ဂျပန်နိုင်ငံ တိုကျိုမြို့အနောက်ပိုင်း၌ ဖြစ်ပွားခဲ့တဲ့ မသန်စွမ်းသူ ၁၉ဦးကို ဓားထိုးကာသတ်ဖြတ်ခဲ့သူ ၂၆နှစ် ရှိ ဆာတိုရှီ အီမတ်ဆုဟာ နာဇီဝါဒကို သက်ဝင်ယုံကြည်သူတဦးဖြစ်ပြီး၊ ပြီးခဲတဲ့ ဖေဖေါ်ဝါရီလ က စိတ်ရောဂါဆေးရုံမ၌ ဆေးကုသမှုကို ခံယူနေရသူဖြစ်ကြောင်း၊ ထိုစဉ်က သူဟာ မသန်စွမ်းသူများ မျိုးဖြုတ်ရေး အပါအဝင် နာဇီဝါဒ သဘောတရားကို ဆွေးနွေးခဲ့ကြောင်း၊ ဆာဂါမိဟာရာမြို့မှ အာဏာပိုင်တဦး ကဆိုပါတယ်။
ဒါအပြင် ကမ္ဘာကြီးမှာ မသန်စွမ်းသူတွေရှိနေပြီး သူတို့အတွက် ငွေကိုသုံးစွဲရတာဟာ ဖြုန်းတီးရာ ရောက်ကြောင်း၊ တခြားမှာ သုံးပစ်သင့်တယ်လို့လည်း သူကဆိုတယ်လို့သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက ဂျပန်အောက်လွတ်တော်ကို မသန်စွမ်းတဲ့သူများဟာ ဘဝဆုံးနေတဲ့အတွက် ဝဋ်ကျွတ်အောင်သတ်ပေးတာကို ခွင့်ပြုသင့်တယ်လို့ စာတစောင်ပေးပို့ခဲ့ ကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်နေ့က တိုကျိုအနောက်ပိုင်းက ဆာဂါမိဟာရာမြို့မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ အီမတ်ဆုဟာ တခန်းဝင် တခန်းထွက်ကို မသန်စွမ်းသူများကို အိပ်ရာထဲမှာ သတ်ဖြတ်ခဲ့ တာဖြစ်ပြီး အမျိုးသမီး ၁၀ဦး အမျိုးသား ၉ဦး သေဆုံးခဲပါတယ်၊ သူ တိုက်ခိုက်သူ စုစုပေါင်းမှာ ၄၅ဦး ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက် သတ်မှုဖြစ်ပါတယ်။
သူဟာ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ အလုပ်သမားတဦး အဖြစ်လုပ်ကိုင်ခဲ့ပြီး၊ ဆေးခြောက်ကိုလည်း သုံးစွဲသူဖြစ်သလို၊ စိတ်ရောဂါအတွက်လည်း ဆေးသောက် သုံးနေရသူဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ဒီဖြစ်စဉ်ကိုသာမန်မတော်တဆမှုလို့ သူ့အနေနဲ့ မယူဆသလို သည်းခံမှာလည်း မဟုတ်ဘူး ဒါကြောင့် သေချာစုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ် လိုက်ပါ တယ်။
နိုင်ငံတကာ မသန်စွမ်းသူများအဖွဲ့(ဂျပန်)ကလည်း ဆာတိုရှီ အီမတ်ဆုရဲ့ နောက်ကြောင်းရာဇဝင်မှာ မသန်စွမ်းသူများကို မုန်တီးနေတယ်ဆိုတာ ဖော်ပြနေတဲ့အတွက် ဂျပန်အစိုးရအနေနဲ့ ဒီလို စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုများကို ပိုမိုသတိထား ဂရုပြုဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။