သံဆိုတဲ့ သတ္တုဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် အာဟာရတခုပါ။ ကိုယ်တွင်းက ဆဲလ်တွေ လုပ်ငန်း ဆောင်တာ ကောင်းကောင်း ကျေပွန်ဖို့၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေ ထက်မြက်ဖို့၊ စွမ်းအင်တွေပြည့်ဝဖို့၊ အောက်ဆီဂျင် သယ်ဆောင်ပို့ပေးတဲ့ သွေးနီဥတွေကို ထောက်ကူဖို့၊ ပြီးတော့ စိတ်ကျ ဝေဒနာမျိုးတွေကို သက်သာစေဖို့ အထိ သံဓာတ်က အရေးပါလှပေရဲ့။ ဒါပေမယ့် သံဓာတ်ချို့တဲ့မှု ဆိုတာကလည်း လူတွေမှာ ဖြစ်နေတဲ့ ဝေဒနာတခု ဖြစ်နေပြန်ပါတယ်။
သံဓာတ်ချို့တဲ့ရတာက သံဓာတ်ကြွယ်တဲ့ စားစရာတွေ လုံလောက်အောင် မစားသောက်တာကြောင့်၊ ဒါမှမဟုတ် သံဓာတ် စုပ်ယူမှုကို ထိခိုက်စေတာတွေကြောင့် ဖြစ်ရတာပါ။ သံဓာတ်ချို့တဲ့ရင် အဓိကဖြစ်တာကတော့ သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်တာပါ။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ လက္ခဏာတွေကတော့ စုံပါတယ်။ လျှာနာကျင် ရောင်ရမ်းတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အပူချိန် မထိန်းနိုင်ဘဲ ပူလိုက် အေးလိုက်ဖြစ်တာ၊ အသက်ရှူ မဝတာ၊ လက်သည်းခြေသည်းတွေ ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်တာ၊ နှလုံးခုန်မမှန် နှလုံးခုန်နှုန်းမြန်တာ၊ ဂဏှာမငြိမ်တာ စသဖြင့် ဖြစ်ပါတယ်။
သာမန် သွေးအားနည်းတာကတော့ သိပ်မသိသာဘဲ သွေးစစ်တော့မှ သိသာတာလည်း ရှိပါတယ်။ အဖြစ်များတဲ့ သံဓာတ် ချို့တဲ့စေတဲ့ အကြောင်းရင်းတချို့တော့ ရှိပါတယ်။
သံဓာတ်စုပ်ယူမှု အားနည်းတာ
အစာလမ်းကြောင်းမှာ ရောဂါတွေ အထူးသဖြင့် Celiac disease ဒါမှမဟုတ် အူရောင်တဲ့ Colitis လိုမျိုးတွေ ရှိနေတာမျိုးက သံဓာတ်စုပ်ယူမှု ထိခိုက်စေပါတယ်။ ဒါအပြင် အစာအိမ်ကနေ အက်ဆစ်ထုတ်တာကို ဟန့်တားတဲ့ဆေးဝါးတွေ (လူသိများတဲ့ ဒိုင်ဂျင်း၊ အိုမီပရာဇော စတာမျိုးတွေပေါ့) စားသုံးတာလည်း သံဓာတ်စုပ်ယူမှု ထိခိုက်တာပါပဲ။
ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု
တချို့သုတေသန ပညာရှင်တွေ လေ့လာချက်အရ ဆီးတွေ၊ ချွေးတွေကနေ သံဓာတ်စွန့်ထုတ်မှု အနည်းအပါး ရှိတတ်ပါတယ်။ ပြေးလွှားတာမျိုးက အစာလမ်းကြောင်းမှာ သွေးယိုစိမ့်မှု အနည်းအကျဉ်းဖြစ်ပြီး သံဓာတ်ချို့တဲ့ နိုင်သေးတယ်လို့ ဆိုပါတယ်။ ခြေဗလာနဲ့ လှုပ်ရှား ပြေးလွှားတာတွေကလည်း ခြေဖဝါးက သွေးနီဥတွေ ပျက်စီးပြီး သွေးအား နည်းတတ်တာမို ့ရှူးဖိနပ်တွေနဲ့ ကာကွယ်သင့်တယ်လို ့ဆိုပါတယ်။
သွေးလှူတဲ့အခါ
သွေးလှူရင်လည်း သွေးအားနည်းနည်းတော့ ကျဆင်းတတ်တာပါပဲ။ ဒါပေမယ့် ခန္ဓာကိုယ်က ပြန်ပြီး ဖြည့်ဆည်းသွား တာပေါ့။ ဘာပဲဖြစ်ဖြစ် သွေးလှူပြီး ရက်ပိုင်းတွေလောက်မှာ သံဓာတ်ကြွယ်ဝတဲ့ အစာတွေ၊ သံဓာတ် အားတိုးဆေးတွေ စားပေးသင့်တယ်လို့ ဆိုပါတယ်။
သံဓာတ်ချို့တဲ့မှု အဖြစ်များတဲ့ အကြောင်းတွေကို ဆင်ခြင်ပြီး သံဓာတ်ချို့တဲ့ လက္ခဏာတွေ ခံစားနေရရင် သံဓာတ် အားဆေးတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ၊ အမဲသွေး၊ အသည်း၊ အသားလိုမျိုးတွေ စားပြီး ဖြည့်တင်း နိုင်တာကို သတိပေးလိုက်ပါရစေ။