ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှ Tiger Temple (ကျားကျောင်း) လို့ လူသိများတဲ့ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းက ကျားတွေကို လွှဲ ပြောင်းယူဖို့ အမျိုးသားဥယျာဉ် ထိန်းသိမ်းရေး အရာရှိတွေ နဲ့ စစ်သား ၁ထောင်ကျော်ဟာ နံနက် ၉နာရီခန့်မှာ ရောက်ရှိလာကာ ကျောင်းတာဝန် ခံတွေနဲ့ ညှိနှိုင်းနေတယ်လို့ Khaosod သတင်းက ဆိုပါတယ်။
ယနေ့နံနက်မှာတော့ အာဏာပိုင်တွေဟာ Tiger Temple ဘုန်းကြီးကျောင်းကို ပိတ်ဆို့ထားလိုက်ပြီး၊ ကျားများ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး အနှောက်အယှက်ပေးလာမယ်ဆိုရင် အရေးယူသွားမှာဖြစ် တယ်လို့ သတိပေး ထားပါတယ်။
မနေ့ကတည်းက အမျိုးသားဥယျာဉ် တောရိုင်းတိရိစ္ဆာန်နဲ့ သစ်ပင်ထိန်းသိမ်းရေး ဌာန ဒုတိယအကြီး အကဲ Adisorn Nuchdumrong က သူတို့အဖွဲ့အနေနဲ့ ကျား ၁၃၇ကောင်ကို ယူဆောင်ပြီး ရတ်ချဘူရီ မှာရှိတဲ့ တိရိစ္ဆာန် မွေးမြူပျိုးထောင်ရေးဌာနကို ပို့ဆောင်မယ်လို့ ပြောဆိုထားပြီး၊ ဒီလို ပြောင်းရွေ့ရာမှ ဘုန်းတော်ကြီးများနဲ့ သူတို့ရဲ့ တပည့်သာဝကများကလည်း ပူးပေါင်းဆောင်ရွက် သွားဖို့ သူကတိုက်တွန်းထားပါတယ်။
ကျားတွေကို နေရာသစ်ကို ပြောင်းရွေ့ဖိုရာ အချိန် ၇ ရက်ကြာမှာဖြစ်ပြီး တနေ့ကို ကျားအကောင် ၂၀ ပြောင်းရွေ့ပြီးစီးမယ်လို့ သိရပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဘုန်းကြီးကျောင်းထဲကို ဝင်ရောက်ဖို့နဲ့ ကျားတွေရွေ့ပြောင်းဖို့အတွက် တရားရုံးက ခွင့်ပြုမိန့် တောင်းခံထားပြီး ဖြစ်သလို၊ တကယ်လို့ အာဏာပိုင်တွေရဲ့ တာဝန်နဲ့ ဝတ္တရားကို တိုက်ခိုက်မှုတွေ ပိတ်ဆို့မှုတွေ လုပ်ခဲ့ရင် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ Adisorn ကဆိုပါတယ်။
Tiger Temple လို့ လူသိများတဲ့ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူလေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်းလုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး တရားမဝင်တိရစ္ဆာန် ရောင်းဝယ်မှုများ ရှိနေတယ်၊ ဒါ့အပြင် ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ အချက်ကို လို့ စွပ်စွဲမှုများ ဖြစ်ပေါ်ပြီးနောက် အခုလို ပိတ်ပစ်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား လာရောက် လည်ပတ်သူလည်း များပြားလာပြီး တနှစ်မှာ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅ ဒသမ ၇ သန်း ရှိတဲ့ အပြင် သန်းနဲ့ချီတဲ့ လှူဒါန်းငွေများလည်း ရရှိနေတာကြောင့် အစိုးရ အနေနဲ့ ကျားတွေကို မွေးမြူခြင်း မပြုဖို့နဲ့ နိုင်ငံခြားသား ခရီးသွားများဆီက ငွေကြေးကောက်ယူခြင်း မပြုဖို့၊ ကျားတွေကို အစာကျွေး ခွင့် မပြုဖို့လည်း ညွှန်ကြားထားပေမယ့် ကျားကျောင်းက လက်ခံခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။
ယမန်နှစ်က အစိုးရက ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှာတော့ အောက်ချင်းငှက် ၈ ကောင်၊ အာရှဝက်ဝံနက် ၆ ကောင်နဲ့ တခြား ကန့်သတ်ထားတဲ့ တိရစ္ဆာန်များ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။