“အိပ်ပျော်နေတဲ့ ဖိုးလပြည့်လေးကို (ပယောဂ ဆရာက) တခါတည်းပဲ ထဆောင့်ကန်ပြီးတော့ ကိုင်ပေါက်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ကျမနဲ့ အတူတူချောင်းနေတဲ့ ဒေါ်ခင်သန်းက တခါတည်းပဲ ပေါက်ကွဲတာ။ ကလေး ၃ ယောက် သေထားတာက တကြောင်း၊ အဲဒီလိုမျိုး မျက်စိနဲ့မြင်လိုက်တော့ အိမ်ပေါ် ပြေးတက်ပြီးတော့ ဘာဆရာလဲ၊ ဒါ ကလေးသတ်နေတဲ့ ဆရာ ဆိုပြီးတော့ တခါတည်းပဲ အော်လိုက်တာ၊ အော်တော့ ပတ်ဝန်းကျင်အိမ်တွေက လူတွေလည်း ရောက်လာကြတယ်” ဆိုပြီး ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကျေးလက် ကျန်းမာရေး စေတနာ့ဝန်ထမ်း ဆရာမ နော်ဖောမေစေးက ပြန်ရှင်းပြပါတယ်။
တွံတေးမြို့နယ်၊ ၁၉ မိုင်ကုန်းက ရွာလေးထဲမှာ ပယောဂဆရာတယောက်နဲ့ သူ့ကို ယုံကြည်ပြီး ကုဖို့ လိုက်လာကြတဲ့ လူတအုပ် ဒီလ ၂၀ ရက်နေ့က ရောက်ရှိလာကြတာပါ။ ဒီပယောဂ ဆရာကြောင့် ကလေး ၃ ဦး သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ စိတ်နဲ့ ဒီဆရာ ဘယ်လိုကုလဲဆိုတာကို ဆရာမ နော်ဖောမေစေးနဲ့ တရွာတည်းနေ မခင်သန်းဆိုတဲ့ အမျိုးသမီးက တိတ်တဆိတ် ချောင်းကြည့်နေကြရင်းက တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။
သူတို့စတင် ချောင်းကြည့်နေစဉ် တုန်းကတော့ အိမ်ဦးခန်းမှာ ဖယောင်းတိုင်မီးတွေ ထွန်းညှိထားပြီး ရေမန်းခွက် ကိုင်ထားတဲ့ ပယောဂ ဆရာကို တွေ့ရပါတယ်။ သဲသဲကွဲကွဲ မသိရတဲ့ အသံနဲ့ ရွတ်ဖတ်မှုတွေ ဆက်တိုက် လုပ်နေပါတယ်။ သူရွတ်ဖတ်နေတဲ့ ရှေ့မှာတော့ ကလေး ၂ ယောက် ခွေခွေလေး အိပ်မောကျလို့ပါ။ ကလေး မိဘတွေလည်း ကလေးတွေရဲ့ ဘေးနားမှာဘဲ ဆန့်ဆန့် တောင့်တောင့်ကြီးတွေ ဖြစ်နေပြီး အိပ်နေတာလား၊ မေ့တာလားတောင် မသဲမကွဲဘူးလို့ မျက်မြင်တွေ အဆိုအရ သိရပါတယ်။
ညသန်းခေါင်းယံ အချိန်အရောက်မှာတော့ ပယောဂဆရာဟာ ဗလုံးဗထွေး ရွတ်ဖတ်နေရင်း လက်ထဲမှာ ရှိတဲ့ ဆန်မန်း၊ ရေမန်းတွေနဲ့ ကလေးတွေကို ပက်ဖျန်းရင်းက လှုပ်ရှားလာတဲ့ ကလေးကို ပယောဂ ဆရာက ထိုးကြိတ် ရိုက်နှက်တာတွေ၊ ကိုင်ပေါက်တာတွေ လုပ်ဆောင်ပါတော့တယ်။
ဒီမြင်ကွင်းကို ဆရာမ နော်ဖောမေစေးနဲ့ အတူ ထရံပေါက်က ချောင်းကြည့်နေတဲ့ ဒေါ်ခင်သန်းက ဒေါသထွက်ပြီး အိမ်ပေါ်ပြေး တက်ကာ ပယောဂ ဆရာကို လက်ညိုးထိုးပြီး ‘လူသတ်သမား’ လို့ အော်လိုက်တဲ့ အသံကြောင့် အိမ်နီးချင်းတွေ ရောက်ရှိလာ ကြပါတယ်။ ကလေးကို ရိုက်နှက်မှု ရပ်လိုက်ပေမယ့် ကလေးမိဘတွေ ကတော့ တောင့်တောင့်ဆန့်ဆန့်ကြီး ဖြစ်နေဆဲလို့ ဆိုပါတယ်။ ပယောဂ ဆရာက ဆန်မန်းနဲ့ ပေါက်လိုက်မှ ကလေးမိဘတွေ သတိလည်လာတဲ့ ပုံစံမျိုးနဲ့ နိုးလာတယ်လို့ ဆိုပါတယ်။
ရွာထဲကလူတွေ အုံလိုက်ကျင်းလိုက် တက်လာတော့ ပယောဂ ဆရာက သူ့ရဲ့ကုသမှုကို နှောင့်ယှက်တယ်ဆိုပြီး မိုင် ၂၀ ရွာကို လိုက်ပို့ဖို့ ပြောတော့ ပယောဂ ဆရာကို ယုံကြည်နေကြတဲ့ ကလေးမိဘတွေကတော့ ပယောဂ ဆရာ ထွက်သွားတဲ့နောက် အုပ်စုလိုက် လိုက်သွားကြဖို့ ကြိုးစားနေကြလို့ ဆရာမ နော်ဖောမေစေးနဲ့ ရွာခံတွေက ဖျောင်းဖျပြီး ဝိုင်းဆွဲထားကြရတယ်လို့ ဆိုပါတယ်။
“ပယောဂဆရာ ထွက်သွားတော့မယ် လုပ်တော့ သူတို့က ဆရာ ကျမတို့ကို မထားခဲ့ပါနဲ့၊ ကျမတို့ကို ကယ်ပါဆိုပြီး အကုန်လုံး လိုက်သွားကြမယ် လုပ်နေလို့ မနည်း ဆွဲထားရတယ်။ နင်တို့ ကလေးတွေသေတာ နင်တို့ စိတ် မထိခိုက်ဘူးလားလို့ ကျမကမေးတော့ အဲဒီ ကလေးတွေသေသွားလို့၊ မသေရင် သမီးတို့ကို ကိုက်စားတော့မှာ ဝါးစားတော့မှာလေတဲ့၊ အဲဒါနဲ့ ကျမလည်း အဲဒီလိုပြောရမလား ဆိုပြီးတော့ စိတ်တိုတိုနဲ့ သူ့ဆံပင်ကို ဆောင့်ဆွဲလိုက်တယ်” လို့ ဆရာမ နော်ဖောမေစေးက ပြောပါတယ်။
ကလေးမိဘတွေကို ပယောဂဆရာနောက် ထပ်လိုက် မသွားကြရအောင် ဆရာမ နော်ဖောမေစေးနဲ့ ရွာသူရွာသားတွေက တားမြစ်နိုင်လိုက်ကြပါတယ်။ အဲဒီနောက် ဒဏ်ရာရရှိထားတဲ့ ကလေးတွေကို ဆေးရုံမှာ ဆေးကုဖို့ တိုက်တွန်းပြီး လူသတ်မှု ကျူးလွန်ထားတဲ့ ပယောဂ ဆရာကိုတော့ ဖမ်းဖို့ ဆရာမ နော်ဖောမေစေး က ကြိုးပမ်းပါတော့တယ်။
ကလေး ၃ ယောက် သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး စိတ်ထဲ မကျေမချမ်းဖြစ်နေတဲ့ ဆရာမ နော်ဖောမေစေးက ပယောဂဆရာ ထွက်သွားတဲ့ မိုင် ၂၀ ရွာကို ကြောက်ရွံ့မှုမရှိဘဲ စက်လှေငှားပြီး လိုက်သွားပါတယ်။ လိုက်သွားပြီး မိုင် ၂၀ ရွာက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြကာ ပယောဂ ဆရာတည်းခိုတဲ့ အိမ်ကိုလိုက်သွားပြီး ဖမ်းဆီးဖို့ ပြင်ဆင်ပါတယ်။ ဟိုရောက်တော့ ပယောဂ ဆရာက အိမ်ဦးခန်းမှာ အခန့်သား အိပ်နေတယ်လို့ ဆိုပါတယ်။
“ကျမတို့လည်း လွတ်သွားမှာစိုးလို့ အိမ်ကို ဝိုင်းထားသေးတယ်။ ဟိုမှာလည်း ကလေးတွေ သေထားပြီးပြီ၊ လူကလည်း ဖမ်းလို့ မမိဘူးဆိုရင် ရှုပ်ကုန်မယ်။ ကျမတို့က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အိမ်ပေါ်တက်သွားတော့ ဟိုက အိမ်ဦးခန်းမှာ ခြင်ထောင် ထောင်ပြီး သေသေသပ်သပ် သူများက သူ့ကို သိပ်ထားတာ။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဆရာဆိုတာ ခင်ဗျားလားဆိုပြီး မေးတယ်။ သူကလည်း ခြင်ထောင်ထဲက ထွက်လာပြီးတော့ ဟုတ်တယ်တဲ့၊ ကလေးတွေကို ဘယ်လို လုပ်လိုက်တာလဲ မေးတော့ ကျနော်က ကလေးတွေကို မကောင်းဆိုးဝါး ထုတ်ပေးတာတဲ့၊ အဲဒါနဲ့ သက်ဆိုင်ရာမှာပဲ ရှင်းမယ်ဆိုပြီးတော့ သူ့ကို ကြိုးနဲ့တုပ်ပြီး ရဲစခန်းသွားပို့လိုက်တာ” လို့ ဆရာမ နော်ဖောမေစေး က အဖြစ်အပျက်ကို ရှင်းပြပါတယ်။
ဒီသတင်းကို သိရှိသွားတဲ့ တွံတေးရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ကွင်းဆင်း စစ်ဆေးပြီး ပယောဂ ဆရာ လက်ချက်ကြောင့် သေဆုံးသွားလို့ မြေကြီးထဲမြှုပ်ထားတဲ့ ကလေးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဖော်ထုတ်ခဲ့သလို အမှုနဲ့ သက်ဆိုင်တဲ့ သက်သေခံ ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ ပရောဂ ဆရာဆိုတဲ့ အသက် ၃၀ အရွယ် ထွန်းနိုင် ဆိုသူကို ဖြောင့်ချက်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
ပယောဂ ဆရာဟာ ဧရာဝတီတိုင်းသား ဖြစ်တယ်လို့တော့ ရဲတပ်ဖွဲ့ကပြောပေမယ့် နေရပ်ရင်းကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ သေဆုံးသွားတဲ့ ကလေးမိသားစုဝင် တွေကိုလည်း တွံတေးမြို့မ ရဲစခန်းက ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပြီးတော့ လက်ရှိ အချိန်အထိတော့ မိဘတွေကို တရားစွဲလောက်တဲ့အဆင့် မတွေ့ရသေးဘူးလို့ တွံတေးမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးက ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ ဆရာမ နော်ဖောမေစေးသာ ပယောဂ ဆရာကို ဖမ်းဆီးပေးဖို့ မလှုပ်ရှားခဲ့ရင် ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ပယောဂ ဆရာကို ဖမ်းဆီးအရေးယူဖို့ လွယ်ကူတော့မှာ မဟုတ်သလို နောက်ထပ် အခြားအခြားသော အသိပညာ အားနည်းတဲ့ မိသားစုတွေ အတွက် စိုးရိမ်စရာကောင်းလှပါတယ်။
ဆရာမ နော်ဖောမေစေးတို့ အချိန်မီသိရှိလို့ ရပ်တန့်နိုင်လိုက်တဲ့ နောက်ဆုံး ရိုက်နှက်ခံရတဲ့ ကလေး ၂ ဦးလည်း သေပွဲမဝင် ခဲ့ရတာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီကလေး ၂ ဦးအနက် ဒဏ်ရာ အပြင်းအထန်ရရှိသွားတဲ့ မိန်းကလေးတဦး ကတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောအထူးကုမှာ ဆေးကုသမှု ခံယူနေပါတယ်။ နောက်ဆုံး ကြားသိရတဲ့ သတင်းတွေအရ သက်သာလာပြီလို့ သိရပါတယ်။
သေဆုံးသွားရတဲ့ ကလေး ၃ ဦးကတော့ ရန်ကုန်မြို့တော်နဲ့ အနီးဆုံးမြို့ထဲက တမြို့ဖြစ်တဲ့ တွံတေးမြို့နယ် ဖြစ်ပါတယ်။ ရွာနာမည်ကတော့ မိုင် ၂၀ အရှေ့ရွာလို့ ခေါ်ပါတယ်။ တွံတေးမြို့ကနေ တွံတေးတူးမြောင်း အတိုင်း စက်လှေနဲ့ သွားရင် နာရီဝက်လောက် ကြာမြင့်ပါတယ်။ အခင်းဖြစ်သွားတဲ့နေရာအထိ ရေလမ်းခရီးသာ ပေါက်ပါတယ်။
အခင်းဖြစ်ပွားသွားတဲ့ နေရာကို တွံတေးတူးမြောင်းနဲ့ တဆက်တည်းရှိနေတဲ့ ဆယ်ပေခန့်ကျယ်တဲ့ ရေမြောင်းလေး အတိုင်း သွားရတာဖြစ်ပြီး နေအိမ်တွေကလည်း အဝန်းအဝိုင်းနဲ့ စုစုစည်းစည်း စုဖွဲ့နေကြတာမဟုတ်ဘဲ ရေမြောင်းလေး ဘေးတလျှောက်မှာ စီတန်းဆောက်နေကြတာပါ။ အိမ်ရဲ့ဝန်းကျင်နဲ့ အိမ်အောက်တွေမှာ ရေတွေနဲ့ ရွှံ့ဗွက်တွေသာ ရှိပါတယ်။
ရေမြောင်းလေးဘေးမှာ အခင်းဖြစ်ပွားခဲ့တဲ့ အိမ်အပါအဝင် ဓနိမိုး ထရံကာ အိမ်လေးတွေ ပေ ၃၀ လောက်ခြားပြီး ၇ လုံး လောက် တွေ့ရပါတယ်။ အဲဒီအထဲက ၄ လုံးကတော့ အခင်းဖြစ်ပွားခဲ့တဲ့ အိမ်က အိမ်ရှင်တွေဖြစ်တဲ့ ဦးစိုးမင်း၊ ဒေါ်လှလှသန်း တို့အပါ အဝင် ဦးအောင်စိုးမိုး၊ ဒေါ်ဘိုမ၊ ဦးမြမင်းစိုး၊ ဒေါ်ကြာဖောတို့ ညီအစ်ကိုတွေရဲ့ အိမ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ကျဘန်းအလုပ် လုပ်ကိုင်ကြတဲ့သူတွေဖြစ်ပြီး ပညာရေးပိုင်းနဲ့ ပြင်ပ ဗဟုသုတပိုင်းမှာ အားနည်းသူတွေ ဖြစ်ကြပါတယ်။ သေဆုံးသူ ကလေး ၃ ဦးဟာ ညီအစ်ကို ၄ ယောက် အနက်က မိသားစု ၃ စုရဲ့ ကလေးတွေ တဦးစီ ပါဝင်ပါတယ်။
အခင်းမဖြစ်ပွားမီ အချိန်တုန်းကတော့ အိမ်ပတ်ဝန်းကျင်မှာ ရွှံ့ဗွက်တွေ ရေတွေက နေရာအပြည့်ယူထားလို့ ကလေးတွေအတွက် ကစားစရာ မရှိလင့်ကစား ညီအကို မောင်နှမတွေ အိမ်ပေါ်မှာ သိုက်သိုက်ဝန်းဝန်း ပျော်ရွင်စွာ ကစားနိုင်ခဲ့ကြတယ်။ မိဘတွေ အနေနဲ့လည်း အသိပညာဗဟုသုတ အားနည်းပေးမယ့် တနေ့လုပ် တနေ့စား လုပ်ငန်းလေးတွေနဲ့ ရောင့်ရဲတင်းတိမ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြတယ်လို့ သေဆုံးသူ ကလေး ၃ ဦးရဲ့ အဖွားဖြစ်သူ ဒေါ်အေးသန်းက ပြောပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလက ညီစ်အကို ၄ ယောက်အနက် အခင်းဖြစ်ပွားခဲ့တဲ့ အိမ်က အိမ်ရှင်ဖြစ်သူ ကိုစိုးမင်းဟာ မအူပင် မြို့နယ်မှာရှိတဲ့ ငါးကန်မှာ ငါကန်စောင့် သွားလုပ်ခဲ့ပါတယ်။ အဲဒီမှာပဲ ပယောဂဆရာ ထွန်းနိုင်နဲ့တွေ့ပြီး ရင်းနှီးခဲ့ကြတာပါ။ ပယောဂဆရာ ထွန်းနိုင်ဟာ မူလကတော့ ဗေဒင်ဟောတာတို့ လက္ခဏာကြည့်တာတို့ လုပ်တယ်လို့ ဆိုပါတယ်။
ဒီလ ၁၈ ရက်နေ့မှာ အခင်းဖြစ်ပွားခဲ့တဲ့ အိမ်ရှင် ကိုစိုးမင်းဟာ မိုင် ၂၀ အရှေ့ရွာမှာ ရှိတဲ့အိမ်ကို ပြန်မယ်လုပ်တော့ ခင်မင်ရင်းနှီးနေပြီဖြစ်တဲ့ ပယောဂဆရာ ထွန်းနိုင်က အလည်ဆိုပြီး လိုက်လာခဲ့ပါတယ်။ ဒီနေ့ဟာ အိမ်မှာရှိတဲ့ အပြစ်မဲ့ကလေးငယ်တွေ အတွက်တော့ ကြမ္မာဆိုးစဝင်တဲ့နေ့လို့ပဲ ပြောရမှာပါ။ ကလေးတွေကတော့ ဘာမှ နားလည်ကြမှာ မဟုတ်ပါဘူး။
မိုင် ၂၀ အရှေ့ရွာကို ရောက်တဲ့နေမှာပဲ ပယောဂဆရာ ထွန်းနိုင်က “မင်းတို့ညီအစ်ကို ၄ ယောက်ရဲ့ အိမ်တွေပေါ်မှာ တစ္ဆေ၊ သရဲတွေပူးကပ်နေတယ်။ မင်းတို့ဒုက္ခရောက်တော့မယ်။ ငါရှင်းလင်းပေးမယ်” ဆိုပြီး မိသားစု ၄ အိမ်မှာရှိတဲ့ မိသားစုဝင်တွေ အားလုံးထဲက အခင်းဖြစ်ပွားခဲ့တဲ့ အစ်ကိုဖြစ်သူ အိမ်ကို ခေါ်စုစည်းလိုက်ပါတယ်။
ခေါ်စုပြီးတဲ့နောက် ပယောဂဆရာ ထွန်းနိုင်က မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့ စည်းတားထားလိုက်ပြီ ဖြစ်တဲ့အကြောင်း၊ ဒီစည်းဝိုင်းကို ကျော်မထွက်ကြဖို့ ကျော်ထွက်တာနဲ့ လိပ်ပြာ အနုတ်ခံရမှာ ဖြစ်ကြောင်း အမိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ မိသားစု ၄ စုလုံးလည်း ကြောက်လန့်ပြီး စည်းကို မကျော်ရဲဘဲ ပယောဂဆရာ ထွန်းနိုင် ခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဦးမြမင်းစိုး၊ ဒေါ်ကြာဖော တို့ရဲ့ သားလေးဖြစ်တဲ့ အသက် ၃ နှစ်အရွယ် နေလလင်း (အိမ်နာမည်ကတော့ ငယ်ငယ်က ဝတစ်နေတဲ့အတွက် တစ်တိုလို့ ချစ်စနိုးခေါ်ကြတယ်လို့ ဆိုပါတယ်) ရဲ့ ကိုယ်မှာ သရဲဝင်ပူးနေတဲ့ အကြောင်း သူကုသပေးမှ ပျောက်လိမ့်မယ်ဆိုပြီး ကလေးကို ပယောဆရာ ထွန်းနိုင်က ခြေထောက်နဲ့ကန်လိုက်၊ လက်သီးနဲ့ထိုးလိုက် ဟိန်းဟောက် ကုသခဲ့တယ်လို့ ဆိုပါတယ်။
လူကြီးတဦးရဲ့ ပြင်းထန်းတဲ့ ထိုးကြိတ်၊ ရိုက်နှက်မှုကို ခံရပြီးတဲ့နောက် နေလလင်း တယောက် ၁၈ ရက်နေ့ ည ၁၂ နာရီလောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ၁၉ ရက်နေ့မနက်ပိုင်းမှာတော့ ပယောဂဆရာ ထွန်းနိုင်က ဒီရုပ်အလောင်းကို ဒီမှာ ဆက်ထားလို့ မရဘူး။ ဆက်ထားရင် အန္တရာယ် ပေးနိုင်တယ်ဆိုပြီး ပြောတဲ့အတွက် မိဘတွေက ကလေးရုပ်အလောင်းကို စွန်ပစ်ဖို့ စက်လှေ ထုတ်ပေးခဲ့ပါတယ်။
နေလလင်းရဲ့ ရုပ်အလောင်းကို ၁၉ ရက်နေ့မနက်မှာ ပယောဂဆရာ ထွန်းနိုင်ကိုယ်တိုင် စက်လှေနဲ့ အိမ်ရှေ့က မြောင်းအတိုင်း တွံတေးတူးမြောင်းထဲကို မောင်းပြီး သွားရောက် စွန့်ပစ်ခဲ့တယ်။ စွန့်ပစ်ပြီး ပြန်လာတော့လည်း အိမ်မှာကျန်ရှိနေသေးတဲ့ ၈ လ အရွယ် မယမင်း၊ ၂ နှစ် အရွယ် မလလင်းရွှေနဲ့ ၄ နှစ်အရွယ် မသင်းသင်းစိုးတို့ ၃ ဦးကိုလည်း မကောင်းဆိုးဝါး ဝင်ပူးနေတယ်ဆိုပြီး ထပ်မံ ရိုက်နှက်ပြန်ပါတော့တယ်။
ပယောဂဆရာရဲ့ ထိုးကြိတ်ရိုက်နှက်မှုဒဏ်ကြောင့် အိမ်ရှင် ကိုစိုးမင်း ဒေါ်လှလှသန်းတို့ရဲ့ ၂ နှစ် အရွယ် သမီးလေး မလလင်းရွှေ၊ ညီအစ်ကိုတော်စပ်သူ ဦးအောင်စိုးမိုး၊ ဒေါ်ဘိုမတို့ရဲ့ ၈ လ အရွယ် သမီးလေး မယမင်းတို့ ထပ်မံ သေဆုံးခဲ့ရပြန်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ၂၀ ရက်နေ့ မနက်မှာ အဝတ်နဲ့ပတ်ပြီး ပီနံအိတ်ထဲ ထည့်ပါတယ်။ အဲဒီနောက် ထမင်းချက်အိမ်နဲ့ ဆယ်ပေခန့် အကွာမှာရှိတဲ့ မအူပင် ခြေရင်းက ရွှံ့မြေတွေကို တူရွင်းပြားနဲ့ တူးပြီး မြှုပ်ခဲ့တယ်လို့ သိရပါတယ်။
ပယောဂဆရာရဲ့ ရိုက်နှက်မှုတွေအကြား မသေဆုံးဘဲ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့တဲ့ အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးကတော့ ကယ်သူတွေ ပေါ်လာပြီးနောက်မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်သွားပါတယ်။
ပယောဂဆရာကို ဖမ်းမိပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာ နေအိမ်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး အိမ်ဘေးနားက မအူပင်အောက်မှာ မြှုပ်ထားတဲ့ ကလေး ၂ ဦးရဲ့ အလောင်းကို ဖော်ယူခဲ့ကြောင်း၊ သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ပြီး တွံတေးတူးမြောင်းထဲကို စွန့်ပစ်ခဲ့တဲ့ မောင်နေလလင်းရဲ့ ရုပ်အလောင်းကိုလည်း ဆိပ်ကြီး ခနောင်တို ဘက်မှာ တွေ့လို့ ဆယ်ယူနိုင်ခဲ့ကြောင်း တွံတေးမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးက ဆိုပါတယ်။
အိမ်နီးချင်းတွေကတော့ ကလေးတွေ သေဆုံးတယ်ဆိုတာကို ရဲတပ်ဖွဲ့ လာရောက်စစ်ဆေးတဲ့နေ့ကျမှ သိလိုက်ရတယ်လို့ ဆိုပါတယ်။ အိမ်နားမှာ အမြဲမြင်တွေ့နေရတဲ့ ကလေးငယ်တွေ သေဆုံးသွားမှုအပေါ်မှာ စိတ်မကောင်း ဖြစ်နေကြပြီး ဒီဖြစ်ရပ်အပေါ် တုန်လှုပ်ခြောက်ခြားနေကြပါတယ်။
“အဲဒီ ပယောဂ ဆရာ ရောက်လာပြီးကတည်းက ကလေးတွေ ငိုသံတွေပဲ ကြားတယ်။ ဘာတွေ ရွတ်ဖတ်နေလဲ မသိဘူး။ ရှင်းတော့ မရှင်းဘူး။ အဲလိုပဲ ကြားတယ်။ ကလေးတွေကတော့ အမိုး၊ အပါး … ကယ်ပါဦး ဆိုပြီးတော့ ငိုတဲ့အသံတွေ ကြားတယ်။ နောက် ပျဉ်တွေ ထုတာလား ဘာလားတော့မသိဘူး ဒုန်းဒုန်းဒိုင်းဒိုင်းတော့ ကြားတယ်။ မြင်တော့ မမြင်ရဘူး” လို့ အိမ်နီးချင်းဖြစ်သူ နော်ကယောဖောက ပြန်ပြောပြပါတယ်။
“ကျမဆိုရင် ဟိုးငယ်ငယ်လေးကတည်းက ဒီနေရာမှာ မွေးလာတာ ဒါမျိုးတခါမှ မမြင်ဖူးဘူး။ ဒါပထမဆုံးပဲ။ ကလေးတွေက ချစ်စရာကောင်းတယ်။ ဒီဘက်မှာလည်း တခါတလေ လာဆော့ကြတယ်။ ဒီလိုဖြစ်သွားတာ စိတ်တော်တော် မကောင်းဘူး။ ကလေးတွေရဲ့ ငိုသံတွေက အခုထက်ထိ စိတ်ထဲမှာ ကြားနေတုန်းပဲ” လို့ နော်ကယောဖော က မျက်ရည်တွေ စီးမကျအောင် ထိန်းရင်းက ပြောပါတယ်။
ပယောဂဆရာနဲ့ ကာယကံရှင် မိသားစုတွေဟာ လူမြင်မခံဘဲ တိတ်တဆိတ် ကြိတ်လုပ်ခဲ့ကြပြီး တခြားလူတွေ မမြင်အောင် တအိမ်လုံးကိုလည်း လုံနေအောင် ကာထားပြီး ပေါက်နေတဲ့ ဝါးထရံတွေကိုတောင် စောင်တွေနဲ့ ကာထားတယ်လို့ ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ တရွာတည်းနေ မနုနုက ဆိုပါတယ်။
“ကျမက အဲဒီအိမ်မှာ ဘဲဥသွားဝယ်တာ။ အိမ်ပေါ်တက်မယ်လုပ်တော့ မတက်နဲ့တဲ့။ သူက မတက်နဲ့ဆိုတော့လည်း မတက်တော့ဘူးလေ။ အဲဒီအချိန်သူတို့ အိမ်ပေါ်မှာ တွေ့လိုက်ရတာကတော့ ပရိတ်ကြိုး အပ်ချည်ကြိုးတွေနဲ့ အိမ်တိုင်းတွေကို ပတ်ပြီး ဖယောင်းတိုင်မီးတွေ ထွန်းထားတာတော့ တွေ့ရတယ်။ ပယောဂဆရာရှေ့မှာ သူတို့ရော ကလေးတွေရော ထိုင်နေကြတယ်။ အကုန်လုံးက ငြိမ်နေကြတာ။ လိပ်ပြာခေါ်မယ်လို့တော့ ပြောတာပဲ” လို့ မနုနုက သူကြုံတွေ့ခဲ့ရပုံကို ရှင်းပြပါတယ်။
အဖွားဖြစ်သူ ဒေါ်အေးသန်းကတော့ အခင်းဖြစ်ပွားတဲ့အချိန်မှာ ရန်ကုန်ရောက်နေပြီး သူပြန်ရောက်တဲ့အချိန်မှာ မြေး ၃ ယောက် ပယောဂဆရာ လက်ချက်နဲ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိတ်ထိခိုက်နေပြီး သူ့မြေးတွေအကြောင်း ပြောသံကြားတိုင်း မျက်ရည်တွေ ထိန်းချုပ်ဖို့ခက်နေတာ တွေ့ရပါတယ်။
“ဒီလိုမျိုး တခါမှလည်း မကြုံဆုံဘူးတော့လေ။ ကျမ ကြားပြီးတဲ့နောက် ထမင်းတောင် မျိုလို့မရဘူး။ စားလို့မရဘူး။ စိတ်မကောင်းတော့ ဆို့နေတာ။ အိပ်လို့လည်း မရဘူး။ ကလေးတွေအကြောင်းပဲ စဉ်းစားနေမိတာ။ ဒီဆရာ မလာခင်တုန်းက ကလေးတွေမှာ ဘာရောဂါမှတောင် မရှိဘူး။ ပျော်ဟဲ့မြူးဟဲ့နဲ့ ဒီဆရာလာမှပဲ အခုလိုဖြစ်သွားရတာ။ ကျမ တူသားတွေက ဒီလောက်ထိ ရိုင်းစိုင်းကြတာ မဟုတ်ဘူး။ ရိုးရိုးပဲ၊ သူတို့ကလေးကို လက်ဖျားနဲ့ထိတာတောင် ကြိုက်တာ မဟုတ်ဘူး။ အဲဒီအချိန် ကျမသာရှိရင် အဲဒီဆရာကို ဓားနဲ့ခုတ်သတ်မိမှာ” လို့ ဒေါ်အေးသန်းက ပြောပြပါတယ်။
ရှင်းပြနေတဲ့ သူရဲ့မျက်နှာပေါ်မှာတော့ လွမ်းဆွတ်မှု အရိပ်အယောင်တွေက အထင်းသားပေါ်နေပြီး သူ့မြေးလေးတွေနဲ့ အရင်တုန်းက အတူ ဆော့ကစားခဲ့တာတွေ၊ မုန့်ကျွေးတဲ့ အချိန်တွေ အကြောင်းကို ပြောပြရင်း တခါတခါ သူ့အသံတွေ တိမ်ဝင်သွားပါတယ်။
သူ့သားရဲ့ အိမ်လေးဟာ အခင်းဖြစ်ပွားခဲ့တဲ့နောက် ခြောက်ခြားစရာ အိမ်အိုဟောင်း တခုအလား ဖြစ်နေပါတယ်။ မလုံမလဲ ဖြစ်နေတဲ့ ခေါင်မိုးကဓနိတွေမှာ ခိုတွဲနေတဲ့ မှိုင်းအိမ်တွေနဲ့ ဝါးထရံကာတွေမှာလည်း ပယောဂဆရာ ပက်ဖျန်းထားတဲ့ ဆန်မန်းတွေ စွဲနေသလို အိမ်ကြမ်းပြင် တခုလုံးမှာလည်း ဆန်မန်းတွေ နေရာအနှံ့ ပြန့်ကျဲနေတာ တွေ့ရပါတယ်။
အိမ်ဦးပိုင်းမှာ ကျကွဲနေတဲ့ ညောင်ရေအိုးတွေ၊ မှောက်နေတဲ့ အဝတ်စား သေတ္တာတွေနဲ့ မဆေးမကြောဘဲ ထားထားတဲ့ အိုးခွက် ပန်းကန်တွေ၊ အိမ်ရဲ့လှေခါးခြေရင်းမှာ စီးဆင်းနေတဲ့ မြောင်ထဲ ပုတ်ပွပြီး ပေါလောပေါ်နေတဲ့ ကြောင်သေ စတာတွေက လူမနေတော့တဲ့ အိမ်အလား ဖြစ်နေပါတယ်။
ကလေးမိဘတွေကို ဒီလ ၂၂ ရက်နေ့မှာ တွံတေးမြို့မရဲစခန်းက အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးကပ်ဆုံး သိသူတွေဖြစ်တဲ့ ကလေးမိဘတွေကို အခြေအနေ မေးမြန်းကြဖို့ သတင်း မီဒီယာတွေကလည်း တွံတေးမြို့မ ရဲစခန်းဝန်းထဲမှာ စောင့်ဆိုင်းနေကြပါတယ်။ ကလေးမိဘတွေ ရဲစခန်းထဲက ထွက်လာရင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာ ဖွင့်ပြောလိမ့်မယ်လို့ သတင်းထောက်တွေက မျှော်လင့်ထားကြတာပါ။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအပြီး ပြန်ထွက်လာတဲ့ ကလေးမိဘတွေကို သတင်းထောက်တွေက လိုက်လံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် မဖြေချင်တဲ့အကြောင်း ခေါင်းရမ်းပြရုံကလွဲပြီး ဖွင့်ဟပြောဆိုခြင်း မရှိကြပါဘူး။ ဘာကြောင့် မပြောပြတာလဲ ဆိုတာကိုတော့ အတိအကျမသိပေမယ့် အမှုစစ်ဆေးဆဲ ကာလဖြစ်လို့ ရဲတပ်ဖွဲ့ကနေ မီဒီယာတွေကို မပြောဖို့ ပိတ်ပင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ အိမ်ကို လိုက်ပြတဲ့ ပသီကျေးရွာ အုပ်စုချုပ်ရေးမှူး ဦးဇော်မင်းဦးက “တကယ်ဖြစ်တဲ့ ဖြစ်စဉ်ကို မိဘတွေ မေးလိုက်တဲ့ အခါကျတော့ ပထမတော့ ဘာမှ မဖြစ်သေးဘူး။ အိုးထဲက ရေကို တိုက်လိုက်တဲ့ အချိန်မှာ မျက်စိတွေ မမြင်ရတော့ဘူး။ နားတွေ မကြားရတော့ဘူး။ သူတို့အားလုံးကို ခေါင်းငုံ့ခိုင်းထားပြီးတော့ အဲဒီရေကို တိုက်လိုက်တဲ့ အချိန်မှာ သူတို့ရင်ထဲကို အရာဝတ္ထုတခုခုနဲ့ ထိုးထားသလို စူးနေတယ်ပေါ့နော်။ စူးနေတဲ့အချိန် မျက်စိက ဖွင့်ထားလျက်သားနဲ့ မမြင်ရဘူး၊ နားလည်းမကြားရဘူး။ အာရုံထဲမှာတော့ သူတို့ကို စားမယ်၊ ဝါးမယ်ဆိုတဲ့ ပုံဘဲပေါ်တယ်တဲ့” ဆိုပြီး သေဆုံးသူ ကလေးမိဘတွေ ရဲ့ ပြောပြချက်အပေါ် ပြန်ရှင်းပြပါတယ်။
ကလေးတွေရဲ့ အော်ဟစ်ငိုသံတွေကိုတော့ တချက်တချက် ကြားရပေမယ့် သတိမရတဲ့ အချိန်တွေက များနေတယ်လို့ ဆိုပါတယ်။ ကလေးမိဘတွေဟာ ကလေးတွေသေဆုံးပြီး ၃ ရက်မြောက်လောက်အထိ ထုံထုံထိုင်းထိုင်း ဖြစ်နေပြီး ပုံမှန် အနေအထားကို မရောက်ရှိသေးဘူးလို့ ဆိုပါတယ်။ ပယောဂဆရာဟာ ကလေးမိဘတွေကို အသိဉာဏ် လွတ်လောက်အောင် ထုံထိုင်းစေတဲ့ ဆေးဝါးတွေ သုံးစွဲခိုင်းထားသလား ဆိုတာကိုတော့ သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။
“တိရစ္ဆာန်ဖြစ်တဲ့ ခွေးတောင်မှ သူသားလေးတွေ သားပေါက်ပြီးရင် သွားကိုင်လို့ မရဘူးလေ။ သွားကိုင်တာနဲ့ ခွေးမကြီးက ခုခံတယ်။ လူသားဖြစ်ပြီးတော့ ကိုယ့်ကလေးကို ဒီလိုမျိုးသတ်တာကို မသိဘူးလားလို့ မေးတော့။ သူတို့က မသိဘူးပြောတယ်။ သူတို့ပြောတဲ့ အပိုင်းကို ကျနော်တို့က လက်ခံပေးလို့ ရတယ်။ သူတို့လည်း မသိလို့ လက်ခံလိုက်တဲ့ သဘောရှိတယ်။ သိရင်တော့ ကိုယ့်သားသမီးကို ညှင်းပမ်းနှိပ်စက်ပြီး သတ်နေတာကို ဘယ်လိုလူမျိုးမှ လက်ခံမှာ မဟုတ်ဘူးလေ။ နောက်ဆုံးမနိုင်ကာမှ အဆုံး ရရာလက်နက်စွဲပြီး ခုခံကြမှာပဲ” လို့ အုပ်ချုပ်ရေးမှူးက သေဆုံးသွားတဲ့ ကလေး ၂ ဦးရဲ့ အလောင်းမြှုပ်ထားရာ နေရာကို လိုက်ပြရင်းက ရှင်းပြပါတယ်။
မြို့ပြတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အသိပညာဗဟုသုတ နည်းပါးတဲ့ ဒီလိုနေရာမျိုးတွေမှာ နောက်ထပ် ဒီလိုဖြစ်ရပ်ဆိုးတွေ မကြုံရလေအောင် ဒီဖြစ်စဉ်ကို နမူနာထားပြီး ကျေးရွာတွေမှာ အသိပညာပေး ဟောပြောမှုတွေ လိုက်လံ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရေးဆွဲသွားမယ်လို့ ပသီကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး က သူ့ရဲ့ ရည်ရွယ်ချက်ကို အခင်းဖြစ်ပွားခဲ့တဲ့ အိမ်မှာပဲ ပြောပြပါတယ်။
အပြစ်မဲ့ ကလေး ၃ ယောက် ဆိုးဝါးစွာ သေဆုံးသွားရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ မိုင် ၂၀ အရှေ့ရွာမှာတင် မကဘဲ ဒီသတင်းကို ကြားသိရတဲ့သူတွေလည်း တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ အတူ ဂရုဏာ ဒေါသတွေလည်း ဖြစ်ခဲ့ကြရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာလည်း တိတ်ဆိတ်မှုနဲ့ အတူ ခြောက်ခြားမှုတွေက အကင်းမသေနိုင်ကြသေးပါဘူး။
ဆက်စပ်ဖတ်ရှုရန်
ပယောဂ ဆရာကို ဖမ်းမိအောင် ကြိုးပမ်းခဲ့တဲ့ ကျေးလက် ကျန်းမာရေးဆရာမ