စစ်အစိုးရလက်ထက် နိုင်ငံရေးဖိနှိပ်မှုများရှိနေချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့အတူ မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက တိုင်းရင်းသား တွေ အနေနဲ့ NLD ကို တိုင်းရင်းသားအရေးကိစ္စအတွက် အားကိုးလို့ မရတော့ဘူးလို့ ပြောဆိုလိုက်တာမို့ NLD အပေါ် တိုင်းရင်းသားတွေ ယုံကြည်မှု လျော့ကျလာပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
မေလ ၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးပွဲကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ ဦးခွန်ထွန်းဦးလည်းတက်ရောက်ခဲ့ပြီး ဦးခွန်ထွန်းဦးက တိုင်းရင်းသားတွေမှာ အားကိုးစရာ လူမရှိတော့တဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ အားကိုးတကြီး နဲ့ မဲထည့်လိုက်တယ်။ ထည့်လိုက်တဲ့ အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာတော်တော်လေး ကို သိသိ သာသာကြီး ဖြစ်သွားပြီး၊ ဆိုလိုတာကတော့ ဘယ်နည်းနဲ့မဆို NLD က တိုင်းရင်းသား အရေးအတွက် သိပ်အားမကိုး ရတော့ဘူး” လို့ ဦးခွန်ထွန်းဦးက ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်ဟာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားတွေကြားမှာ ဂယက် ရိုက်ခတ်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပင်လုံညီလာခံ ဖြစ်ပေါ်ရေးဆိုတဲ့ မျှော်လင့်ချက်တွေအပေါ်လည်း အနုတ်လက္ခဏာ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို တိုင်းရင်းသားတွေဘက်က စိုးရိမ်နေကြပါတယ်။
UNA အဖွဲ့ဟာ အရင်က တိုင်းရင်းသားပါတီ ၈ခုနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ တိုင်းရင်းသားပါတီ ၄ခု ထပ်မံ တိုးပါလာတာမို့ အင်အားကြီးတဲ့ မဟာမိတ်တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့အစည်းကြီးတခုလည်း ဖြစ်ပါ တယ်။
ဦးခွန်ထွန်းဦး ပြောဆိုခဲ့တဲ့ ရခိုင်ကိစ္စဆိုတာက ဧပြီ ၁၆ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပေမယ့် အစိုးရဘက်က တစုံတရာကူညီတာမျိုး မရှိခဲ့တဲ့အပြင် လွှတ်တော်တွင်း ရခိုင်ပါတီ အမတ်တွေ တိုက်ပွဲများ ရပ်တန့်ရေးနဲ့ ရက္ခိုင်တပ်မတော်(AA) ကို နိုင်ငံရေးဆွေးနွေးပွဲမှာ တရားဝင် ထည့်သွင်းဖို့ ဆွေးနွေးရာမှာ မအောင်မြင်ခဲ့တဲ့ ကိစ္စရပ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသား ပါတီ(ANP) ဥက္ကဌ ဒေါက်တာအေးမောင် က လည်း “NLD အစိုးရ က တိုင်းရင်းသား အသံတွေ ကို ပိုပြီး စူးစိုက်နားထောင်သင့်တဲ့ အခြေအနေလို့ ကျနော်ပြောချင်ပါတယ်။ နိုင်ငံရေး ပါတီဘက်က လွှတ်တော် ဘက်ကို ရောက်တဲ့ ပါတီတိုင်း က ပြည်တွင်းစစ်ကို ရပ်ချင်တယ်။ လူနည်းစု အသံကို လူများစု ကလက်ခံ ပေးရမယ်” လို့ပြောဆိုပါတယ်။
ရခိုင်တိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေဘက်မှာ တလသားသာရှိသေးတဲ့ NLD အစိုးရနဲ့ လွှတ်တော် အပေါ် စိတ်ပျက်မှုတွေ ရှိလာနေတာကတော့ အသေအချာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ၂၁ရာစု ပင်လုံညီလာခံ ခေါ်ယူရေးကို လာမယ့် လပိုင်းအတွင်း လုပ်ဆောင်မယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် အဓိက စိတ်ပျက်နေတာက ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းရေး၊ အစိုးရဖြစ်လာပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး အပါအဝင် နိုင်ငံရေးကိစ္စတွေမှာ တစုံတရာ ဆွေးနွေး ညှိနှိုင်းမှု မရှိတာကို စိတ်ပျက်လက်ပျက်ဖြစ်နေကြတာပါ။
ရွေးကောက်ပွဲ ပြီးနောက် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိခဲ့ပေမယ့် NLD ဟာ အနိုင်ရ တိုင်းရင်းသားတွေကို စကားတစုံတရာ ပြောဆိုခြင်း မရှိဘဲ ဝန်ကြီးချုပ်တွေကို NLD ပါတီဝင်တွေကိုပဲ ရွေးချယ်ခန့်ထားခဲ့ရာကစလို့ တိုင်းရင်းသားတွေက NLD အပေါ် မယုံကြည်မှု တွေရှိလာ တယ်လို့ တိုင်းရင်းသားတွေကဆိုပါတယ်။
အစိုးရဖွဲ့စည်းရေးမှာ စတင်လိုက်တဲ့ မယုံကြည်မှုက ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး ၊ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေးတွေအထိပါ ဆက်တိုက် သွားမယ့် အခြေအနေ ရှိနေ တယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တချို့က ဆိုပါတယ်။
“ NLD အစိုးရ က ဘယ်ပါတီ နဲ့မှ မဆွေးနွေးတဲ့ပြဿနာပဲ။ ANP ပြဿနာဆိုရင် သူက ပြည်နယ်လွှတ်တော်မှာ အမတ်အများဆုံးရတယ်။ သူတို့ ကို စောစောစီးစီးခေါ်တွေ့မယ်ဆိုရင် ပြဿနာဖြစ်မှာမဟုတ်ဘူး။ ဦးညီပုကို ဝန်ကြီးချုပ် တင်ရင်လည်း ပြသာနာမရှိဘူး။ လုံးဝမဆွေးနွေးတဲ့အခါကျတာ့ တိုင်းရင်းသားတွေကလည်း အယုံ အကြည် လျော့ တာပေါ့” ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း ခေါ်မယ်လို့ပြောဆိုထားပေမယ့်လည်း NCA လက်မှတ်မရေးထိုးခဲ့ဘဲ တပ်မတော်နဲ့ တိုက်ပွဲတွေ တောက်လျောက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တစုံတရာ တွေ့ဆုံခြင်း၊ ငြိမ်းချမ်းရေး စကားပါးတာတွေ မလုပ်သေးတဲ့အပေါ်မှာလည်း တိုင်းရင်းသားတွေက သံသယဖြစ်နေကြပါတယ်။
ဒါ့အပြင် “o” လက်နက်ကိုင်အဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD အမတ်တဦးကို အဲဒီလို သွားရောက် တွေ့ဆုံလို့ ဆိုပြီး လွှတ်တော်ကော်မတီ လုပ်ငန်းတာဝန်တွေက ရပ်နားခဲ့တာကလည်း တိုင်းရင်းသား တွေကြား မှာ အတော်ဂယက်ကြီးမားစွာ ရိုက်ခတ်ခဲ့ပါတယ်။
“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) က NLD ပါတီဝင်လည်း ဖြစ် ၊ တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဝင် လည်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးစိုးဌေးကို ဧပြီလ အတွင်းက ရင်းနှှီးမှုအရ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို အသိမပေးလို့ ဆိုတဲ့ မှတ်ချက်နဲ့ ဦးစိုးဌေး ကို ပါတီရဲ့ အရေးကြီး တာဝန်တွေ တနှစ် လုပ်ခွင့် မပြုဆိုတဲ့ အရေးယူမှု လုပ် ဆောင် ခဲ့ပါတယ်။
ဒီလုပ်ရပ်အပေါ်မှာလည်း တိုင်းရင်းသားတွေက သတိထားစောင့်ကြည့်နေကြပြီး NLD ပါတီ လွှတ်တော်အမတ် ၁ ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တွေ့ဆုံတာကို အရေးယူတဲ့အပေါ် သို့လော သို့လော ဖြစ်ကုန် ကြပါတယ်။
“ဝ” သွေး စည်းညီညွတ်ရေး တပ်မတော် ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ အင်အားကြီးတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပြီး တွေ့ဆုံမှု အပေါ် အခြေခံတဲ့ အရေးယူမှုက ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်မှုတွေ လည်း ရှိနေပါတယ်။
တိုင်းရင်းသားတွေဘက်ကတော့ NLD အနေနဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ သဘောထားကြီးဖို့ လိုအပ်ပြီး တပ်မတော်နဲ့ အဆင်ပြေအောင်လုပ်ရင်း တိုင်းရင်းသားတွေနဲ့ ဝေးကွာသွားမယ့် အခြေအနေမျိုး မဖြစ်အောင် NLD က သတိပြုဖို့လိုတယ်လို့ ဆိုပါတယ်။
“နောက်ကွယ်မှာ ဘာရှိမှန်း ကျနော်တို့ ခန့်မှန်းရခက်တယ်။ ဦးစိုးဌေးသွားတွေ့တဲ့ကိစ္စက ကောင်းတဲ့ ကိစ္စဖြစ် တယ်။ ဖော်ပြချက်လည်းကောင်းတယ်။ “ဝ” ဘက်ကလည်း ဖော်ပြချက်ကောင်းပါတယ်။ ဦးစိုးဌေးကို လွှတ် တော် ထဲ က ဖယ်တာ ဖိအားရှိတယ်ဆိုတာ စဉ်းစားစရာပါ။ဒါဟာ တိုင်းရင်းသားတွေ ယုံကြည်မှု ပျက်ဖို့ထက် သို့လော သို့လော ဖြစ်စေပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။
NLD အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်လိုတယ်ဆိုရင် တိုင်းရင်းသားပြဿနာတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ အပစ်ရပ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလို လုပ်ဆောင်ဖို့ဆိုရင်လည်း တိုင်းရင်းသားတွေနဲ့ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာ က သုံးသပ်ပြောဆိုပါတယ်။