ဆောင်းပါး

လုံခြုံမှု မရနိုင်သေးသည့် မြန်မာအမျိုးသမီးများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူမှုရေးပြဿနာတချို့ကြောင့် လူစည်ကားရာနေရာတွေနဲ့ အများပြည်သူသုံး ယာဉ်လိုင်းတွေပေါ်မှာအမျိုးသမီး တွေ အကြမ်းဖက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပွား လျက် ရှိနေပါတယ်။

ဒါဟာမြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတို့ဘ၀ လုံခြုံမှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး ဒီလို ကာယအိန္ဒြေ နှောင့်ယှက်ခံရမှုတွေကို ရပ်တန့်ဖို့ ဘယ်လိုနည်လမ်းတွေနဲ့ ဆောင်ရွက်သင့်နေပြီလဲဆိုတာ အရေး တကြီး အဖြေရှာဖို့ အချိန်တန်နေပါပြီ။

အခုနှစ်ဧပြီလ တလတည်းအတွင်းမှာ လူမှုရေးကိစ္စနဲ့ ပတ်သက်လို့ အမျိုးသမီးငယ်တချို့ ကို အမျိုးသားတချို့က ဓား၊ ကတ်ကြေးစတဲ့ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးနှက်ခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှု ၃ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တချို့က သာမန်နာကျင်စေမှုမျိုး မဟုတ်ဘဲ အပြင်းအထန် နာကျင်စေလိုတာကြောင့် လုပ်ဆောင်ခဲ့ကြတာဖြစ်သလို ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကလည်း အချစ်ရေး ပြဿနာကို အခြေခံပြီး ဒေါသအလျောက် ပြုမူလုပ်ဆောင်တာကို တွေ့ရတယ်လို့ ရဲမှုခင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်စဉ်တွေက လူမှုကွန်ရက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ထိတ်လန့်ဖွယ် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ ဖြစ်လာပြီး အားနည်းသူကို အင်အားသုံး အကြမ်းဖက် ကျုးလွန်သူအပေါ် ရှုတ်ချသူကရှုတ်ချသလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို “သစ္စာမရှိလို့ ခံရတာခံရပစေ”လို့ ပြောဆိုဝေဖန်ပြစ်တင်တာတွေကိုလည်း တွေ့ရပါတယ်။

နောက်ထပ်အကြမ်းဖက် ဖြစ်စဉ်တခုက နေ့စဉ်ရုံးတက်ရုံးဆင်း အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ အများ ပြည်သူသုံး ယာဉ်လိုင်းများ စီးနင်းနေချိန်မှာ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေခြင်းပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နစ်နာခဲ့ရသူ အမျိုးသမီးတချို့က တခြားအမျိုးသမီးတွေကို အများပြည်သူသုံး မော်တော်ယာဉ်များ စီးနင်းတဲ့အခါ သတိထားနိုင်အောင်၊ တကယ်လို့ ကြုံတွေ့လာရရင်လည်း ရှက်လို့ဆိုပြီး ငြိမ်ခံမနေဘဲ တခုခုတုံ့ပြန်မှုတွေ လုပ်ဆောင်ပါဆိုပြီး လူမှုကွန်ရက်ကနေ သူတို့ကြုံခဲ့ရတာတွေကို ပြန်လည်မျှဝေ ရေးသားနေတာတွေလည်း ခပ်စိပ်စိပ် တွေ့လာရတယ်။

ဒီလိုဖြစ်ရပ်တွေကို သိမြင်လာရတဲ့ အမျိုးသားအများစုနဲ့ တချို့သောအမျိုးသမီးတွေက နစ်နာခဲ့ရသူ အမျိုးသမီး တွေရဲ့ အဝတ်အစားက ဘယ်လိုဝတ်ထားလို့၊ နေပုံထိုင်ပုံက ဘယ်လိုဖြစ်လို့စသဖြင့် ရှေးရိုးစွဲသေးသိမ်တဲ့ အယူအဆတွေနဲ့ ခံခဲ့ရသူအမျိုးသမီးကို အပြစ်တင်ကြတာကိုလည်း တွေ့ရတယ်။

ဒီလိုရှေးရိုးစွဲ အစဉ်အလာတွေနဲ့ အပြစ်ဖို့တတ်ကြတာက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုရေးစံနှုန်းကို ဖော်ပြတာပဲဖြစ် တယ်လို့ အခရာအမျိုးသမီးအဖွဲ့ ဒါရိုက်တာဒေါ်ထားထားက ပြောပါတယ်။

တကယ်တော့ အမျိုးသမီးတွေ ဒီလိုကျူးလွန်ခံခဲ့ရတာတွေက အဝတ်အစား၊ အနေအထိုင်၊ အခြေအနေတွေနဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲ ကျူးလွန်သူရဲ့အမြင် ခံယူချက်နဲ့ ယုတ်မာရိုင်းစိုင်းမှုတွေအပေါ်မှာပဲ မူတည်နေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအယူအဆ၊ အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေက တခါတရံမှာ ပြစ်မှု ကျူးလွန်မယ့် အမျိုးသားတွေအတွက် အားပေးအားမြှောက်ပြုရာ၊ အကာအကွယ်ပေးရာ ရောက်တဲ့အတွက် ဒါတွေ ကို ပြောင်းလဲချိန်တန်နေပြီလို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေ ထောက်ပြဝေဖန်ကြပါတယ်။

အခရာအမျိုးသမီးအဖွဲ့ ဒါရိုက်တာဒေါ်ထားထားက “ကျမတို့ရဲ့ မိသားစုအသိုင်းအဝိုင်းထဲမှာ မိန်းကလေးတွေကို သွန်သင်တာတွေက အတင်းရှက်ဖို့ အတင်းကြောက်ဖို့ သွန်သင်ပြီး ယောကျာ်လေးတွေကို အတင်းရဲဖို့ သွန်သင် သလို ဖြစ်နေတယ်။ ဒါတွေကို ပြောင်းသင့်တယ်။ ဒီလိုလှိုက်စားနေတဲ့ ပြဿနာတွေကို ရပ်ဖို့ဆိုရင်တော့ တရား ဥပဒေစိုးမိုးရေးကို အရေးတကြီးနဲ့ ပြင်းပြင်းထန်ထန် ဆောင်ရွက်မှပဲ တဖြည်းဖြည်း ရပ်သွားမယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

တကယ်တော့ အမျိုးသမီးတွေ ကာယအိန္ဒြေ နှောင့်ယှက်ခံရတယ်ဆိုတာက အမျိုးသမီးတွေအတွက် ဆုံးရှုံးနစ်နာမှု တွေထဲ တခုအပါဝင်ပါပဲ။ ဆုံးရှုံးနစ်နာမှုဆိုတာ ပစ္စည်း၊ ငွေကြေးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ပျော်ရွှင်မှုကို ရိုက်ချိုးခံရတာကလည်း ဆုံးရှုံးနစ်နာမှုပဲ ဖြစ်ပါတယ်။

ဒါတွေကို အမျိုးသမီးတွေကိုယ်တိုင်က သိရှိနားလည်ပြီး ကိုယ့်အပေါ် နှုတ်နဲ့သော်လည်းကောင်း၊ ကိုယ်ကာယနဲ့သော် လည်းကောင်း လာရောက်စော်ကားသူကို ချက်ချင်းတုံ့ပြန် အရေးယူနိုင်တဲ့အကျင့်ကို မွေးမြူထားရပါမယ်။

မြန်မာနိုင်ငံဟာ အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် ဆီဒေါ (CEDAW) ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီဒေါစာချုပ်နဲ့ ပတ်သက်လို့ သိရှိနားလည်မှု နည်းနေဆဲ ဖြစ်သလို အစိုးရကိုယ်တိုင်ကလည်း အမှန်တကယ် လိုက်နာမှုရှိမရှိဆိုတာလည်း မေးခွန်းထုတ်စရာ အခြေအနေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတဦးကို ညစ်ညမ်းတဲ့စကားနဲ့ဆဲဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရ ၃ လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သလို မိန်းမတို့ရဲ့ကာယအိန္ဒြေထိခိုက်အောင် ပြုလုပ်သူကို ပုဒ်မ ၅၀၉ အရ (၁) နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

မည်သူမဆို အမျိုးသမီးတဦးဦးကို အလိုမတူဘဲ ကာမစပ်ယှက်တဲ့ပြစ်မှုကို ကျူးလွန်လျှင် ပုဒ်မ ၃၇၆ အရ တသက် တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားတာပါ။

ဒါပေမယ့် တကယ့်လက်တွေ့မှာက တရားဥပဒေစိုးမိုးရေး အားနည်းသလို အကြမ်းဖက်ခံရသူ မိသားစုရဲ့ အရှက် အကြောက်တရား၊ အကြမ်းဖက်ခံရသူတွေအတွက် စနစ်တကျ နှစ်သိမ့်ဆွေးနွေး ပညာပေးတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု မရတာတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်ခံရမှုတွေနဲ့ လူမှုရေးအရ တားမြစ်ချက်တွေက ကျူးလွန် သူတွေ ကို လွတ်မြောက်စေပါတယ်။

ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက “သူတို့ ဒီလိုအဓမ္မပြုကျင့် ခံရပါတယ်ဆိုတာကို လုံလောက်တဲ့ သက်သေအထောက်အထား လူအများရှေ့မှာ ထပ်ခါစစ်ဆေးရတော့ ထပ်ခါအရှက်ရတာပေါ့။ တရားမျှတမှုကို စီရင်ချက်ချတဲ့အထိ မစောင့်နိုင်တော့ဘဲ သူတို့ကိုယ်တိုင် အမှုရုပ်သိမ်းသွားတာတွေ ရှိတယ်” လို့ ထောက်ပြပါတယ်။

၂၀၁၅ ခုနှစ် အခရာအမျိုးသမီးအဖွဲ့ရဲ့လေ့လာတွေ့ရှိချက်အရ အကြမ်းဖက်ခံရသူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ ပေးမှုမျိုးနဲ့ ပံ့ပိုးကူညီဆောင်ရွက်မှုတွေကို နိုင်ငံအနှံ့အပြားမှာလည်း မတွေ့ရှိရဘူးလို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာ အမျိုးသမီးတွေ ဘတ်စ်ကားစီးနေစဉ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ၊ လမ်းသွားရင်း ကာယအိန္ဒြေ နှောင့်ယှက်ခံနေရတဲ့အကြောင်း ခပ်စိပ်စိပ်သတင်းတွေထွက်ပြီးတဲ့နောက် ငရုတ်သီးဖျန်း ဆေးဘူးလေး တွေ ဆောင်ထားသင့်တယ်ဆိုပြီး အမျိုးသမီး အချင်းချင်းကြား တိုက်တွန်းလာကြတာကို တွေ့လာရပါတယ်။

အမျိုးသမီးအဖွဲ့တွေက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသိပညာပေးတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြသလို အခရာ အမျိုးသမီးအဖွဲ့ဆိုရင် ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရရင် ဝီစီလေးတွေမှုတ်ပြီး အသိပေးကြ မယ်ဆိုတဲ့ Whistle Campaign မျိုး လုပ်ခဲ့တာရှိသလို ထပ်မံပြီးလည်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို အကြမ်းဖက်မှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီး သင်တန်းနည်းပြတွေ ဦးစီးပြီး မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်ထားတာတွေလည်း တွေ့ရပါတယ်။
မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်းတည်ထောင်သူ ဒေါ်စောယုက “ကျမတို့သင်တန်းက အမျိုးသမီးကို ဦးစားပေးသင်တဲ့ သင်တန်းပါ။ ဘာလို့လဲဆိုတော့ အပြင်သွားတဲ့အခါ ကိုယ့်ကိုတိုက်ခိုက်လာရင် ဘယ်လိုပြန်ပြီး တိုက်ခိုက်မှာလဲ၊ ဘယ်လိုတုန့်ပြန်မှာလဲ။ ယုံကြည်မှုရှိအောင် ကြောက်စိတ်ပျောက်အောင် အဓိကပါ”လို့ပြောပါတယ်။

ဒီသင်တန်းမှာ အမျိုးသမီးတွေအတွက် ခုခံကာကွယ်မှု၊ တိုက်ခိုက်လေ့ကျင့်မှုကိုသာမက အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ၊ လိင်မှုဆိုင်ရာ အသိပညာပေးခြင်းတွေကိုပါ သင်ကြားပေးတယ်လို့ သိရပါတယ်။
တကယ်တော့ ဒီလိုအရာတွေကို လုပ်ဆောင်တာနဲ့ အမျိုးသမီးတွေ ကာယအိန္ဒြေ နှောင့်ယှက်ခံရမှုကနေ လုံးဝပပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးအပြင် အမျိုးသားတွေရဲ့ ပြည်သူ့နီတိ ကျင့်ဝတ်တွေအပေါ် လေးစားလိုက်နာဖို့၊ အမျိုးသမီးတွေအပေါ်ထားရှိတဲ့ အမြင်သဘောထားတွေ ပြောင်းလဲဖို့၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ များများလုပ်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဒေါ်ထားထားက “ခံယူချက်သဘောထားတွေက ဥပဒေပြုပြင်ပြောင်းလဲတာထက် ပိုခက်တယ်။ ခံယူချက်သဘောထားတွေက ဘာသာရေးလိုလို၊ ယဉ်ကျေးမှုလိုလို ဖြစ်နေတာတွေကို လူတွေက မသိဘူး။ ပြောင်းဖို့ ခက်တယ်။ အဲဒီအချိန်မှာ တရားဥပဒေစိုးမိုးမှုက မရှိတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

စာရွက်စာတမ်းတွေထဲမှာ ဘယ်လိုပဲအမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံထားတာ မရှိပါဘူး၊ တန်းတူရည်တူ ဆက်ဆံခွင့် ပေးထားပါတယ်လို့ အော်နေပါစေ၊ လူမှုအသိုင်းအဝိုင်း အတွင်းမှာ အမျိုးသမီးတွေအပေါ် ကာယအိန္ဒြေ နှောင့်ယှက်တာတွေ၊ အကြမ်းဖက်တာတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားမှုတွေ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ရှိနေတာက အမျိုးသမီးတွေဘ၀ လုံခြုံမှုမရှိသေးဘူးဆိုတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါ တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading