ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD အစိုးရသက်တမ်း ၅ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်မယ်လို့ ပြောဆိုလိုက်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ ဒေသအသီးသီးမှာ စစ်ရေး အခြေအနေတွေက ပိုမိုတင်းမာလာတာကို တွေ့ရပါတယ်။
ဧရာဝတီက စုံစမ်းသိရှိရသမျှ သတင်းတွေအရ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပြီး၊ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတိုင်းမှာ တပ်မတော်ဘက်က စတင်ပြီး တိုင်းရင်းသား တပ်စခန်းတွေ အနားကို ကပ်လာကာ စစ်ဆင်ရေး လုပ်တာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွား နေရတယ်လို့ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ခံတွေက ပြောပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီးတော့ လွတ်လပ်တဲ့ အတည်ပြုချက် မရရှိနိုင်သေးပါဘူး။
ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) မှ ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ တပ်စခန်းကို စစ်ကြောင်း ၃၊ ၄ကြောင်းနဲ့ သူတို့ အရင်လာတိုက်တယ်။ သူတို့ကျရှုံးများလို့ မကျေနပ်လို့ လေယာဉ်နဲ့ ဗုံးထပ်လာကြဲတယ်။ အကြိမ်ကြိမ် ပစ်ခတ်မှုတွေလုပ်တယ်” လို့ တိုက်ပွဲ ဖြစ်ပွားရပုံကို ပြောပြပါတယ်။
တပ်မတော်နဲ့ SSPP တို့အကြား မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါတိုက်ပွဲမှာ တပ်မတော်ဘက်က မှားယွင်းပစ်ခတ်မှုကြောင့်ပဲ တပ်မတော်တပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
SSPP လိုပဲ တပ်မတော်နဲ့ ကချင်ပြည်နယ်အတွင်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာတဲ့ အချိန်မှာလည်း တပ်မတော်က ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတာတွေ ပြုလုပ်နေတာကြောင့် “ဒါဟာ အဆန်းမဟုတ်တော့ဘူး” လို့ KIA အရာရှိတွေက ဆိုကြပါတယ်။
လက်ရှိမှာ တပ်မတော်က ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ မန်စီမြို့နယ်အတွင်းမှာ KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း တကြောလုံး နီးပါးမှာလည်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာလည်း တပ်မတော်က ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေသလို၊ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာတော့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား ငြိမ်းချမ်းရေး ယူထားသည့်တိုင် ထိတွေ့ တိုက်ပွဲဖြစ်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပြောဆိုချက်နဲ့ ပတ်သက်ပြီးတော့ TNLA ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ် တားဂျုတ်ဂျာကို ဧရာဝတီက မေးမြန်းတဲ့အခါ ၎င်းက “မပြောတတ်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ပြောတာပဲ။ နားမလည်ဘူး။ လုပ်နိုင်ရင်တော့ ဖြစ်မှာပေါ့” လို့ ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ TNLA နဲ့ AA တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘဲ လက်နက်စွန့်ရမယ်ဆိုပြီး ပြောဆိုနေတာကြောင့် တပ်မတော်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်ပဲ အောင်မြင်အောင် ဆွေးနွေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က လက်ရှိအစိုးရ ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးကို အကောင်းဆုံး မျှော်လင့်ထားပေမယ့် သံသယတချို့ ရှိနေတာကြောင့်လည်း အဆိုးဆုံးကို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ရန်ကုန်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တိုက်ပွဲတွေ ရပ်တန့်ဖို့ဆိုတာက တပ်မတော်ရဲ့ သဘောထားကြီးမှု အမှန်တကယ်ရှိမှ ဖြစ်လာနိုင်မှာမို့ အစိုးရအနေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို သွားတာထက်စာရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားပြီးမှ တိုက်ပွဲကိစ္စတွေကို ဖြေရှင်းတာက ပြည်တွင်းငြိမ်းချမ်းရေးကို ပိုမိုဖြစ်နိုင်မယ်လို့ ပြောပါတယ်။
ဦးမောင်မောင်စိုးက “လက်နက်စွန့်ပြီးဖြစ်စေ မစွန့်သည်ဖြစ်စေ NCA လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မယ်။ နိုင်ငံရေးဆွေးနွေးပွဲကို အရင်စမယ်ဆိုရင် ပြဿနာဖြေရှင်းနိုင်လိမ့်မယ်” လို့ သုံးသပ်ပါတယ်။
တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ရှိတဲ့အနက် ၈ ဖွဲ့က ယခင်အစိုးရ လက်ထက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားပြီး လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးထားတဲ့ အဖွဲ့ဆိုပြီး ကွဲပြားနေပါတယ်။ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) နဲ့ TNLA တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားပါတယ်။
TNLA နဲ့ MNDAA တို့ မေလ ၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ နုတ်ထွက်ဖို့ စာတင်ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အသိုင်းအဝိုင်းမှာတော့ TNLA, MNDAA အပါအဝင် KIA, AA, SSPP, မိုင်းလား – NDAA နဲ့ “ဝ” အဖွဲ့ UWSA တို့က မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေပဲပါဝင်တဲ့ တပ်ပေါင်းစုတခုကို တည်ထောင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုနေကြတယ်။
ဧရာဝတီက အတည်ပြုချက် ရယူဖို့ ကြိုးစားပေမယ့် အဆိုပါအဖွဲ့တွေကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အပြည့်အ၀ ဖော်ဆောင်ချင်တယ် ဆိုရင်တော့ တိုက်ပွဲတွေ လျှော့ချပြီး တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့တွေအကြား ပြေလည်မှုရရှိအောင် လုပ်ပေးဖို့ လိုအပ်တဲ့အပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးကိုလည်း အစစ်အမှန် ပေးမယ်ဆိုတဲ့ ယုံကြည်မှုမျိုး ချပြရလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းကျော်ညွှန့်က “ဘယ်လိုဗျူဟာနဲ့ စေ့စပ်ညှိနှိုင်းမလဲ။ အကောင်းဆုံးကတော့ အားလုံးညှိနှိုင်းပြီး စစ်မဖြစ်တာ အကောင်းဆုံးပဲ” လို့ ပြောဆိုပါတယ်။