ရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင်မြို့နယ် တောင်နီကျေးရွာ တွင် မိသားစု ၃ ဦး အသတ်ခံရသည့် အမှုကို ရွှေညောင် ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။
အသတ်ခံရသည့် သူများမှာ အသက် ၃၈နှစ် အရွယ် အမျိုးသမီး ၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး နှင့် အသက် ၁၀နှစ် အရွယ် ယောကျၤားလေး တဦး ဖြစ်ကြောင်း၊ သြဂုတ်လ ၁၉ရက်နေ့တွင် အသတ်ခံရသည်ဟု ခန့်မှန်းထားပြီး ရဲတပ်ဖွဲ့သို့ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် တောင်နီ ကျေးရွာ ဒေသခံများက လာရောက် တိုင်ကြားခဲ့ကြောင်း ရွှေညောင်မြို့ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်ဝင်းနိုင် က ဧရာဝတီ သို့ ပြောသည်။
“ သတ်ခံရတဲ့သူတွေက သားအမိ ၃ ယောက်ပါ။ သူတို့ ၃ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ လှီးဖြတ်ပြီး သတ်ထားတဲ့ ဒဏ်ရာ တွေ့ပါတယ်။ အခုတော့ တောင်ကြီး စဝ်စံထွန်း ရင်ကွဲရုံမှာ စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။ ကျနော်တို့ ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်” ဟု ရဲအုပ် ဇော်ဝင်းနိုင်က ပြောသည်။
အသတ်ခံရသည့် မိသားစု၏ နေအိမ် ခြံစည်းရိုးမှာ အမြင့် ၇ ပေကျော် တည်ဆောက်ထားကာ ဒေသခံ အချင်းချင်း တွေ့ဆုံမှုလည်း အလွန်နည်းပါးသည့် နေရာ တခု ဖြစ်ကြောင်း၊ အလားတူ ဖြစ်စဉ်မျိုး ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။
သြဂုတ် ၂၀ ရက်ကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကျူးကျော်ရပ်ကွက်နေ မိသားစုဝင် ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ယင်းအမှု၏ လက်သည်တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။