ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်သည့် ဖားကန့်မြို့နယ် ဂွေခါမှော် တွင် ယမန်နေ့ ည ၈နာရီ ကျော် မြေစာ ပုံပြိုမှု ကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၂ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကာ သေဆုံးသူများကို ဆက် လက် တူးဖော်နေဆဲဖြစ်၍ အသေအပျောက်စာရင်း ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
“ အလောင်းကတော့ ၁၂လောင်း၊ ဒဏ်ရာရတဲ့သူကတော့ ၁၃ဦးကို ဖားကန့်ဆေးရုံပို့ထားပါတယ်” ဟု ဖားကန့် ဒေသခံ ကိုအောင်သူက ဧရာဝတီသို့ပြောသည်။
ယခုပြိုသည့် မြေစာပုံသည် ရတနာဆင် ကုမဏီမှ မြေစာပုံစာပြိုဖြစ်ပြီး မြေပြိုမှုတွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော်ပါနိုင်ကြောင်း၊ လက်ရှိတွင် မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် မြေစာပုံများ ထပ်ပြိုနိုင်ကြောင်း ကိုအောင်သူက ဆိုသည်။
“ အခုထိ ကျနော်တို့ အလောင်း ၁၂လောင်းပဲတွေ့တယ်။ ကျနော်တို့ အခုထိဖော်နေသေးပါတယ်။ ပြီးတော့ ရေမဆေး ကျောက်ရှာတဲ့သူတွေ မိသားစုတွေ ကျနော်တို့ ဆီကို စာရင်းလာပေးမှ ဘယ်နှယောက် ပျောက်တယ် ဆိုတာ ပြောလို့ရပါမယ်” ဟု ဖားကန့်မြို့နယ်ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ဦးက ဧရာဝတီသို့ပြောသည်။
ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပြီး အစိုးရ အာဏာပိုင် များက ထိရောက်သော ဟန့်တားမှုများနှင့် ကြိုတင် ကာကွယ်မှုများ မလုပ်နိုင်သေးဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။