ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများသည် အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ခံ ရခြင်း၊ မြန်မာနိုင်ငံသို့ အဓမ္မ ပြန်ပို့ခံရခြင်း၊ ထိုင်း ရဲများ၏ ဖမ်းဆီး စစ်ဆေးခံရခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
လတ်တလော အလုပ်ဖြုတ်ခံရသူများသည် MOU စနစ်ဖြင့် တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ပြီး မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင် စသည့် နေရာများမှ ဖြစ်သည်။
၎င်းတို့သည် အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ခံရသော်လည်း နစ်နာကြေး တစုံတရာ ရရှိခြင်း မရှိပေ။
ထိုအလုပ်သမားများ အား အလုပ်ပြန်ခန့်ရန် အလုပ်ရှင်များနှင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံ အရာရှိတို့ ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိဟု အလုပ်သမား အရေး ဆောင်ရွက်သူများ က ဧရာဝတီ ကို ပြော သည်။
မဲဆောက်မြို့ရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ ကုမ္ပဏီ စသည်တို့တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေကြသည့် မြန်မာ အလုပ်သမား ၁၀၀ ကျော်သည် ဇူလိုင်လဆန်းပိုင်းတွင် အကြောင်းပြချက် တစုံတရာမရှိဘဲ ရုတ်တရက် အလုပ် ဖြုတ်ခြင်း ခံခဲ့ရသည်။
ထို့အတူ ဘန်ကောက်အနီးရှိ ဂျယ်လီစက်ရုံ တခုတွင်လည်း MOU ဖြင့် တရားဝင် လာရောက် လုပ်ကိုင်နေသည့် အလုပ် သမား ၈၀ ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုပ်ဖြုတ်ခံရသည့်အပြင် မြန်မာနိုင်ငံသို့ပါ အဓမ္မ ပြန်ပို့ ခံခဲ့ရသည်။
မြန်မာ အလုပ်သမားများအား ဆက်တိုက်အလုပ်ဖြုတ်မှုသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ထိုင်းခရီးစဉ်နောက်ပိုင်းတွင် ဖြစ်ကြောင်း ထိုင်းရောက် မြန်မာများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်၌ ထိုင်းရောက်မြန်မာ အလုပ်သမားများအား အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေး ဆောင်ရွက်ပေးရန် ထိုင်း အစိုးရကို တိုက်တွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းအစိုးရနှင့်တွေ့ဆုံရာ၌ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဥပဒေအရ အကာအကွယ်ပေးရန် အဓိက ဆွေးနွေးခဲ့ပြီး ထိုင်း အစိုးရကလည်း သဘောတူခဲ့သည်။
သို့သော် လက်တွေ့တွင် ယင်းသို့ဖြစ်မလာဘဲ အလုပ်ဖြုတ်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်း တို့ကိုသာ ကြုံနေကြရသည်။
အလုပ်သမားများး အလုပ်ဖြုတ်ခံရခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်းနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အသေးစိတ်မသိရှိ သေးကြောင်း၊ အလုပ်သမား ကိစ္စနှင့်ပတ်သက်၍လည်း မမှန်ကန်သည့် အလုပ်သမား အေဂျင်စီများကို တာဝန်ရှိသူ များက အရေးယူသွားမည် ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီကို ပြော သည်။
ဦးဝင်းမောင်က “သံရုံးအနေနဲ့ကတော့ ဥပဒေဘောင်အတွင်းက လာသမျှပြဿနာတွေကို ဖြေရှင်းပေးနေပါတယ်၊ ဖမ်းဆီး စစ်ဆေး နေတာတွေကတော့ သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်း အမြဲတမ်း လုပ်ဆောင်နေတာပါ၊ ကိုယ့်လူတွေ ဘက်က မှန်နေလို့ အဖမ်းခံရတာ ဆိုရင်တော့ သံရုံးက ဖြေရှင်းပေးပါတယ်၊ တရားမဝင်တဲ့ လုပ်ရပ်တွေကိုတော့ သံရုံး က တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။
ဖမ်းဆီး စစ်ဆေးခံရသူများအနက် တရားမဝင်ဈေးရောင်းခြင်းနှင့် တရားမဝင်လာရောက် လုပ်ကိုင်နေ၍ ဖမ်းဆီးခံရ သူများအား သံရုံးက တာဝန်ယူမည်မဟုတ်ကြောင်း၊ တရားဝင် MOU ဖြင့်လာရောက်၍ ဖမ်းဆီးခံရသူများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီး ဦးဝင်းမောင် က ပြောသည်။
မြန်မာ အလုပ်သမားများအား ဖမ်းဆီးခြင်း၊ အလုပ်ဖြုတ်ခံရခြင်းတို့သည် တရားမဝင်ရောက်လာသည့် အလုပ်သမား များပြား လာခြင်း၊ အလုပ်သမား အေဂျင်စီများ၏ မမှန်မကန် လုပ်ဆောင်မှု၊ တာဝန်ယူဖြေရှင်းပေးမှု အားနည်းခြင်း၊ သံရုံးတာဝန်ရှိ သူများ၏ အလုပ်သမားများအပေါ် အလေးထားမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား အရေး ဆောင်ရွက်သူများ က ပြောဆိုကြသည်။
တရားမဝင် လာရောက်သည့် အလုပ်သမားများအား ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်ခြင်းသည် ဥပဒေ အရ လုပ်ဆောင် သည်ဟုဆိုနိုင်သော်လည်း MOU ဖြင့် တရားဝင် လာရောက်လုပ်ကိုင် နေသူများအား အလုပ်ဖြုတ်ခြင်း၊ မြန်မာနိုင်ငံသို့ ပြန် ပို့ခြင်းများသည် ဥပဒေနှင့်ကိုက်ညီမှု မရှိဟု အလုပ်သမားအဖွဲ့များ က ပြောသည်။
အလုပ်သမား အေဂျင်စီများအနေဖြင့်လည်း ၎င်းတို့၏ အကျိုးစီးပွား အတွက် အလုပ်သွားလုပ်မည့် သူများအား အကန့်အသတ်မရှိ ပို့ဆောင်နေပြီး အလုပ်ဖြုတ်ခံရသည့်အခါ၌ တာဝန်ယူ ဖြေရှင်းပေးမှု လုံး၀ မရှိဟု သိရသည်။
ထို့အတူ ထိုင်းနိုင်ငံရှိ အလုပ်သမားများအား တာဝန်ယူဆောင်ရွက်ပေးနေသည့် အလုပ်သမား သံအရာရှိများ၏ တာဝန် ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက် ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “အဓိကတော့ အလုပ်သမား အေဂျင်စီတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့်ပါပဲ၊ နောက်တခုက အစိုးရ အဖွဲ့ရဲ့ အောက်ခြေ ဝန်ထမ်းအများစုဟာ ခေါက်ရိုးကျိုးနေတဲ့အတွက် အရင်လိုပဲ ထူးခြားပြောင်းလဲမှု ရှိမလာဘူး”ဟု ဆိုသည်။
အလုပ်သမား ကိစ္စနှင့်ပတ်သက်၍ မမှန်ကန်သည့် အလုပ်သမား အေဂျင်စီများရှိပါက တာဝန်ရှိသူများအနေဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင် က ပြောသည်။
၎င်းက “မြန်မာပြည်တွင်းက မမှန်မကန်လုပ်တဲ့ အေဂျင်စီတွေကို အစိုးရက အရေးယူမှာပါ၊ ဒဏ်ရိုက်တာတို့၊ ရုပ်သိမ်းတာ တို့ လုပ်မှာပါ၊ တကယ်လို့ ထိုင်းမှာရှိတဲ့ အေဂျင်စီတွေက မမှန်ကန်တာ လုပ်ရင်လည်း အရေးယူမှာပါ၊ ထိုင်းအလုပ်ရှင်တွေ က လုပ်ရင်လည်း ထိုင်း ဥပဒေအရ အရေးယူမှာပါ”ဟု ဆိုသည်။
ထိုင်းနိုင်ငံ၌ စီးပွားရေး ကျဆင်းနေ၍ လုပ်ငန်းတချို့ ရပ်ဆိုင်းလိုက်ရကြောင်း၊ မြန်မာအလုပ်သမားများသည် ထိုင်း နိုင်ငံသား များ လုပ်မည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ထိုင်းလူမျိုးတချို့က အမြင်မကြည်လင်မှု ရှိကြောင်း မဲဆောက် အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး က ဧရာဝတီ ကို ပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့နိုင်ငံသားများ မလုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအစား ၂၅ မျိုး ကိုသာ လုပ်ကိုင်ရမည်ဟု သတ်မှတ်ထားသည်။
ထို လုပ်ငန်း အမျိုးအစားများ၌ ရေလုပ်သား၊ စိုက်ပျိုးမွေးမြူရေး၊ သားသတ် လုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်အကူ၊ စားသောက်ဆိုင်၊ လက်လီ လက်ကား ရောင်းဝယ်ခြင်း၊ ဆီဆိုင်နှင့်ဓာတ်ငွေ့ဆိုင် လုပ်ငန်း စသည့် လုပ်ငန်း အမျိုးအစား များပါဝင်သည်။
ထိုင်းနိုင်ငံ၌ လက်ရှိလုပ်ဆောင်နေသည့် ဖမ်းဆီးစစ်ဆေးမှုများသည် သတ်မှတ်ထားသည့် လုပ်ငန်း အမျိုးအစား များ အား အမှန်တကယ် လုပ်ကိုင်နေခြင်း ဟုတ်မဟုတ်ဆိုသည်ကို စစ်ဆေး ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာ၌လည်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အနက် တချို့သည် ကောင်းမွန်သည့် အလုပ်ရကြသော်လည်း အလုပ် သမား အခွင့်အရေးကိုမူ ထိုင်းနိုင်ငံသားများကဲ့သို့ အပြည့်အ၀ မရကြကြောင်း၊ ထိုင်း အလုပ်သမား ဥပဒေအရ အလုပ် သမား တဦး၏ အနိမ့်ဆုံး လုပ်အားခသည် တရက်လျှင် ထိုင်းဘတ်ငွေ ၃၀၀ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း မြန်မာ အလုပ်သမား အများစုသည် တရက်လျှင် ဘတ် ၁၀၀၊ ၁၅၀ ဝန်းကျင်သာ ရရှိကြောင်း သိရသည်။
မြန်မာ အလုပ်သမားများအား ကူညီပေးနေသည့် (AAC) အဖွဲ့မှ ဦးရဲမင်းက “ဘန်ကောက်မှာလည်းပဲ အလုပ်သမား အခွင့်အရေး တောင်းဆိုလို့ လူ ၈၀ ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်ဖြုတ်ခံရတယ်၊ ပြီးတော့ သူတို့တွေဟာ မြန်မာ နိုင်ငံသို့ မပြန်ချင်ဘဲနဲ့ အဓမ္မ ပြန်ပို့ခံလိုက်ရသေးတယ်”ဟု ပြောဆိုသည်။
ပြန်ပို့ခံရသည့် မြန်မာလုပ်သားများသည် နစ်နာကြေး တစုံတရာ မရကြကြောင်း၊ ၎င်းတို့သည် မဲဆောက်မှ တဆင့် ရန်ကုန် သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ တချို့သည် မဲဆောက်၌ ကျန်ရစ်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့ ပြန်သွားရရေး ကြိုးပမ်းနေကြကြောင်း သိရသည်။
ဦးရဲမင်းက “မဲဆောက်မှာ ကျန်ခဲ့တဲ့ ၁၀ ယောက်လောက်က အလုပ်ရှင်ပြန်လက်ခံရင် ပြန်လုပ်မယ်ဆိုပြီး စောင့်နေကြ တာ အလုပ်ရှင်က လက်မခံတော့ မြဝတီမှာ သောင်တင်နေကြတယ်၊ ရန်ကုန်ရောက်နေတဲ့ သူတွေကတော့ သူတို့ကို ပို့လိုက်တဲ့ အေဂျင်စီကို တရားစွဲဖို့ ပြင်နေကြတယ်လို့ သိရတယ်”ဟု ပြောသည်။
ပြန်ပို့ခံလိုက်ရသည့် အလုပ်သမားအများစုသည် ၃ လမှ တနှစ်ကျော်ဝန်းကျင်သာ အလုပ် လုပ်ခွင့်ရထားသူများဖြစ်၍ ၎င်း တို့၏ ခရီးစရိတ် မကျေသေးကြောင်း၊ ထိုင်းနိုင်ငံသို့ လာရောက်အလုပ် လုပ်ခွင့်ရရှိရန် အေဂျင်စီသို့ ကျပ်ငွေ ၄ သိန်း နှင့် အထက် ပေးဆောင်ထားရကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ မြန်မာ အလုပ်သမားများ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းရာတွင် ဘန်ကောက်ရှိ သံရုံး ဝန်ထမ်းများ၏ လုပ်ဆောင်မှု သာမက မြန်မာအစိုးရ အဖွဲ့မှ တာဝန်ရှိသူများကိုယ်တိုင် စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေကြောင်း၊ MOU စနစ်ဖြင့် အလုပ်သမား ပို့ဆောင်ရာတွင်လည်း အလုပ်သမားများ၏ အခက်အခဲများကို အမှန်တကယ် တာဝန်ယူဖြေရှင်းပေးနေသည့် အေဂျင်စီများကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပြုမှသာ ပြေလည်နိုင်မည် ဖြစ်ကြောင်း အလုပ်သမား အဖွဲ့များ က ပြောဆိုကြသည်။
ထိုင်းနိုင်ငံ၌ MOU စနစ်ဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာ တသန်းကျော်ရှိပြီး တရားဝင်၊ တရားမဝင် နေထိုင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း သိရသည်။ ။