ဒီကနေ့ဟာ ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။
အာဇာနည်နေ့ ဖြစ်သလို ဝါဆိုလပြည့်နေ့လည်း ဖြစ်နေတာကြောင့် ရန်ကုန်မြို့ထဲတဝိုက် လမ်းမပေါ်မှာ လူစည်ကားနေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦး ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးရှိရာ ရန်ကုန်မြို့လယ်ခေါင် နေရာမှာတော့ မနက် ၉ နာရီ အချိန်လောက်မှာတင် ရုံးအတွင်း ဝင်ဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်က ထောင်ချီ ရှိနေခဲ့တာပါ။ အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားတန်းစီစေတာ တွေ့ရပါတယ်။ ဝင်ပေါက်တပေါက်တည်း ဖြစ်နေတာကြောင့် သိမ်ဖြူလမ်း၊ အနော်ရထာ လမ်းမနဲ့ မဟာဗန္ဓုလ လမ်းမဘေးမှာ ဝန်ကြီးများရုံးအတွင်း ဝင်ဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်က ထောင်နဲ့ချီ ရှိနေခဲ့ပါတယ်။
လာရောက် ကြည့်ရူသူများကို ဝန်ကြီးများရုံးရှိ ပါလီမန် အဆောက်အအုံနဲ့ အာဇာနည် ကျောက်တိုင်အနီးကို သွားလာခွင့် ပြုခဲ့ပါတယ်။
၁၀ နာရီ ၃၇ မိနစ်မှာတော့ ဆူးလေဘုရားလမ်း မီးပွိုင့်တဝိုက် ရောက်ရှိသွားပြီး အဲဒီမှာ သွားလာနေတဲ့ လူများ၊ ကားများ အားလုံး ရပ်နားပြီး ဟွန်းတီးကာ အာဇာနည်နေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
မြို့ထဲလမ်းမ တလျှောက် အပေါ် အဖြူ၊ အောက် အနက် ဝတ်စုံများ ဝတ်ဆင်ထားပြီး အာဇာနည်ကုန်း၊ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဝန်ကြီးများရုံးနေရာတွေမှာ ပန်းစီးများ၊ ပန်းခြင်းများ ထားဖို့ အဖွဲ့လိုက်သွားလာနေကြတဲ့ လူငယ်အများစုကိုလည်း တွေ့ရပါတယ်။
ကန်တော်ကြီး ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း လာရောက် ဦးညွတ် အလေးပြုသူများ၊ ရှိခိုးနေသူများ နဲ့ စည်ကားနေပါတယ်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ၊ မှော်ဘီကျောင်းသားများ သမဂ္ဂစတဲ့ ကွန်ရက်တွေက လာရောက်ချထားတဲ့ လွမ်းသူပန်းခွေတွေကိုလည်း တွေ့ရတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို ရောက်ခဲ့ပြီးသူ အများစုကတော့ နတ်မောက်လမ်းထဲမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ရှိရာကို လမ်းလျှောက်ပြီး သွားကြပါတယ်။ လူစည်ကားတဲ့ နေ့တနေ့ ဖြစ်တာကြောင့် လမ်းဘေး တလျှောက်မှာ ရဲလုံခြုံရေး၊ ကြက်ခြေနီစတဲ့ ဝန်ထမ်း အများအပြားကလည်း စောင့်ကြပ်နေကြသလို မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များကိုလည်း အရန်သင့်ထားရှိတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်ပြတိုက်သွားရာ နတ်မောက်လမ်း အပါအဝင် တခြား ဖြတ်လမ်း နေရာတွေမှာတော့ ကလေး၊ လူကြီးမကျန် လူထောင်ပေါင်းများစွာက ဗိုလ်ချုပ်ပြတိုက်အတွင်း ဝင်ဖို့ တန်းစီ စောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။
“ဒီနေ့ တရက်ပဲ ရှိတာ။ ရောက်မှတော့ အထဲကို ဝင်ဖြစ်အောင် ဝင်မယ်ဆိုပြီး တန်းစီနေတာ။ ၁ နာရီခွဲလောက်ရှိပြီ။ နောက်ထပ် ၁ နာရီလောက် တန်းစီပြီးရင်တော့ အထဲရောက်လောက်ပါပြီ။ အာဇာနည်ကုန်းရယ်၊ ဗိုလ်ချုပ် ကြေးရုပ်ဘက်ကိုလည်း ဆက်သွားချင်သေးတယ်လေ” လို့ ပြတိုက်ထဲဝင်ဖို့ တန်းစီနေသူ ကိုလှိုင်မျိုးအောင် က ပြောပြပါတယ်။
ပြတိုက် ဝင်ပေါက်ရှေ့မှာလည်း လူပေါင်းများစွာက အတန်း ၃ တန်း ခွဲပြီး တန်းစီနေကြပါတယ်။ ၁၀ ဦးတဖွဲ့၊ ၁၅ ဦး တဖွဲ့ နဲ့ ပြတိုက်အတွင်း ဝင်နိုင်အောင် ရဲလုံခြုံရေးတွေက စေလွှတ်ပေးနေကြတယ်။ လာရောက် တန်းစီနေသူတွေကို ရေသန့်ဗူးတွေ ဝေပေးနေတာလည်း တွေ့ရတယ်။
စောင့်ရတာကြာလွန်းလို့ စိတ်မရှည်တဲ့ လူအုပ်ကြီးကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက “အားလုံးအထဲကို ဝင်ရမှာပါ။ အထဲမှာလည်း ပြည့်သိပ်နေလို့ စောင့်ပေးပါ။ မြန်မြန်လုပ်ပေးပါမယ်” လို့ ပြောနေသံလည်း ကြားရတယ်။
နတ်မောက်လမ်းကနေ ကန်တော်ကြီး ပတ်လမ်းပေါ် ပြန်ထွက်လာပြီးတဲ့ နောက်မှာတော့ NLD ပါတီ ရုံးချုပ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ ပါတီရုံးချုပ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို ပါတီနာယက ဦးတင်ဦးရဲ့ မိန့်ခွန်းပြောမယ့် အစီအစဉ် အပါအဝင် အစီအစဉ် ၆ ရပ်နဲ့ ကျင်းပနေပါတယ်။
ကျဆုံးခေါင်းဆောင်တွေကို ဦးညွတ်ဖို့ အစီအစဉ်ကြေညာသူက ပြောလိုက်ချိန်မှာ ရုံးအပြင်ဘက် လမ်းဘေးဝဲယာမှာ ရပ်နေသူတွေက ရပ်တန့်ငြိမ်သက်ပြီး ဦးညွတ် အလေးပြုခဲ့ကြတဲ့ မြင်ကွင်းကလည်း အာဇာနည်နေ့ကို ပိုပြီး အဓိပ္ပာယ် ရှိစေပါတယ်။
အာဇာနည်ကုန်းသွားရာ လမ်းတလျှောက်မှာတော့ လက်ကိုင်ဖုန်း၊ ကင်မရာ၊ အလံနဲ့ အလံစိုက်ဖို့ တုတ်တွေ မယူကြဖို့၊ ပျံသန်းရိုက်ကူးရေး ကိရိယာ Drone တွေ မသုံးဖို့ သတိပေးစာတွေ ကြေညာထားတာ တွေ့ရပါတယ်။ အာဇာနည် ဗိမာန်အထိ တက်ရောက်ပြီး ဂါရဝပြုမယ့် သူတွေကိုတော့ လက်ကိုင်ဖုန်းတွေ စက်ပိတ်ထားဖို့၊ ပလတ်စတစ် အိတ်အမည်းထဲ ထည့်ထားဖို့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ပြောဆိုနေတာလည်း တွေ့ရပါတယ်။
နေ့လည် ၂ နာရီ ဝန်းကျင်မှာတင် အာဇာနည်ဗိမာန်ပေါ် တက်ပြီး ဂါရဝပြုချင်တာကြောင့် စောင့်ဆိုင်းနေကြသူပေါင်း ၃၀၀၀ နီးပါး ရှိနေပါတယ်။ အဲဒီနေရာ အနီးတဝိုက်မှာ ရဲတပ်ဖွဲ့ လုံခြုံရေးတွေအပြင် စနိုက်ပါများ၊ မိုင်းရှာတပ်ဖွဲ့၊ မိုင်းရှာ ခွေးတွေနဲ့လည်း အာဇာနည်ကုန်း ပတ်ဝန်းကျင်မှာ လှည့်ပတ်ပြီး လုံခြုံရေး ယူနေကြတာ တွေ့ရပါတယ်။
သွားလာနေကြတဲ့ လူကြီး၊ လူငယ်အများစုက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တီရှပ်များ၊ အာဇာနည် ၉ ဦးရုပ်ပုံပါ တီရှပ်များ၊ စတစ်ကာများ ၊ ခေါင်းစီးများကို ဝတ်ဆင်လာကြပါတယ်။ ဝတ်စုံပြည့်ဝတ်ပြီး ဦးညွတ်ချင်တယ်လို့ ပြောနေတဲ့ လူငယ်တွေရဲ့ စကားသံတွေကိုလည်း ကြားခဲ့ရပါတယ်။
အာဇာနည်ဗိမာန်ထဲမှာတော့ အာဇာနည် ၉ ဦးရဲ့အကြောင်း ရေးသားထားတဲ့ ပုံနှိပ်ပိုစတာတွေ စိုက်ထူထားသလို LED ဘုတ်တွေနဲ့ ဗိမာန်အတွင်း မြင်ကွင်းတွေကို ပြသနေတာကတော့ ဒီနှစ်အတွက် ထူးခြားမှုတခုလို့ ဆိုရမှာပါ။