အဘွားအုပ်၏ ဘ၀ တလျှောက်လုံး ပိုက်မှ လာသည့် ရေ ကို တခါမှမတွေ့ဖူးပါ။
ဝေးလံခေါင်ဖျားသည့် ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ခွဲ ဗြူးလောင်ကျေးရွာတွင် နေထိုင်သောကြသော အခြားသူများကဲ့သို့ပင် အသက် ၇၅ နှစ်အရွယ် ပအိုဝ့် အဘွားအိုက ရေကန်များ၊ အနီးဝန်းကျင် သစ်တောများထဲမှ သဘာ၀ ရေထွက်များနှင့် မိုးရွာခြင်းတို့မှသာ ရေရရှိနိုင်သည်ဟု နားလည်ထားခဲ့သည်။
သို့သော်လည်း အဆိုပါ ရေအရင်းအမြစ်များကို ပုံမှန်မှီခို အားထား၍ မရနိုင်သည်ကိုလည်း သူတို့ ရွာသူရွာသားများ အတွေ့အကြုံအရ သိနေကြသည်။ အထူးသဖြင့် နွေရာသီတွင် ဖြစ်သည်။ နှစ်စဉ် နွေရာသီရောက်တိုင်း ရေပြတ်လပ်သည့် ပြဿနာအတွက် သူတို့ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် မြေအောက် မီတာ ရာပေါင်းများစွာတဆင့် ရေများ သူတို့ရွာ၏ပထမဆုံး စက်ရေတွင်းမှ ထွက်လာသည့် အချိန်တွင် အဘွားအုပ် တယောက် သူ၏ လမ်းလျောက်တုတ်ဆွဲ၍ ရေပိုက်မှ ရေများထွက်လာသည် မျက်မြင် တွေ့နိုင်ဖို့ သွားရောက်ခဲ့သည်။
“ပိုက်တွေကနေ ရေတွေအများကြီးထွက်လာတာ အဘွားဘဝမှ ပထမဆုံး မြင်ရတာပဲ။ အရမ်းပျော်ပါတယ်။” ဟု သူက ပြောသည်။
စက်ရေတွင်း ပတ်ဝန်းကျင်တွင် အဘွားအုပ်နှင့် အတူရှိနေသော လူငယ်၊ လူကြီးများ မှာလည်း စိတ်လှုပ်ရှားနေကြ သည်။ ဒေသခံ ပအိုဝ့်ဆိုင်းဝိုင်းတဖွဲ့က ထိုသို့မင်္ဂလာရှိသော အချိန်အခါ အတွက် ရိုးရာတေးသီချင်းတခု ကို တီးခတ်နေကြ ပါသည်။ ယခုအချိန်မှစ၍ နောက်နှစ် နွေရာသီများတွင် ရေမရှိသည့် အဖြစ်ကို ကြုံရတော့မည် မဟုတ်ကြောင်း ရွာသားများ နားလည် ခဲ့ကြသည်။
“အနီးနားက ရွာတွေအပါအဝင် စုစုပေါင်း ရွာ ၆ ရွာက လူပေါင်း ၁၆၀၀ကျော် ကို ဒီကနေရေပေးနိုင်မှာပါ” ဟု ရေတွင်းတူးဖော်ပေးသော အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)မှ ရေပေးဝေရေး စီမံကိန်း မန်နေဂျာဦးကျော်စိုးကပြောသည်။
အဆိုပါ ဖောင်ဒေးရှင်းက သောက်သုံးရေ အခက်အခဲဖြစ်နေသော ကျေးရွာများအတွက် စက်ရေတွင်းများတူးဖော်ပေးခြင်း ကို ၂၀၁၄ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပါသည်။ တူးဖော်ရေး လိုအပ်သော ယန္တရားများနှင့် ကျွမ်းကျင် လုပ်သားများကို အစိုးရ က ကူညီပေးခဲ့သည်။ ယခုနှစ် ဧပြီလ အထိ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း က စက်ရေတွင်း ၁၁၀ တူးဖော်ပေးခဲ့ပြီးဖြစ်၍ အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဖြစ် သည်။
“ဒီလိုစက်ရေတွင်းတူးပေးတဲ့ အခြား အဖွဲ့အစည်းအနည်းငယ်လည်း ရှိပါတယ်။ ဒါပေမယ့် ရေတွင်း အရေအတွက်နဲ့ အောင်မြင်မှု အတိုင်းအတာကို ကြည့်မယ်ဆိုရင်တော့ BFM က အများဆုံးပါဘဲ” ဟု ရှမ်းပြည်နယ် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးမောင်မောင်စိုးကပြောသည်။
တောင်ပေါ်က ရေရှားပါးမှု
မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်တန်းများပေါ်မှ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀၀ခန့် အမြင့်တွင် တည်ရှိသော ဗြူးလောင်းရွာသည် ရှမ်းပြည်နယ်ကျေးလက်ဘ၀ ကို ကိုယ်စားပြုနေပါသည်။ တိုင်းပြည်၏ အကြီးဆုံး ပြည်နယ် ဖြစ်သော ရှမ်းပြည်နယ်တွင် လူဦးရေ ၅ ဒဿမ ၈သန်းကျော် ရှိပြီး ၇၅ ရာခိုင်နှုန်းမှာ ကျေးလတ်ဒေသများတွင် နေထိုင်ကြ သည်။
ရှမ်းပြည်နယ်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှာ ပြည်နယ်၏ နေရာအနှံအပြားသို့ မရောက်ရှိသေးသောကြောင့် သောက်သုံးရေ ရရှိရေးအတွက် အနီးဝန်းကျင်ရှိ ရေကန်များသို့ သွားရသည်မှာ ကျေးလတ်ဒေသရွာများတွင် နေထိုင် သူများ အတွက် ထုံးစံတခုဖြစ်နေပါသည်။ မိုးရွာသည့် အချိန်တွင် သောက်သုံးရေ အဖြစ် အသုံးပြုရန်နှင့် ခြောက်သွေ့သော နွေရာသီကာလများတွင် ရေအခက်အခဲဖြစ်ခြင်းကို ဖြေရှင်းရန် ကြီးမားသော အုတ်ကန်များဖြင့် ရေကို သိုလှောင် ထားကြ ရသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အခြားနေရာများကဲ့သို့ပင် ရှမ်းပြည်နယ်တွင်လည်း ပုံမှန်မဟုတ်သည့် အားကောင်းသော အယ်နီညိုရာသီဥတုကို ခံစားနေကြရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေထွက်နှင့် ရေတွင်း အများအပြားမှာ ခြောက်ခမ်း ကုန်ပြီဖြစ်သည်။ အိမ်သုံး နှင့် စိုက်ပျိုးရေးအတွက် ရပ်ရွာက မှီခိုအားထားနေရသော ရေကန်များမှာလည်း ဖေဖော်ဝါရီလကတည်းက သိသိသာသာ ရေခမ်းသွားခဲ့ပြီး ကျေးလက်ပြည်သူများ အနေဖြင့် ယခင်နှစ်များကထက်ပို၍ ရေရှားပါးမှုပြဿနာ ဆိုးရွားစွာ တွေ့ကြုံနေရသည်။
ထို့ကြောင့် ကလောမြို့နယ် လယ်ဂေါင်းကျေးရွာမှ မနမ်ဇီသည် ၂ မိုင်ခွဲခန့် ဝေးသည့်နေရာမှ ရေရှိသေးသည့် ချောင်းငယ်ရှိရာသို့ သွား၍ တလုံးလျှင် ၅ ဂါလံဆန့်သော အဝါရောင် ရေပုံး ၂ လုံးဖြင့် တနေ့လျှင် ၂ ကြိမ် ရေသယ်ယူရပါသည်။
“ဒီနှစ်နွေရာသီက အရင်နှစ်ကထက် ပိုဆိုးတယ်။ ရေရတဲ့ ချောင်းမှာ လူတွေအများကြီးပဲ”ဟု အသက် ၄၆ နှစ်အရွယ် ပအိုဝ့်အမျိုးသမီး မနမ်ဇီကပြောသည်။
သို့သော်လည်း အဆိုပါရေများက မသန့်ရှင်းသည့် အတွက် အသုံးမပြုခင် ကျောက်ချဉ်ဖြင့် သန့်စင်ရဦးမည်ဖြစ်ကြောင်း သူကရှင်းပြသည်။ ကလေး ၈ ယောက်၏ မိခင်ဖြစ်သူ မနမ်ဇီက သူခပ်လာသော ရေ ၁၀ ဂါလံသည် ချက်ပြုတ်ရန်၊ သောက်သုံးရေနှင့် အိမ်ရှိ ကျွဲ၊နွား တိရစ္ဆာန်များအတွက် မလုံလောက်ကြောင်းပြောသည်။
“နွားတွေအတွက်တောင် ရေဝအောင် မသောက်ရဘူး”ဟု မနမ်ဇီကပြောသည်။
ရာသီဥတုအေးမြသည်ဟု လူသိများသော ရှမ်းပြည်နယ် ပင်းတယမြို့တွင် လည်း တစတစ ရေရှားပါးလာ သည်ကို ပို၍ ပင် ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ မြို့၏ အထင်ကရ တခုဖြစ်ပြီး ဒေသခံများအတွက် ရေအရင်းအမြစ် တခုဖြစ်သည့် ပုတ်တလုပ်ရေကန်သည်လည်း ယခုနှစ်တွင် ခမ်းခြောက်လာခဲ့ကာ ကန်အလယ်တွင်သာ ရေရှိတော့သည်။
မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပင်းတယမြို့နယ်တွင် စုစုပေါင်းလူဦးရေ ၈၀၀၀၀ ခန့် ရှိပြီး ဒေသခံ ၆၀ရာခိုင်နှုန်းနီးပါးမှာ ရေပြတ်လပ်မှု ပြဿနာနှင့် ကြုံတွေ့နေရကြောင်း၊ ရရှိသော မည်သည့်ရေကိုမဆို အသုံးပြုနေရ သည့် အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများ စတင်ကြုံတွေ့နေရ ကြောင်း ဧရာဝတီသို့ ပြောသည်။ အချို့ ကျေးရွာ များတွင် ကျွဲ၊နွားများ သောက်သုံးသည့် ရေနောက်ကန်များတွင် ကျန်ရှိနေသေးသော ရေများကို အသုံးပြုနေကြပါသည်။ ပင်းတယမြို့နယ် ရှားပြား ကျေးရွာတွင် ရေညှိ ရေမှော် များနှင့် ပြည့်နေသည့် အများသုံး ရေကန်တခုကရှမ်းပြည်နယ်တွင် နေထိုင်သူတို့ ၏ ၄၅ ဒဿမ ၃ရာခိုင်နှုန်းမှာ သန့်ရှင်းသောရေ မရရှိချေ ဆိုသည့် ၂၀၁၄ သန်ခေါင်းစာရင်း တွေ့ရှိချက်ကို သက်သေပြနေသည်။
“သန့်ရှင်းတဲ့ ရေရှားပါးတာနဲ့ တကိုယ်ရေသန့်ရှင်းရေ မရှိတာတွေကြောင့် ဝမ်းလျောတာ၊ အူယောင်ငန်ဖျားရောဂါနဲ့ အရေပြားကူးစက်ရောဂါတွေ အဖြစ်များပါတယ်။ အထူးသဖြင့် ကလေးတွေက အဖြစ်များပါတယ်”ဟု ဒေါက်တာ သန်းမင်းထွဋ်ကပြောသည်။
လက်ကမ်းကူခြင်း
ရှမ်းပြည်နယ်ရှိ ပရဟိတ အဖွဲ့များထံတွင်လည်း ရေအခက်အခဲကြုံတွေ့နေရသော ကျေးရွာများမှ အကူအညီတောင်းခံမှုများ အမြောက်အမြား ရောက်ရှိနေပါသည်။ လူမှုရေး တက်ကြွလှုပ်ရှားသူ အများအပြားကလည်း ကျေးရွာများသို့ ရေသယ် ယာဉ်များဖြင့် သွားရောက် ဖြန်ဝေပေးခဲ့ကြသည်။
ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးမောင်မောင်စိုးက ဌာနမှာ ဘက်ဂျက် အကန့်အသတ်ရှိသောကြောင့် ရေအခက်ခဲဖြစ်သော ဒေသများတွင် ရေတွင်းများလုံလောက်စွာ မတူးဖော်ပေးနိုင်ခဲ့ကြောင်း ပြောသည်။
“ကျနော်တို့ဌာနက အခြားဌာနတွေနဲ့ ဘက်ဂျက်မျှသုံးရတာဖြစ်တဲ့အတွက် တနှစ်ကို ရေတွင်း ၁ တွင်း ဒါမှမဟုတ် ၂ တွင်းလောက်ပဲ တူးပေးနိုင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။
ရေရှားပါးမှု ပြဿနာကို ရေရှည်ဖြေရှင်းရန်အတွက် ရေရှားပါးသည့်ဒေသများတွင် ရေတွင်းများတူးရန် အလှူရှင်များက ယခင်က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ (ဒဏ္ဍာရီအရ မြန်မာဘုရင်တယောက်က ရှမ်းပြည်နယ်သို့ တိုင်းခမ်းလှည့်စဉ် ရေဆာသည့်အတွက် ဒေသခံများထံ မှ ရေတောင်းသောက်ရာ မတိုက်သောကြောင့် မြန်မာဘုရင်က အမျက်ဒေါသထွက်ခဲ့ပြီး ဒေသခံများအား မည်သည့်အခါမှ ရေလောက်လောက်ငှငှမရပါစေနှင့်ဟု ကျိန်စာတိုက်ခဲ့သည် ဟုလည်း ဆိုကြသည်။)
ရန်ကုန်အခြေစိုက် ဘူမိဗေဒပညာရှင်တဦးဖြစ်သော ဦးကျော်ထွန်းက ရှမ်းပြည်နယ်တွင် မြေအောက်ရေ ထုတ်ယူနိုင်ရန် ခက်ခဲကြောင်း အဘယ်ကြောင့် ဆိုသော် ရှမ်းကုန်းမြင့်ဒေသတွင် ထုံးကျောက်လွှာများက အများစုဖြစ်ပြီး မြေအောက် ကျောက်လွှာ အက်ကွဲကြောင်းများတွင်သာ ရေကို တွေ့ရှိနိုင်ကြောင်း ပြောသည်။
“အကယ်၍ ရှမ်းပြည်နယ်မှာ ရေတူးဖို့ Geophysiscs နဲ့ဆိုင်တဲ့ နည်းပညာမရှိဘူးဆိုရင် တော်တော်ကို ခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ရေဘယ်နေရာမှာ ရှိလည်းဆိုတာ မသိဘူးလေ။ နောက်ဆုံး ရေတွေ့တဲ့အထိ ရေတွင်းတွေ တတွင်းပြီး တတွင်းလိုက် တူးနေရလိမ့်မယ်” ဟု ဦးကျော်ထွန်းက ပြောသည်။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေတွင်းတတွင်းစီအတွက် ကျပ်ငွေ ၇သန်း မှ ၁၅ သန်း အထိ အသုံးပြုခဲ့ ရသည်။
“ကျနော်တို့ ရေတွင်းပေါင်း ၁၁၀ တူးတာ အခု ၇၁ တွင်းပဲ ရေထွက်သေးတယ်”ဟု အနာဂတ်အလင်းတန်းမြန်မာမှ စီမံကိန်းမန်နေဂျာ ဦးကျော်စိုးကပြောသည်။
၂၀၀၈ ခုနှစ်တွင် ကမ္ဘောဇဘဏ်မှ တည်ထောင်ခဲ့သော အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) သည် နိုင်ငံတလွှားတွင် သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများသို့ အကူအညီပေးခြင်း၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင် ရေဖြန့်ဝေခြင်း၊ ရေတွင်းတူးခြင်းနှင့် အများသုံးရေကန်များတည်ဆောက်ပေးခြင်းလုပ်ငန်းများကြောင့် ပို၍ လူသိများပါသည်။ မကြာသေး မီက (BFM)သည် ကိုယ်ပိုင်ရေတူးစက်ဝယ်ရန် ၁ ဒဿမ ၅ သန်းကျပ် အသုံးပြုခဲ့သည်။
BFM ဖောင်ဒေးရှင်း၏ ဒါရိုက်တာ မနန်းလိုင်ခမ်းက ထိုစီမံကိန်းမှာ ၎င်း၏ဖခင်ဖြစ်သူ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း၏ အကြံဉာဏ်ဖြစ်ကြောင်း ပြောသည်။ ဦးအောင်ကိုဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဘော်ဆိုင်း သတ္တုတွင်း ဒေသတွင် ကျောင်းဆရာတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
၂၀၁၄ခုနှစ် နွေရာသီတွင် ဦးအောင်ကိုဝင်းက အများသုံးရေတွင်းကို ပထမဆုံး တူးဖော်ခဲ့ပြီး ဒေသခံများအား ရေဆက်လက်ဖြန့်ဝေပေးလျက် ရှိပါသည်။
“ပထမဆုံး ကြိုးစားမှု အောင်မြင်ခဲ့တဲ့အတွက် ပိုပြီးအားရှိခဲ့တယ်။ ရေအခက်အခဲရှိတဲ့ ရွာတွေကလည်း အဲဒီအချိန်မှာ သူတို့ဆီမှာလည်း လာတူးပေးပါဆိုပြီး အကူညီတောင်းကြတော့ ကျမတို့ ဆက်လုပ်ဖြစ်သွားတာ” ဟု မနန်းလိုင်ခမ်းကပြောသည်။ “လူကြီးတွေကတော့ ရေဒုက္ခကို ကြုံဖူးတော့ ရေက သူတို့အတွက် ဘယ်လောက်တန်ဖိုးရှိတာ သိကြတယ်… ဒါပေမယ့် သူတို့ ကလေးတွေလက်ထက်မှာကျတော့ အခုလို ရေက အဆင်ပြေနေတော့ ကလေးတွေ အနေနဲ့ ရေကို တန်ဖိုးမထားတော့မှာ ကျမ စိုးရိမ်တယ်။ ကလေးတွေကို ရေနဲ့ပတ်သက်ပြီး မိဘတွေက ပညာပေးတာမျိုး ဖြစ်စေချင်တယ်။”
“ကျမက ကလေးတွေကို ရေပိုက်ခေါင်းကနေ ရေထွက်လာတာပဲလို့ မထင်စေချင်ဘူး။ ရေရဲ့ တန်ဖိုးကို သိပြီး အကျိုးရှိရှိ အသုံးချစေချင်ပါတယ်”ဟု မနန်းလိုင်ခမ်းကပြောသည်။
မနန်းလောင်ခမ်းက ရေအခက်အခဲဖြစ်သောနေရာများကို ရေဖြန့်ဝေပေးခြင်းနှင့် ရေတွင်းများတူးပေးခြင်းက ရေရှည် အတွက် ဖြစ်သည့် ဖြေရှင်းမှုမဖြစ်နိုင်ကြောင်း ပြောသည်။
“ကျမက ရေရှည်အတွက် ဖြေရှင်းနိုင်တာမျိုး ဖြစ်စေချင်တာ အခြေအနေကို ဖန်တီးချင်ပါတယ်” ဟု သူကပြောသည်။ စိတ်တူ ကိုယ်တူ အဖွဲ့များနှင့် အခြား သဘာဝပတ်ဝန်းကျင်ထိန်း စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းများ ဆောင်ရွက်ချင်ကြောင်းလည်း မနန်းလိုင်ခမ်းက ရှင်းပြသည်။
BFM ဖောင်ဒေးရှင်းက ကျေးလက်ဒေသများသို့ ဦးစားပေး၍ ကူညီပေးနေစဉ် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးကဲ့သို့ မြို့များသို့လည်း စီမံကိန်းက သက်ရောက်မှုရှိစေရန် နည်းလမ်းရှာဖွေခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ပြောကြား ချက်အရ တောင်ကြီးမြို့တွင် နေထိုင်သူ လူဦးရေ ၅၀ရာခိုင်နှုန်းကိုသာ ရေဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။
မကြာသေးခင်က တညနေတွင် တောင်ကြီးမြို့မှ လူဦးရေ ၈၀၀၀ နေထိုင်ကြသော စိန်ပန်နှင့် ရွှေတောင်ရပ်ကွက်များရှိ BFM ဖောင်ဒေးရှင်းက လှူဒါန်းထားသော အများသုံး ရေဘုံပိုင်များတွင် ရပ်ကွက်နေ လက်လုပ်လက်စားများ စီတန်းနေကြပါသည်။၂၀၀၄ခုနှစ် နွေရာသီ ကလည်း ထိုနေရာရှိ သူ၏ ကျောင်းမှ ရေတွင်းနှင့် ဆက်သွယ်ထားသော ရေဘုံပိုင်တွင် ရေရရှိရန် အလားတူ လူမျာစုဝေး နေ ခဲ့ကြသည်ကို ဒေသခံ ဘုန်းတော်ကြီး ဦးခေမာ နန္ဒ က ပြန်လည် အမှတ်ရလျက်ရှိသည်။
သို့သော်ပြီးခဲ့သည့်နှစ်ကတည်းက BFM ဖောင်ဒေးရှင်းက ထိုရပ်ကွက်များသို့ ရေတွင်းများတူး၍ အများသုံး ရေလှောင်ကန်များသို့ ထည့်သွင်းကာ တနေ့လျှင် ၂ကြိမ် ရေပေးဝေ လျှက် ရှိသောကြောင့် ယခု၁၂ နှစ်ခန့်ကြာသည့် ယနေ့အချိန်တွင် အဆိုပါ ဘုန်းကြီးကျောင်းရေဘုံပိုင်တွင် လူသူကင်းမဲ့နေ့ပါသည်။
“ဒါက အလှူရှင်တွေအတွက် ရာသက်ပန် ကုသိုလ်။ လူတွေအများကြီး အတွက် တကယ်အကျိုးရှိတဲ့အလုပ်ကိုး”ဟု ဦးခေမာနန္ဒက ပြောသည်။
မနန်းလိုင်ခမ်းအတွက် ထိုကုသိုလ်ကောင်းမှုမှာ “ကမ္ဘောဇ၏ အဓိက အသက်သွေးကြော”ဟု သူပြောခဲ့သော လူမှုအသိုင်းအဝိုင်းသို့ ဝန်ဆောင်မှုပေးခြင်းနှင့် ဆက်နွယ်နေပါသည်။
“ကိုယ်က ဒေသတခုမှာ အလုပ် လုပ်နေရင် အဲဒီဒေသနဲ့ သက်ဆိုင်တဲ့ ဖွံဖြိုးမှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့တော့ လိုမယ်ထင်တယ်။ ကိုယ်က အဲဒီ community ထဲမှာ ရှိချင်ဆိုရင် ကိုယ်ကိုယ်တိုင်က အဲဒီထဲမှာ ရှိနေဖို့ လိုပါတယ်”ဟု မနန်းလိုင်ခမ်းက ပြောသည်။