပြတ်အသတ် တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ ရခိုင်တပ်ဖွဲ့တွေဟာ ထိုင်းနယ်စပ်မှာပဲ ယနေ့အထိ တပ်စခန်းတွေအခြေချ နေထိုင်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ ဝင်ရောက်လှုပ်ရှားမှုတွေ အားနည်းသွားခဲ့ပါတယ်။
AA အဖွဲ့က ၂၀၀၉ ခုနှစ်မှာ တပ်ကို စတင် တည်ထောင်ခဲ့ပေမယ့် မဟာမိတ်တွေရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်စခန်းတွေ တည်ဆောက်ဖို့ ကြွေးကြော်ခဲ့ပြီး ရခိုင်တိုက်ပွဲတွေမှာလည်း တပ်မတော်ဘက်က အဆင့်မြင့် အရာရှိတွေ ကျဆုံးသည်အထိ အထိနာခဲ့ပါတယ်။
AA ရဲ့ လုပ်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး ရခိုင်ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေး စိတ်ဓာတ်တွေက နိုးကြားလာပြီး ထောက်ခံမှုတွေလည်း ယခင်ရှိခဲ့တဲ့ ရခိုင်တပ်ဖွဲ့တွေထက် ပိုမိုရရှိလာပါတယ်။ AA ရဲ့အဆိုအရ ရခိုင်အရပ်သား ပူးပေါင်းမှုက တသောင်းကျော်လောက် ရှိတယ်လို့ သိရပါတယ်။
တပ်မတော်ဘက်က တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ AA နဲ့ ဆက်နွှယ်တယ်လို့ ထင်ရတဲ့ ရွာတွေမှာ ဝင်ရောက် စစ်ဆေးတာမျိုး၊ လမ်းတွေမှာ AA ကို လာကူညီမယ့် FUA တပ်ဖွဲ့ဝင်တွေ ဝင်မလာနိုင်ဖို့ စစ်ဆေးတာမျိုးလုပ်ပြီး ဖမ်းဆီးမိတဲ့သူတွေကို မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးတာ အခုဆိုရင် အယောက် ၄၀ ခန့် ရှိနေပါပြီ။ တရားစွဲဆို ခံထားရသူတွေလည်း ရှိနေပါသေးတယ်လို့ သိရပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA ရဲ့ စစ်ရုံးချုပ်ကို ယခုအချိန်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ အခြေစိုက် ထားရှိပြီး ရခိုင်ပြည်နယ်မှာလည်း အခြေစိုက် တပ်စခန်းတွေ ချနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၁၅ ခုနှစ်၊ မေလမှာ AAအဖွဲ့က ဧရာဝတီကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က AA ဟာ ခေတ်ပညာတတ် လူငယ်တွေ ဦးဆောင်ပြီး ခေတ်မီစစ်ပညာ၊ ပြောက်ကျားစစ်ကို ကျွမ်းကျင်တာကြောင့် ရခိုင်လူထုရဲ့ ထောက်ခံမှုလည်း အားကောင်းတယ်လို့ ဆိုပါတယ်။
ဒေါက်တာ အေးမောင်က “ရခိုင်တွေက ဘာမှအခွင့်အရေး မရဘူး။ သေမထူး နေမထူးပါ။ ဒီလိုသေမထူး နေမထူး လူ့အဖွဲ့အစည်းတခုကို ဦးဆောင်မယ့်သူက အသက်ကြီးကြီးတွေထက် အသက်ငယ်ငယ်က ပိုပြီးစွမ်းအားရှိတယ်လို့ ” AA ကို ထောက်ခံကြောင်း ပြောပါတယ်။
AA အဖွဲ့ဟာ ၇ နှစ်တာ ကာလအတွင်းမှာ မြောက်ပိုင်းက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မဟာမိတ်အဖြစ် ထူထောင်နိုင်ပြီး လွတ်လပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့အဖြစ် ရပ်တည် လာနိုင်တာကြောင့် ရခိုင်လူထုရဲ့ အားကိုးထောက်ခံမှု ပိုမိုများလာတာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။
“AA ဆိုတာ ရခိုင်တွေရဲ့ ရင်ထဲမှာရှိတယ်။ တပ်မတော်ထဲမှာ ရှိတဲ့ ရခိုင်တွေဖြစ်ဖြစ် ကျနော်တို့ နိုင်ငံရေး ပါတီတွေထဲကဖြစ်ဖြစ် မေးကြည့်ဒီတိုင်းပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုက နိုင်ငံရေးအားဖြင့် ဖြေရှင်းဖို့လိုပြီ ဆိုတာကို ပြချင်လို့ အဲဒါပါပဲ” လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် လုပ်ဆောင်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်မှာ မြောက်ပိုင်းက အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပါဝင် လက်မှတ်မထိုးခဲ့တာက တပ်မတော်က AA အပါအဝင် ကိုးကန့် (MNDAA) နဲ့ ပလောင်တပ်ဖွဲ့ (TNLA) တို့ကို ငြိမ်းချမ်းရေးမှာ အသိအမှတ် မပြုခဲ့လို့ပါလို့ ပြောဆိုခဲ့ကြပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သမ္မတဟောင်း ဦးသိန်းစိန် လုပ်ခဲ့သလို အပစ်ရပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတဲ့ အစီအစဉ်ကို ပြောင်းပြန် ပြင်ဆင်သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။
“နိုင်ငံရေး အရင်ဆွေးနွေးပြီး သဘောတူညီမှုတွေရရင် လက်နက်ကိုင်ပြဿနာက တဆင့်ချင်း ရှင်းသွားလို့ရတယ်။ ဦးသိန်းစိန် လုပ်တာနဲ့ ပြောင်းပြန်လုပ်သင့်တယ်။ ဦးသိန်းစိန်ရဲ့မူက တပ်ရဲ့မူပဲဆိုတော့ နည်းနည်းခက်လိမ့်မယ်။ ဒေါ်စု ဘယ်လိုကျော်လွှားမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပဲ” လို့ ၎င်းက ဆိုပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကလိုပဲ AA အဖွဲ့ကို အသိအမှတ် မပြုဘဲ လျစ်လျူရှုထားမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးဘဲ တိုင်းရင်းသားများနဲ့ ရင်ကြားစေ့ရေးကလည်း အကျပ်အတည်း ဆိုက်နေဦးမှာဖြစ်တယ်လို့ ဦးမောင်မောင်စိုးက ဆက်ပြောပါတယ်။
တပ်မတော်အနေနဲ့ ပြည်သူတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်လိုတယ်ဆိုရင် AA အဖွဲ့ကို တိုင်းရင်းသား တပ်ဖွဲ့တဖွဲ့အနေနဲ့ လက်ခံပြီး နိုင်ငံရေး ဆွေးနွေးပွဲကိုသွားဖို့ စီစဉ်သင့်ပြီ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။