သထုံမြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့နဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဆက် သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
ကျနော်တို့ အငှားကားတစီးနဲ့ ရောက်ရှိသွားတဲ့အခါ လက်မောင်းမှာ တက်တူးထိုးထားတဲ့ စစ်သားရုပ်ပေါက်နေတဲ့ အမျိုး သားတယောက်က နှုတ်ဆက်ပါတယ်။ သူက ကျနော်တို့ကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ လူမှုဆက်ဆံရေးဌာနကို ခေါ်သွားပါတယ်။
သူ့ကိုယ်သူ ယဉ်ကျေးစွာ မိတ်ဆက်ပြီးတော့ ကျနော်တို့ကို KNU စစ်စခန်းအခြေစိုက်ဖြစ်တဲ့ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA)ကို ခေါ်သွားပေးမယ်လို့ ပြောပါတယ်။ အဲဒီအခြေစိုက်စခန်းကတော့ KNLA တပ်မဟာ (၁) ပဲ ဖြစ်ပါတယ်။
KNU ရုံးမှ တောအုပ်ငယ်လေးကို ဖြတ်မောင်းလာရာ ၂၀၁၂ခုနှစ် ယခင်အစိုးရနဲ့ KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အကောင်းအဆိုးရလဒ်တွေကို မြင်ခဲ့ ကြားခဲ့ရ ပါတယ်။
KNLA အခြေစိုက်စခန်းကို သွားတဲ့ခရီးမှာ ၃နာရီ၊ ၄နာရီလောက်ကြာပြီးတော့ စမ်းချောင်းငယ်တွေ၊ ကျေးရွာတွေ၊ လယ် ကွင်းတွေ၊ သစ်သားနဲ့ အုတ်နဲ့ ဆောက်ထားတဲ့ တံတားငယ်တွေ၊ တောင်ကုန်းတွေ၊ မြန်မာတပ်မတော် အခြေစိုက် စခန်း တွေကို တွေ့ရပြီးတော့ ဖုန်ထူပြီး ဆောက်လက်စ တဝက်ပဲ ပြီးသေးတဲ့ လမ်းတွေကို ဖြတ်ခဲ့ရပါတယ်။
လမ်းတလျှောက်မှာလည်း စမ်းချောင်းမှာ ရေချိုးနေတဲ့ ရွာသားတွေ၊ ရေထမ်းနေတဲ့သူတွေ၊ လယ်လုပ်နေတဲ့သူတွေ၊ ဥယျာဉ်စိုက်နေတဲ့လူတွေ၊ ခြေကျင်လမ်းလျှောက်နေတဲ့သူတွေ လှည်းနဲ့ခရီးနှင်တဲ့လူတွေ ပြီးတော့ သစ်သားအိမ်၊ ဝါး အိမ်တွေ မုန့်ပဲသရေစာနဲ့ ဓာတ်ဆီပုလင်းရောင်းနေတဲ့သူတွေကို ကျနော် တွေ့ခဲ့ရပါတယ်။
အံ့သြစရာကောင်းတာက ဆဲလ်ဖုန်းသုံးနေတဲ့ ရွာသားတချို့ကိုတွေ့ရတာက ကျနော်ထင်ထားတာထက် ဆက်သွယ်ရေး ယန္တရားဟာ ကျေးလက်ဒေသတွေအထိ ထိုးဖောက်ဝင်ရောက်နေတဲ့ လက္ခဏာတရပ်ပါပဲ။ လှည်းတွေအစား မော်တော် ဆိုင်ကယ်တွေကို အစားထိုးအသုံးပြုလာကြတဲ့လူတွေလည်း များလာတယ်။ အိမ်၊ သစ်သားနဲ့ အုတ်နဲ့ ဆောက်လုပ်ဆဲ အဆောက်အုံတွေလည်း မြင်ခဲ့တယ်။ တချို့လမ်းတွေက ဖုန်ထူနေပြီးတော့ အပြီးသတ် မခင်းရသေးပါဘူး။
အဲယားကွန်းမပါတဲ့ တိုယိုတာကား အဟောင်းတစီးနဲ့ ခရီးသွားရတဲ့အတွက် လေဝင်ပြီး အသက်ရှူလို့ရအောင် ကားမှန် တွေ ဖွင့်ထားရပါတယ်။ ဒါပေမယ့် တခါတလေ လေနဲ့အတူ တိမ်နဲ့တူတဲ့ ဖုန်လုံးတွေလည်း ဝင်လာပါတယ်။ ကားထဲကို ဖုန်တွေ ဝင်လာတဲ့အခါ ကျနော်တို့ နှာခေါင်းတွေကို ဖုံးအုပ်ထားရပါတယ်။ မှန်တွေ ပိတ်ထားရပါတယ်။ ခလုတ်ကန်သင်း တွေများတဲ့ လမ်းက ဖြတ်သွားရတဲ့အတွက် ကျနော်တို့ ခဏတာ မှေးစက်ဖို့ မဖြစ်နိုင်ပါဘူး။ ခရီးတခုလုံး နိုးနိုးကြားကြားနဲ့ လိုက်ပါလာကြရပါတယ်။
ခရီးလမ်းမှာ မြန်မာ့တပ်မတော်က ကားတစီးကိုလည်း တွေ့ရပါတယ်။ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်သားတွေထဲမှာ ကတုံးတုံးထားတဲ့ စစ်သားတချို့က ဆယ်ကျော်သက်ကလေးများနဲ့ တူနေပါတယ်။ ဧပြီလဖြစ်တဲ့အတွက် အဲဒီစစ်သား တွေဟာ မြန်မာနှစ်သစ်ကူးကာလအတွင်းမှာ ဘုန်းကြီးကျောင်းမှာ ဒုလ္လဘဝတ်ပြီးနောက် တာဝန်ကျတဲ့နေရာကို ပြန်လာတယ်လို့ ထင်ရတယ်။
အဲဒီစစ်သားတွေက ကျနော်တို့ကား ဖြတ်သွားတာကို လှမ်းကြည့်ပြီး စကားသံတွေကို နားစွင့်ကြပါတယ်။ တချို့စစ်သား တွေက ပြုံးပါတယ်။ ကျနော်ထိုင်ခုံရှေ့က “ကရင်အမျိုးသား အစည်းအရုံး သထုံမြို့နယ် လူမှုဆက်ဆံရေးဌာန”ဆိုတဲ့ ပိုစတာကို သူတို့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရလို့ ပြုံးတယ်လို့ ကျနော်ထင်ပါတယ်။
KNUနဲ့ မြန်မာတပ်မတော်တို့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မချုပ်ခင်က ဒီဒေသတွေကို ပေါ်ပေါ်တင်တင် ခရီးသွားလာဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ရဲ့ ကားဆရာ ဦးဝင်းအောင်က ပြောပါတယ်။
ကားဆရာက အရှိန်မြှင့်လိုက်ပြီး မြန်မာ့တပ်မတော်က ကားကို ကျော်တက်လိုက်ပါတယ်။ ၂၀၁၂ခုနှစ် KNU နဲ့ စစ်တပ် ကျောထောက်နောက်ခံပြုတဲ့ ယခင်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မရေးထိုးခင်အချိန်က အခုလို လမ်းမပေါ်မှာ မြန်မာ့တပ်မတော်ကားတစီးနဲ့ ယှဉ်မောင်းဖို့ဆိုတာ စိတ်ကူးဖို့တောင် မလွယ်ဘူးလို့ ကားဆရာက ပြောပါတယ်။
တခါက အဲဒီ ဒေသဟာ တပ်မတော်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှေ့တန်းနေရာ တခုဖြစ်ခဲ့ပါ တယ်။ မြန်မာ့တပ်မတော်နဲ့ KNLA အကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ရွာသား ၃၀၀၀ကျော်တို့ဟာ နေအိမ်ကနေ ထွက်ပြေးကြရပြီးတော့ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပါတယ်။
အဲဒီအချိန်တုန်းက မြန်မာတပ်မတော်က အင်အားသုံး ခိုင်းစေမှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ ခြိမ်းခြောက်တောင်းယူမှုတွေနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ အများစုက အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ ဆက်မောင်း သွားတဲ့အခါ ကားမှန်ပေါ်မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဆိုတဲ့ စာသားရေးထားတဲ့Toyota Hilux pickup ကားအမျိုးအစား အသစ်တစီးကို ကျနော်တွေ့လိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အဖွဲ့အစည်းတခုရဲ့ ကားက KNU ပိုင်နက်ထဲမှာ ဘယ်လိုသွားလာနေသလဲဆိုတာ ကျနော် စပ်စုခဲ့ပါတယ်။ ကျနော်တို့ရဲ့ကားဆရာ ဦးဝင်းအောင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) ၊ UNHCR နဲ့ အစိုး ရမဟုတ်တဲ့ အဖွဲ့အစည်း အနည်းငယ်က ဒီနယ်မြေမှာ စီမံကိန်းတချို့ကို ပြုလုပ်နေကြတယ်လို့ ပြောပါတယ်။
အန်န်ဂျီအိုအဖွဲ့အစည်းအနည်းငယ်က ဆေးခန်းတွေ တည်ဆောက်ပေးပြီးတော့ ဒေသခံရွာသားတွေကို မွေးမြူရေးလုပ်ဖို့ အထောက်အပံ့ပေးတယ်လို့ ကားဆရာက ပြောပါတယ်။ သို့သော် အကူအညီအနည်းငယ်က ဒေသခံရွာသားတွေနဲ့ လို အပ်ချက်ကို လုံလောက်အောင် မဖြည့်တင်းနိုင်ဘူး။ ပြပွဲတခုနဲ့ ပိုတူတယ်လို့ ပြောပါတယ်။
ဆေးခန်းတွေကို ကောင်းကောင်းမွန်မွန် ဆောက်ထားတာဖြစ်ပေမယ့် လုပ်ငန်းလည်ပတ်မှုမရှိတာပါပဲ။ တချိန်လုံးလို လို ပိတ်ထားပါတယ်။ တချို့ရွာသားက ဆေးပေးခန်းကို ဆေးပိတ်ခန်းလို့ နောက်ပြောင်ပြီး ခေါ်ဆိုကြတယ်လို့ သူက ပြော တယ်။ တခြား အမေရိကန် အန်န်ဂျီအိုအဖွဲ့ကလည်း တိရစ္ဆာန်မွေးမြူချင်တဲ့ ရွာသားတွေကို ဆိတ်တွေ ထောက်ပံ့ပေးမယ် လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ အန်န်ဂျီအိုအဖွဲ့က ရွာသားတွေကို ဆိတ်ရဖို့ မဲနှှိုက်ခိုင်းပါတယ်။
တခါက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသအကြောင်းကို စကားစမြည်ပြောပြီး ခရီးနှင်လာခဲ့ရာ လှပတဲ့ နေဝင်ချိန် ပေါ်ထွက် လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ နောက်ဆုံးတော့ ညအချိန်မှာ ကျနော်တို့ KNLA အခြေစိုက်စခန်းကို ရောက်ရှိခဲ့ပါတယ်။
KNLA အခြေစိုက်စခန်းက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအသုံးပြုထားကြပြီး သစ်သားအိမ်တလုံးထဲမှာ စစ်သားတွေ အရာရှိတွေဟာ သူတို့နယ်မြေရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်နေ့ရက်တွေအကြောင်းကို ပြောနေကြပါတယ်။ အစိုးရမြေပုံတွင် KNLA တပ်မဟာ(၁)ရဲ့ နယ်မြေမှာ မွန်ပြည်နယ်သထုံမှ ဘီလင်းမြို့နယ်အထိဖြစ်ပါတယ်။ အဲဒီဒေသကို KNU ကဒူးသထူခရိုင်လို့ ခေါ်ဝေါ် အသိမှတ်ပြုကြတယ်။
အဲဒီဒေသမှာ အခုတော့ လယ်ယာမြေနဲ့ ရော်ဘာစိုက်ခင်းတွေ ကြွယ်ကြွယ်၀၀ရှိနေပါတယ်။ လယ်မြေအများစုက ပြန့်ပြူး ပြီးတော့ စီးပွားရေးအခွင့်လမ်း အလားအလားကောင်းမွန်ပါတယ်။ အခုဆိုရင် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံနဲ့ စီးပွားရေးမြို့ တော်ဖြစ်တဲ့ မော်လမြိုင်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကနေ မောင်းနှင်ရင် နာရီအနည်းငယ်ပဲ ကြာပါတယ်။
၂၀၁၂ခုနှစ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ KNLA တပ်မဟာ(၁)က ဒီနယ်မြေကို ပြန်လာခဲ့ပြီး စစ် စခန်း စတင်အခြေစိုက်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးခင် ယခင်နေ့ရက်များက ယာယီသာ အခြေစိုက်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ KNLA အခြေစိုက်စခန်းနဲ့ မြန်မာ့တပ်မတော် အခြေစိုက်စခန်းတို့ဟာ ငြိမ်း ငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်နေကြပါတယ်။
“အရင်တုန်းက ကျနော်တို့ စခန်းတွေ ဆောက်ပြီး မနေပါဘူး။ ဘာလို့လည်းဆိုတော့ အရင်က ဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလေ။ အခု ဒီအိမ်တွေကိုတော့ အကုန်လုံး အသစ်ဆောက်ထားတာပါ” ဟု KNLA တပ်မဟာ (၁)က ဦးစောမင်းသိန်း က ပြောသည်။
KNLA တပ်မဟာ(၁) ဌာနချုပ်စခန်းမှာ သစ်သားအိမ်များကို စုစည်းတည်ဆောက်ထားပြီး အဝင်ဂိတ်မှာ လက်နက်ကိုင် စစ်သား၂ယောက်က စောင့်ကြပ်နေပါတယ်။ ဒီဒေသက တချိန်က အမည်းရောင်နယ်မြေဖြစ်တဲ့အတွက် မြန်မာအစိုးရ တပ်နဲ့ ကေအန်ယူတပ်တွေ တွေ့ရင် ပစ်ခတ်ကြတဲ့အတွက် ရွာသားတွေလည်း မနေရဲကြဘူးလို့ အဲဒီ အခြေစိုက်စခန်းက စစ်သားတွေက ပြောပါတယ်။
ဒီနေ့အချိန်မှာတော့ ရွာသားတွေလည်း လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီး စိုက်ပျိုးရေးတွေလည်း လုပ်နိုင်ကြပါပြီ။ တချို့ ကျေးရွာတွေမှာ တယ်လီဖုန်း အသုံးပြုနိုင်ပြီးတော့ တပ်မဟာ(၁) ဌာနချုပ်မှာဆိုရင် အင်တာနက်တောင်မှ အသုံးပြုနိုင်ပါပြီ။ လူအများစုက နွားလှည်းထက် မော်တော်ဆိုင်ကယ်တွေ ကားတွေ ထရပ်ကားတွေကို ပိုပြီး အသုံးပြုကြပါတယ်။ ပြီးတော့ မြေတန်ဖိုးလည်း တက်လာပါတယ်။ မက်စ်မြန်မာ (Max Myanmar Group) နဲ့ ဖြူမင်းထွန်း ကုမ္ပဏီတို့လို အကြီးစားစီးပွား ရေးလုပ်ငန်းစုတွေကလည်း ရော်ဘာစိုက်ပျိုးခြင်းနဲ့ ဘိလပ်မြေစက်ရုံလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။
ဧက ၅၀၀၀ကျယ်ဝန်းတဲ့ ရော်ဘာစိုက်ခင်းနဲ့ပတ်သက်ပြီး ဒေသခံများနှင့် မက်စ်မြန်မာကုမ္ပဏီအကြား မြေယာ အငြင်းပွား မှု ပြဿနာဖြစ်ပွားခဲ့ပါတယ်။
၂၀၁၅ခုနှစ် ဧပြီလ အစမှာ KNU ရဲ့ခွင့်ပြုချက်နဲ့ ဖြူမင်းထွန်းကုမ္ပဏီက KNLA တပ်မဟာ ၁ စစ်ဌာနချုပ်ကိုသွားတဲ့ လမ်း မကြီးမှာ ဆွဲဆောင်မှုရှိပြီးလှပတဲ့ အမြွှာတောင်အနက် တတောင်ကို သတ္တုတူးဖော်မှုအတွက် စမ်းသပ်လုပ်ဆောင်ခဲ့ပါ တယ်။
ကရင်တိုင်းရင်းသားတွေအတွက် အလေးအမြတ်ထားမြတ်နိုးတဲ့ လက္ခဏာတရပ်ဖြစ်တဲ့ မင်းလွင်တောင်ကို စမ်းသပ်မှုတွေ ပြုလုပ်တာကို ဒေသခံရွာသားတွေက မနှစ်မြို့ကြပါ။ ဖြူမင်းထွန်းကုမ္ပဏီက စမ်းသပ်မှုလုပ်ရာမှာ ဖောက်ခွဲတာတွေပါ ပြု လုပ်တဲ့အတွက် မင်းလွင်တောင် ပျက်စီးသွားမှာကို ရွာသားတွေက စိုးရိမ်ကြပါတယ်။
KNLA တပ်မဟာ ၁ နယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ တပ်မဟာ(၅) ဒေသမှာ ရွှေတွင်းတူးနေတယ်လို့ KNLA တာဝန်ရှိသူတဦး ကပြောပါတယ်။ အဲဒီ ရွွှေတူးဖော်ရေးလုပ်ငန်းက ဝင်ငွေသိပ်ကောင်းတယ်လို့ ပြောတယ်။ တရုတ်ကုမ္ပဏီတချို့က KNLA တပ်မဟာ (၅)က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြတယ်။
အသေးစား မြေပိုင်ရှင်တွေကလည်း လယ်မြေများကို ပြန်လည်ပျိုးထောင်ကြတယ်။ သထုံမြို့ နယ် KNU အုပ်ချုပ်ရေး အရာ ရှိ စောကော်သယ်ဘလေး က “အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးခင်ကဆိုရင် ဒီမှာ ဘယ်သူမှ မနေရဲပါဘူး။ ဘာ လို့လည်းဆိုတော့ ဒီမှာ တိုက်ပွဲတွေဖြစ်နေလို့လေ။ အခုဆိုရင် မြေတော်တော်များများက ပိုင်ရှင်တွေ ရှိကုန်ပြီ”လို့ ပြောပါ တယ်။
စိုက်ပျိုးမှုမရှိတဲ့ မြေတွေကို မြေပိုင်ရှင်တွေက သေသပ်အောင်ရှင်းလင်းပြီးတော့ ခြံစည်းရိုးတွေခတ်ကြတယ်လို့ သူက ထပ် ပြောတယ်။ စီးပွားရေးသမားတွေက စီးပွားရေး အခွင့်အလမ်းအတွက် အဲဒီဒေသကို လာရောက်ကြည့်ရှုကြပါတယ်။
အနှစ်ချုပ်ပြောရရင်တော့ တချိန်က တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသဟာ အခုတော့ အခွင့်အလမ်းတွေ ပြည့်နှက်နေတဲ့ ဒေသတခုအဖြစ် ပြောင်းလဲခဲ့ပါပြီ။