တောင်ကိုရီးယားထိပ်တန်း အမျိုးသမီး သရုပ်ဆောင်တဦးဖြစ်တဲ့ မွန်းဆိုရီဟာ ရ၃ ကြိမ်မြောက် ကျင်းပမယ့် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ကိုရီးယားအမျိုးသမီး အကဲဖြတ်ဒိုင် အဖွဲ့ဝင်အဖြစ် ပထမဦးဆုံး ပါ၀င်မယ်လို့ သိရပါတယ်။ ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မွန်းဆိုရီဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ အိုရီဇုံတီ(Orizzonti ) အပိုင်းတွင် အကဲဖြတ်ဒိုင်အဖြစ် ပါ၀င်ရမှာဖြစ်ပါတယ်။ သူဟာ ရုပ်ရှင် တည်းဖြတ်နှင့် ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဖြစ်သော ဇာတ်လမ်းတွင်ပါ၀င်တဲ့ အတွေးအခေါ် အမြင်သစ်တို့ကို အကဲဖြတ်ပေးရမည့် ဒိုင်အဖြစ် ပါ၀င်ရမှာဖြစ်ကြောင်း သူ့ရဲ့ အနုပညာ အေဂျင်စီ ဖြစ်သော CJES Entertainment မှ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
မွန်းဆိုရီဟာ ဂုဏ်အရှိန်အဝါ ကြီးမားတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် အကဲဖြတ်ဒိုင်အဖြစ် ပထမဦးဆုံး ဖိတ်ကြားခံရတဲ့ ကိုရီးယားအမျိုးသမီးသရုပ်ဆောင်ဖြစ်ပြီး လွန်ခဲ့သော ၂၀၀၆ ခုနှစ်က ဒါရိုတ်တာ ပတ်ခ်ချန်းဝု နှင့် ၂၀၀၉ ခုနှစ်က ကင်ဂျင်အယ်တို့က အသီးသီး အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
ရုပ်ရှင်ပွဲတော်ကော်မတီရဲ့ ပြောကြားချက်အရ မွန်းဆိုရီအား အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားရခြင်းမှာ သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုစွမ်းရည်များကြောင့်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားရုပ်ရှင်များတွင် သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင် စွမ်းရည်များကို တွေ့မြင်ရပြီး သူ့ရဲ့ သရုပ်ဆောင်မှုအရည်အချင်းများကို မှတ်ကျောက်တင်နိုင်ခဲ့သူ တဦးဖြစ်တယ် လို့လည်း ဆိုပါတယ်။ မွန်းဆိုရီဟာ ၂၀၀၂ ခုနှစ်က ကျင်းပခဲ့သော ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှ ချီးမြင့်တဲ့ Marcello Mastroianni Award ကို ရရှိခဲ့သူဖြစ်ကာ ၂၀၀၃ ခုနှစ်က သူ သရုပ်ဆောင်ခဲ့သော A Good Lawyer’s Wife ရုပ်ရှင်နှင့် ၂၀၁၄ ခုနှစ်က Hill of Freedom ရုပ်ရှင်များကို ပါ၀င်ပြသရန် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
မွန်းဆိုရီဟာ တောင်ကိုရီးယားနိုင်ငံမှာ ထင်ရှားတဲ့ ဆောင်ကွန်ကွမ်တက္ကသိုလ်မှ ပြဇာတ်သရုပ်ဆောင်အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများထက် ရုပ်ရှင်နှင့် ပြဇာတ်များတွင် အဓိက သရုပ်ဆောင်အဖြစ် ထင်ရှားသူတဦးဖြစ်ပါတယ်။ ဒါ့အပြင် ကာတွန်းရုပ်ရှင်တွင် နောက်ခံစကားပြောသူအဖြစ်လည်း ထင်ရှားသူတဦးပါ။
မွန်းဆိုရီဟာ တောင်ကိုရီးယားနိုင်ငံမှ ချီးမြှင့်တဲ့ သရုပ်ဆောင်ဆုများအပြင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှ ချီးမြှင့်တဲ့ သရုပ်ဆောင်ထူးချွန်ဆုများကို ရရှိထားသူဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဂျန်ဂျွန်ဟွမ် ဟာလည်း သူနဲ့အတူ တက္ကသိုလ်တက်စဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကာ Cult film နဲ့ Save the Green Planet! စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဒါရိုက်တာတဦးဖြစ်ပါတယ်။
Ref : http://www.koreatimes.co.kr/