ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် တကြောမှာ ရှိတဲ့ တပ်တွေ ပေါင်းစုပြီး လက်နက်ကိုင် တပ်ပေါင်းစုကြီး တခု ပေါ်ထွက် လာ မယ့် အလားအလာ ရှိတယ်လို့ ဝါရင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦး က ပြောပါတယ်။
အဲဒီ တပ်ပေါင်းစုကို ဘယ်သူက ဦးဆောင်မယ်။ တပ်ပေါင်းစုထဲမှာ ဘယ်အဖွဲ့တွေပါမယ်။ ဘာကြောင့် ဖွဲ့မယ် ဆိုတဲ့ မေးခွန်းတွေကို တော့ ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်း အချင်းချင်းကြားမှာ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်တဲ့အတွက် နားလည်ပေးဖို့လည်း ပြောဆိုပါတယ်။
ဒါပေမယ့် အဲဒီတပ်ပေါင်းစုဟာ အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေ စုဖွဲ့တာမျိုး ဖြစ်လိမ့်မယ်လို့တော့ ဆိုပါတယ်။
အဲဒီ ဝါရင့် တိုင်းရင်းသား ခေါင်းဆောင်က NCA လက်မှတ် ရေးထိုးခဲ့တဲ့ အဖွဲ့ တဖွဲ့ထဲက ဖြစ်ပါတယ်။
ဒီလိုအသံတွေ ထွက်ပေါ်ပြီးတဲ့နောက်မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နဲ့ ဖွ့ဲစည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) တပ်ပေါင်းစုထဲမှာ ရှိနေတဲ့ အဖွဲ့နှစ်ဖွဲ့က နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) နဲ့ မြန်မာ နိုင်ငံ အမှန်တရားနဲ့ မျှတမှု အမျိုးသား ပါတီ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့က အခုလ ၉ ရက်နေ့မှာ နုတ်ထွက်ခွင့်ပြုဖို့ UNFC ကို တရားဝင် စာတင်ခဲ့ကြတယ်လို့ သိရပါတယ်။
MNTJP/MNDAA နဲ့ PSLF/TNLA တို့ အနေနဲ့ သူတို့ ရပ်တည်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ စစ်ရေး အခြေအနေတွေကြောင့် နုတ် ထွက်စာ တင်ရတာဖြစ်ကြောင်း PSLF/TNLA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော် က RFA သတင်းဌာန ကို ပြောဆို ထားတာ ဖတ်ရှုရပါတယ်။
“ကျနော်တို့ PSLF ရယ် ပြီးတော့ ကိုးကန့်အဖွဲ့ရယ် ကျနော်တို့ တပြိုင်နက်တည်း တောင်းထားတာပါ။ အဓိကကတော့ ကျနော်တို့ဘက်မှာ စစ်ရေး အခြေအနေတွေ အရမ်းတင်းမာနေတယ် တိုက်ပွဲတွေ ဖြစ်နေတယ် တောက်လျှောက်လည်း ဖြစ်နေတယ်။ ဒါပေ မယ့် ကျနော်တို့ UNFC ရဲ့ပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့အပေါ်မှာ အရမ်းကို အားနည်းခဲ့တယ်။ အခု အစိုးရသစ် တက်လာတဲ့ အချိန်မှာလည်း စစ်ရေးဖိအားတွေ ထပ်ရှိနေတယ်။ အဓိကတော့ NCA ထိုးပြီးနောက်ပိုင်းမှာ ပိုပြီးပြဿနာရှိလာတာ ပေါ့။ လက်မှတ် ထိုးပြီးတဲ့ နောက်ပိုင်းမှာ UNFC က ကျနော်တို့ကြောင့် ဒီ NCA ထဲမှာ လိုက်ပါနိုင်ဖို့ အခက်အခဲတွေ ရှိသွားနိုင်တယ်”လို့ ဒု ဗိုလ်မှူးကြီး တာ့ဘုန်းကျော် က ပြောဆိုထားပါတယ်။
MNTJP/MNDAA နဲ့ PSLF/TNLA တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး မထိုးရ သေး တဲ့ အဖွဲ့တွေဖြစ်ပါတယ်။
PSLF/TNLA ဆိုရင် လက်ရှိအချိန်မှာလည်း အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတဲ့ အဖွဲ့ဖြစ်ပြီး MNTJP/MNDAA ကတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ လောက်ကိုင်ဒေသမှာ နှစ်ဘက် အသေအပျောက်များတဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အဖွဲ့ပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကြားမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ MNTJP/MNDAA နဲ့ PSLF/TNLA တို့ဟာ UNFC ကနေထွက်ပြီး မြန်မာနိုင်အတွင်း အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ ပူးပေါင်းမယ့် အလားအလာရှိတယ်လို့ သိရပါတယ်။
UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ “ပန်ဆန်း” မြို့မှာ ဒီနှစ် မတ်လ ၂၆ ရက်ကနေ ၂၈ ရက်အထိ တရုတ်နယ်စပ်မှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို UWSA ခေါင်းဆောင်တွေက ဦးဆောင်ပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင ်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့် တပ်မတော် (AA) တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ UWSA ခေါင်းဆောင်တွေက သူတို့အနေနဲ့ အစိုးရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးတဲ့ ခေါင်းဆောင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကို UWSA အနေနဲ့ ဦးဆောင် လိုတဲ့ အကြောင်း ချပြဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်ကို UNFC မှာ ဦးဆောင်နေတဲ့ KIO က လက်မခံကြောင်း ပြန်ဆွေးနွေးခဲ့တယ် လို့ ဆိုပါတယ်။
“ပန်ဆန်း” အစည်းအဝေးအပြီးမှာ UNFC က သူတို့ဆီမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင့် တပ် မတော် (ULA/AA) ကို အစိုးရသစ်နဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) UNFC က ထည့်သွင်း ပေးထားပါတယ်။
ဒါပေမယ့် ULA/AA က အခုအချိန်ထိ ကိုယ်စားလှယ် စာရင်း မပေးသေးပါဘူး။
“ပန်ဆန်း” အစည်းအဝေး မတိုင်ခင် လအတန်ကြာကတည်းက ULA/AA က UNFC တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားတဲ့ အဖွဲ့ဖြစ်ပြီး UNFC က တပ်ပေါင်းစုအတွင်းမှာရှိတဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) နဲ့ ပူးပေါင်းဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီ အကြံပြုချက် က အောင်မြင်မှုမရဘဲ ULA/AA က UNFC ထဲဝင်ဖို့ စိတ်ဝင်စားမှု လျော့ကျလာတာ သတိထားမိပါတယ်။
UWSA နဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆက်ဆံရေးကောင်းတွေ အရှိန်ရလာတဲ့ အထဲမှာ MNTJP/MNDAA နဲ့ PSLF/TNLA တို့အပြင် ရခိုင်ပြည်နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ULA/AA လည်း တဖွဲ့ အပါအဝင်ပါ။
ULA/AA ဟာ MNTJP /MNDAA နဲ့ PSLF/TNLA တို့ရဲ့ မဟာမိတ်ဖြစ်ပါတယ်။
ပြင်းထန်တဲ့ လောက်ကိုင် တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရ တပ်မတော်ကလည်း အခုအချိန်အထိ MNTJP/MNDAA နဲ့ အတူ ရပ် တည် တိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ PSLF/TNLA နဲ့ ULA/AA အပေါ်မှာ ကျေလည်ပုံ မရသေးဘူးလို့ ယူဆရပါတယ်။
မေလ ၁၃ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပွဲမှာ TNLA၊ MNDAA၊ AA မဟာမိတ် သုံးဖွဲ့ အရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာ မဟာမိတ်သုံးဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ဖို့ မသင့်ဘူး။ သူတို့လုပ်သင့်တာက လက်နက်စွန့်ဖို့ပဲ ဖြစ်တယ်လို့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုပါတယ်။
တပ်မတော်ဘက်က ဒီလိုမှတ်ချက်တွေဟာ အလုံးစုံပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်း စစ်ပွဲတွေ လုံးဝ ရပ်ဆိုင်းသွားဖို့ အတွက်တော့ စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ကြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြောက်ပိုင်း တပ်ပေါင်းစုကို UWSA က ဦးဆောင်ဖွယ်ရှိပြီး UWSA နဲ့အတူ NDAA၊ TNLA၊ MNDAA နဲ့ AA တို့ဟာ တပ်ပေါင်းစု အဖွဲ့ဝင်တွေအဖြစ် စစ်ရေး၊ နိုင်ငံရေး အရ ပူးပေါင်းလှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
UWSA အတွက် သံလွင်မြစ် အနောက်ဘက်ခြမ်းက တတိုင်းတခုဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက် ပိုင်း (SSPP/SSA) ကတော့ အရင်ကတည်းက စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအတွက် မဟာမိတ်တခု ဖြစ်ပြီးသားပါ။
သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း တရုတ် နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တပ်တွေကြား မြောက်ပိုင်း တပ်ပေါင်းစုကြီး တခု ပေါ်ထွက်လာခဲ့ရင် လက်ရှိ ရှိနေတဲ့ တပ်ပေါင်းစုတခုဖြစ်တဲ့ UNFC အဖွဲ့မှာ အင်အား လျော့နည်းသွား နိုင်သလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား UNFC ၊ မြောက်ပိုင်းတပ်ပေါင်းစု၊ အပစ်ရပ် ၈ ဖွဲ့ ဆိုပြီး သုံးဖွဲ့ဖြစ်သွား နိုင်ပါတယ်။
ဒီအခြေအနေတွေ ဖြစ်လာရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတွက်လည်း ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ။