ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်တွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ( ဆုံဆို့နာ) ဖြစ်ပွားကြောင့် ယင်းရပ်ကွက်တွင် နေထိုင်သူ လူဦးရေ ၂၀၀ ခန့်ကို ကျန်းမာရေး ဦးစီးဌာနက အပြင်သို့ သွား လာခွင့် ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။
တိလောက ရပ်ကွက်တွင် ကူးစက်မြန်နှင့် အသေအပျောက်မှုန်းမြင့်မားသည့် ဆုံဆို့နာ ရောဂါ လူနာ တဦး တွေ့ရှိပြီး နောက် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းမှစတင်ပြီး အဆိုပါ ရပ်ကွက်ပတ်ဝန်းကျင်တွင် နေထိုင်သော လူဦးရေ ၂၀၀ ခန့်ကို အာဏာပိုင်များက သွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ သွားလာမှု ကန့်သတ် ခံထားရသော ဒေသခံ ၂၀၀ သည် ငွေကြေးချို့တဲ့သူများဖြစ်၍ အကူအညီ လိုအပ်နေကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ အနီးကပ် ကြည့်ရှုစောင့်ရှောက်နေကြောင်း သိရှိရသည်။
“အဲဒီရပ်ကွက်မှာ ဆုံဆို့နာ ဖြစ်တဲ့ လူနာတဦးတွေ့တယ်။ အဲဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ကန့်သတ် တာပေါ့။ လတ်တလော ကျနော်လည်း အဲဒီဒေသခံတွေ စားဖို့ ထမင်းတနပ်စာ ၅၀၀၀၀ လှူထားတယ်။ ၁၀ ရက် တောင်ဆိုတော့ သူတို့ စားဝတ်နေရေးအတွက် လိုအပ်ချက်ရှိမယ်။ အဲဒီရပ်ကွက်မှာ နေတာက တနေ့ လုပ်မှ တနေ့စားတွေချည်းပဲ။ ဆုံဆို့နာ ဖြစ်တဲ့ လူနာကတော့ သက်သာလာပြီ ပြောတယ်” ဟု မင်္ဂလာဒုံမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက် အသွယ် မရရှိခဲ့ပေ။ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်မှ ဒေသခံများမှာ ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၁၀ ရက်တာ အပြင်ထွက်ခွင့်မရှိဘဲ နေထိုင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။
အပြင်ထွက်ခွင့် ကန့်သတ်ခံထားရသော ဒေသခံ ၂၀၀ တွင် အလုပ်သမားများပါဝင်နေရာ ၁၀ ရက်တာ အလုပ်မဆင်းနိုင်မှုအတွက် သက်ဆိုင်ရာ ကုမ္ဗဏီ၊ အလုပ်ရုံများများနှင့် ဆက်သွယ်၍ လုပ်ခလစာ မဖြတ် တောက်ဘဲ လစာပုံမှန်ရရှိရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။
မေလ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၅/၇) ရပ်ကွက်ရှိ မြိုင်သီလရှင် စာသင်တိုက်တွင် ကျောင်းအိပ်၊ ကျောင်းစား များအဖြစ် လာရောက်ပညာသင်ကြားနေသည့် တိုင်းရင်းသား ကလေး ငယ် ၄ဝဝ ခန့်အနက်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အသက် ၁ဝ နှစ် ခန့်ရှိ တိုင်းရင်းသားကလေးငယ်တဦးသည် ကူးစက်မြန်ဆုံဆို့နာရောဂါဖြစ်ပွားပြီး ဆေးရုံတင်ကုသမှု ခံယူခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့တွင် သေဆုံး သွားခဲ့သည်။
၂၀၁၆ ခုနှစ် ပထမ ၆ လတာ ကလာအတွင်း ကူးစက်မြန် ဆုံဆို့နာ ရောဂါ ဖြစ်ပွားသူ ၂၀ ရှိပြီး သေဆုံးသူ ၆ ဦးရှိနေကြောင်း၊ ၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ဆမ်ဆန်ကျေးရွာမှာ ၃၂ ဦးဖြစ်ပွားမှု အပါအဝင် စုစုပေါင်း ၈၄ ဦး ဖြစ်ပွားခဲ့ပြီး ၁ဝ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအချက် အလက်များအရ သိရှိရသည်။
ဆုံဆို့နာ ရောဂါ၏ အဓိကလက္ခဏာများမှာ လည်ချောင်းနာခြင်း၊ ရောင်ခြင်း၊ တငွေ့ငွေ့ဖျားခြင်းတို့ ဖြစ်ပွားပြီး ဆုံဆို့နာဖြစ်ပွားစေတဲ့ ဗက်တီးရီးယားပိုးက ထုတ်တဲ့အဆိပ် (Toxin) ကြောင့် အသံအိုး၊ အာခေါင်၊ လည်ချောင်း တွေမှာ အစာမျိုရခက်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အချိန်မီ ဆေးကုသမှုခံယူပြီး ဆုံဆို့နာ အဆိပ်ဖြေဆေး ထိုးနှံပေးနိုင်ပါက အသက်အန္တရာယ်မှ ကယ်တင်နိုင်သော်လည်း ဆေးကုသမှုအချိန်မီ မရရှိပါက အဆိပ်ဓာတ်များပျံ့နှံ့၍ နှလုံးကြွက်သားများ ရောင်ရမ်းခြင်းနဲ့ အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်ပြီး အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။