အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်စပ်ကင်းစခန်းများတိုက်ခိုက်မှု၏ အကျိုးဆက်တခုမှာ မိမိကိုယ်ကို ရိုဟင်ဂျာဟု ခေါ်ဆိုကြသော မူဆလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာများ အကြီးအကျယ် အယုံအကြည် ကင်းမဲ့မှုများ အသစ်တဖန် ပြန်လည်ပေါ်ပေါက်လာစေခဲ့သည်။
အသေအပျောက် များပြားခဲ့သည့် ၂၀၁၂ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ယင်းတို့၏ ဆက်ဆံရေးကို ပြန်လည်လည်တည်ဆောက်နေစဉ် ကာလအတွင်း ယခုကဲ့သို့ တဖန်ဖြစ်ပွားခြင်း ဖြစ်သည်။
အစိုးရ၏ ထုတ်ပြန်ချက်များအရ ထိုတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲ ၁၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ စစ်ဆင်ရေးများတွင် စစ်သား ၇ ဦး သေဆုံးကာ သံသယရှိသူ ၇၀ သေဆုံးခဲ့သည်။ မြို့နယ်အတွင်းရှိ ရဲစခန်းအများအပြားတွင် လူ ၃၀၀ ကျော်ကို ဖမ်းဆီးထားသည်။
မီးရှို့ခံရ၍ တရွာလုံးနီးပါး ပျက်စီးသွားသော ဒါးကြီးဇားကျေးရွာမှ ထွက်ပြေးလာသူ ၁၂၀၀ ခန့်နှင့် ဝါးပိတ်ကျေးရွာသားတို့ သည် မောင်တောမြို့နယ်ရှိ အဘူဂျာယားမှာ ယာယီတဲများ ထိုးနေကြရသည်။ မြို့နယ်၏မြောက်ပိုင်းရှိရွာ ဒါဇင်ဝက်ခန့် လည်း မီးရှို့ခံရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က အောက်တိုဘာ ၂၂၊ နိုဝင်ဘာ ၃နှင့် ၁၀ ရက်နေ့များက ရိုက်ကူးထားသော ကြည်လင်ပြတ်သားသော ဂြိုဟ်တုဓာတ်ပုံများကို မှတ်တမ်းတင်ထားပြီး၊ မောင်တောမြောက်ပိုင်း ရွာ ၃ ရွာ တွင် ဖျက်ဆီးခံရသော အဆောက်အအုံ ၄၃၀ တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့က ကြေညာသည်။
နိုဝင်ဘာ ၂၁ ရက်နေ့တွင်မူ ရွာ ၅ ရွာတွင် နောက်ထပ်ဖျက်ဆီးခံရသော အဆောက်အအုံ ၈၀၀ ကျော်တွေ့သည်ဟု ထိုအဖွဲ့ကပင် ကြေညာသည်။ ထိုတွေ့ရှိချက်များကို မြန်မာအစိုးရက ငြင်းဆိုထားသည်။
အစိုးရက ရွာသားများအပေါ် အကြမ်းဖက်မှုများကို ငြင်းရုံသာမက အစွန်းရောက်များသည် စစ်တပ်ကို အပြစ်တင်ရန် အကွက်ချပြီး အိမ်များကို မီးရှို့ခဲ့သည်ဟု ပြောသည်။ နိုင်ငံတကာသတင်းဌာနများကမူ ထောင်ချီသော ရိုဟင်ဂျာ မူဆလင်များသည် တိုက်ပွဲများ စတင်ချိန်မှစ၍ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်ချမ်းသာရာရရန် ထွက်ပြေးနေကြသည်၊ ဒါဇင်နှင့်ချီသော မူဆလင်အမျိုးသမီးများသည် စစ်တပ်၏အဓမ္မပြုကျင့်ခြင်း သိုမဟုတ် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းခံရသည် ဟုဖော်ပြကြသည်။
ပြည်နယ်လူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်ရှိသော ရိုဟင်ဂျာဟု မိမိကိုယ်ကို သတ်မှတ်သည့် ရခိုင်ပြည်နယ်မှ မူဆလင် ၁ သန်းခန့်၏ အများစုမှာ မြန်မာနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည်။ ဗုဒ္ဓဘာသာရခိုင်များက ယင်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများအဖြစ် သတ်မှတ်ပြီး တရားမဝင် ဘင်္ဂါလီများဟု ခေါ်ကြပါသည်။
မကြာသေးမီက တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာပြီးနောက် မြေပြင်တွင်ဖြစ်နေသော လက်တွေ့အခြေအနေများကို ပိုမိုနားလည်ရန်အတွက် ဧရာဝတီသတင်းဌာနက ထိုစခန်းများသို့ နှစ်ရက်ကြာသွားရောက်ခဲ့သည်။
ဒေသအကူအညီ
အောက်တိုဘာလ ၉ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူဦး ၂၀၀ ခန့်သည် မောင်တောမြို့ရှိ ဘာသာရေးအဆောက်အအုံ တခုတွင် အစားအသောက်အပါအဝင် ၎င်းတို့ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးနေကြသည်။ အချို့သောသူများက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ကြောင်း၊ ရခိုင်ရွာများတွင် နယ်ခြားစောင့်ရဲများ တိုးချဲ့ချထားပေးရန်လိုကြောင်း အစိုးရထံ အကြောင်းကြားရန် အစည်းအဝေးစီစဉ်သူများအား တင်ပြကြပါသည်။
အစည်းအဝေးမှ ဒေသခံဗုဒ္ဓဘာသာများက တိုက်ခိုက်မှုများအတွင်း ထိုရွာများမှ ရွာသားများသည် အကြမ်းဖက်တိုက်ခိုက်မှုကို မကြုံတွေ့ရသလောက်ရှိသော်လည်း ခန့်မှန်းရခက်သော ပဋိပက္ခများ မြန်မာနိုင်ငံ အနောက်ပိုင်းကိုပင် ဝါးမြိုသွားမည်ကို စိုးရိမ်ကြောင်း ပြောကြသည်။
လုံခြုံရေးတပ်ဖွဲ့များကို စစ်သွေးကြွတို့က မကြာခဏ ချုံခိုတိုက်ခိုက်ခံနေရသောကြောင့် ဘတ်စ်ကားများ၊ စက်လှေများမှာ မသွားလာရဲကြသဖြင့် သူမ၏ရွာသို့သွားရောက်ရန် ခက်ခဲနေကြောင်း၊ မောင်တောမြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာမှ ရခိုင်အမျိုးသမီး ဒေါ်ခင်သန်းရီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ညဘက်ဆို အိပ်မရဘူး။ ပြီးတော့ စိတ်ဖိစီးနေတယ်။ ဒါကြောင့် ဒီကို (မောင်တောဆေးရုံမှာ) ခဏဆေးကုဖို့လာခဲ့တာ။ အခုတော့ ရွာကို ပြန်ပို့ပေးရဲတဲ့သူတယောက်မှ မရှိတော့ဘူး” ဟု သူမက ပြောသည်။
သူမ၏ရွာမှာ တိုက်ခိုက်ခြင်း မခံရသော်လည်း အချိန်မရွေး တိုက်ခိုက်ခံရနိုင်သောကြောင့် သူမနှင့် အခြားရွာသားများက ရဲ တပ်ဖွဲ့ဝင်များ ထပ်မံချထားခြင်းအပါအဝင် လုံခြုံရေးအစီအစဉ်များအား ထပ်ဖြည့်ပေးရန် အစိုးရကို တောင်းဆိုရခြင်းဖြစ် ကြောင်း ဒေါ်ခင်သန်းရီက ပြောသည်။
ကျေးရွာ ၁၂ ရွာပါဝင်သော ရွှေဇားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သော အောင်ဗလရွာမှ ဦးအောင်ဝင်းနှင့်လည်း ဧရာဝတီ သတင်းဌာနက တွေ့ဆုံခဲ့သည်။ လွန်ခဲ့သောနှစ်အတန်ကြာက မောင်တောတွင် အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့သော်လည်း ရွှေဇာအုပ်စုတွင် အသိုင်းအဝိုင်း ၂ ခု ခင်ခင်မင်မင်ရှိသောကြောင့် ပြင်းထန်သောပဋိပက္ခများကို ရှောင်လွှဲနိုင်ခဲ့ကြောင်း၊ အသိုင်းအဝိုင်း၂ ခု ကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရန် အချိန်ယူရမည်ဖြစ်ကြောင်း သူကပြောသည်။
“အရင်တုန်းကဆိုရင် အမျိုးသမီးတယောက်တည်းလည်း မူဆလင်ရွာကို ဖြတ်ရင် ဖြတ်သွားတာပဲ။ အခုတော့ ဒီလိုသွားဖို့ တုန့်ဆိုင်းနေကြပြီ” ဟု ဆိုသည်။
ကန့်သတ်ချက်များက ပိုမိုအခက်အခဲဖြစ်နေ
အောင်ဗလရွာမှ အများစုမှာ နတ်မြစ်ကို မှီခိုကာ တံငါအလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။ သို့သော် တိုက်ခိုက်မှုတွင် ပါဝင်သူများကို လိုက်လံ ဖမ်းဆီးရန် နတ်မြစ်လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ ထိုအခါ လယ်ယာလုပ်ငန်း မပိုင် ကြသော အောင်ဗလကျေးရွာမှ ရခိုင်အများအပြားမှာ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး ငွေရှာရန် အခြားနည်း လမ်းရှာရမည်ဟု အောင်ဗလရွာမှ ဦးအောင်သိန်းက ပြောသည်။
မောင်တောတွင် ပဋိပက္ခများပေါ်ပေါက်လာတိုင်း ဘေးကျပ်နံကျပ်ဖြစ်သောသူတို့မှာ လူဦးရေ ၅၀၀၀ ခန့်ရှိသောဟိန္ဒူ ကျေး ရွာများပင် ဖြစ်သည်။ ၎င်းတို့အများစုမှာ ဝမ်းရေးအတွက် ကျေးလက်ဒေသတွင် ဆံပင်လိုက်ညှပ်ခြင်း၊ ဘူးခွံပုလင်းခွံ ကောက်ပြီး ဈေးတွင် ပြန်ရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်များ ဟိုတယ်များတွင် အကူအဖြစ် ကျဘမ်းအလုပ်များကို လုပ်ကိုင်ကြသည်။
ပဋိပက္ခအပြီးတွင် ဒေသခံများမှာ နီစပ်ရာရွာများသို့ ကစဥ့်ကလျားဖြင့် ပြန့်ကျဲကာ သွားရောက်မှီခိုကြသဖြင့် မူလကပင် ဆင်းရဲနေသူများအတွက်လည်း ဝန်ထုတ်ဝန်ပိုး ပိုမိုဖြစ်လာကြောင်း ဟု မောင်တောဒေသခံ ဦးကိုညီက ပြောသည်။ “သူတို့တွေအကြောင်းကို စဉ်းစားကြည့်ပါ (ထွက်ပြေးတိမ်းရှောင်သူများ) အနီးပတ်ဝန်းကျင်ရွာတွေက ပေးတဲ့အစားအသောက်ကလွဲပြီး သူတို့ဘာမှမရကြဘူး” ဟု ဦးကိုညီက ဒေသသို့ပြန်လည်ခွင့်ပြုပြီးဖြစ်သော နိုင်ငံတကာအကူအညီကင်း မဲ့ခြင်းကို ထောက်ပြပြောဆိုသည်။
ဧရာဝတီသတင်းဌာနသည် မောင်တောရှိ အဓိက ဆိပ်ခံတံတားသို့လည်း သွားရောက်ခဲ့ပြီး အလုပ်သမားများနှင့် တွေ့ဆုံခဲ့ သည်။ နယ်စပ်ဂိတ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ပိတ်ထားပြီး မည်သည့်ဘက်သို့မျှ ကုန်စည်စီးဆင်းမှုမရှိဟု ပြော သည်။ အချို့မှာ ဆိုက်ကားနင်းစားရန် ကြိုးစားကြသော်လည်း ပုံမှန်ဝင်ငွေရရန် ခက်ခဲနေဆဲဖြစ်သည်။
မြန်မာစစ်တပ်က စစ်ဆင်ရေးများပြုလုပ်နေစဉ်အတွင်း နိုင်ငံတကာသတင်းစာဆရာများနှင့် အကူအညီပေးရေးအဖွဲ့များ မောင်တောမြောက်ပိုင်းသို့ သွားရောက်ခွင့်ကို အစိုးရက ပိတ်ပင်ထားသည်။ မလိုအပ်သောအန္တရာယ်ကို ရှောင်ရှားရန် အတွက် မောင်တောမြောက်ပိုင်းသို့ မသွားရန်လည်း ဧရာဝတီသတင်းထောက်များကို အကြံပြုထားသည်။
“ခင်များအနေနဲ့ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းလဲဆိုတာ ခွဲခြားမသိနိုင်ဘူး။ တချို့အစွန်းရောက်တွေက အဲဒီ မှာ ပုန်းနေကြတယ်။ ခင်များတို့ ဗမာပုံပေါက်နေရင် အန္တရာယ်မကင်းဘူး” ဟု မောင်တောဒေသခံကို ကျော်ကျော်နိုင်ကပြောသည်။
ခြံစည်းရိုး ဆောက်ခြင်း
မူဆလင်ကျေးရွာသားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အတိအကျသိရန် မောင်တောမြို့အစ္စလာမ်ဘာသာရေးရာကောင်စီ၏ပြောရေးဆိုခွင်ရှိသူကို ဆက်သွယ်ရန် ဧရာဝတီသတင်းဌာနက ကြိုးစားခဲ့သော်လည်း ထိုသူမှာ ခရီးသွားနေ သည်။
သူ၏ညီဖြစ်သူ ဦးကိုညီက ၎င်းကိုယ်စား ဧရာဝတီသတင်းဌာနသို့ မှတ်ချက်ပေးပြောဆိုခဲ့ပါသည်။ လက်တွေ့မြေပြင်တွင် ဆိုးဆိုးရွားရွားဖြစ်ပျက်နေသည့်ကိစ္စ အများအပြားကို သတင်းမီဒီယာများတွင် ဖော်ပြထားခြင်း မတွေ့ရှိရသေးကြောင်း ဦးကိုညီက ရှင်းပြရင်း၊ လွန်ခဲ့သောလအတွင်း မောင်တောမြောက်ပိုင်းမှ ရာနှင့်ချီသော ရွာသားများကို အစိုးရစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်းဆိုသည်။
သို့သော် သတင်းသမားများနှင့် နိုင်ငံခြားမှ စုံစမ်းစစ်ဆေးသူများကိုဒေသအတွင်း ဝင်ရောက်ခွင် တားမြစ်ထား၍ သက်သေနှင့်တကွ အခိုင်အမာပြောရန် ခက်နေသည်။
“မောင်တောမြောက်ပိုင်းမှာ ကျနော့်အဆက်အသွယ်တွေရှိတယ်။ စစ်သားတွေ ရွာကို ရောက်လာလို့ ထွက်ပြေးဖို့ ကြိုးစားရင် ပစ်သတ်တယ်လို့ ပြောတယ်။ ခင်များ အထောက်အထားလိုချင်ရင် ကိုယ်တိုင်သွားကြည့်ရမယ်” ဟု သူက ဆက်ပြောသည်။
နယ်စပ်စခန်းကို တိုက်ခိုက်ခဲ့သူများ၏ နောက်ဆက်တွဲသတင်းများလည်း ရှင်းရှင်းလင်းလင်းမသိရပေ။ မြန်မာစစ်တပ်သည် ဒေသတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် စစ်သွေးကြွများက ချုံခိုတိုက်ခိုက်နေဆဲဖြစ်သည်ဟု အချို့က စွပ်စွဲပြော ကြားထားသည်။ အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်မှုများတွင် အမှန်တကယ် ပါဝင်ခဲ့သူများမှာ ဘင်္ဂလားဒေရှ်သို့ ထွက်ပြေးလွတ်မြောက်သွားပြီးဖြစ်ကာ၊ နောက်ဆက်တွဲများကို ဒေသခံများ ခါးစည်းခံနေရကြောင်း အချို့က ပြောကြပါသည်။
နယ်စပ်ခြံစည်းရိုးသည် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်အကြား တရားမဝင် ကူးသန်းသွားလာခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။ စည်းရိုးကို ကျော်ရန် ဒေသခံများသည် လည်ရှည်ရော်ဘာဖိနပ်များကို အသုံးပြုကြသည်။ သံဆူးကြိုးများမှာလည်း ဒေသ ရာသီဥတုအရ ဆားငွေ့ရိုက်သောကြောင့် ထိရောက်မှု နည်းလာပြီး အစိုးရက စည်းရိုးပြင်ရန် နှစ်စဉ် ငွေချထားပေးနေရ သည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မောင်တောမြို့နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီးကျော်မြဝင်းက ၎င်းတို့ ရဲတပ်ဖွဲ့ အနေဖြင့် ခြံစည်းရိုးအနီးတွင် ၂၄ နာရီလုံခြုံရေး ချမထားနိုင်ကြောင်း၊ နယ်စပ်ရှည်လျားခြင်းသည်လည်း စိန်ခေါ်မှုဖြစ်နေကြောင်း ပြောသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့အနေဖြင့် အဓိက ရေလမ်းများနှင့် ဂိတ်များကိုသာ လုံခြုံရေးဆောင်ရွက်နေရသည်ဟု ဆိုပါသည်။
“တကယ်လို့များ အစိုးရက ဘတ်ဂျက်ချပေးနိုင်ရင် ကျနော်တို့က အုတ်တံတိုင်းဆောက်ပစ်ချင်တယ်။ ဒါပေမယ့် ကျနော်သိ သလောက်တော့ အစိုးရမှာ ဒီကိစ္စအတွက် ငွေမရှိဘူး” ဟု ရဲမှူးကြီးက ပြောသည်။
ပညာရေးသည် ရေရှည်အတွက် အဖြေ
ရခိုင်ပြည်နယ်အကျပ်အတည်း၏ နီးကပ်သောအနာဂတ်မှာ ကူရာကယ်ရာမဲ့ အနေအထားဖြစ်နေသည်။ ဒေသတွင်း ပညာ ရေးချို့တဲ့ခြင်းကြောင့် အစွန်းရောက်များအနေဖြင့် ဒေသခံများကို စည်းရုံးသိမ်သွင်းရန်လွယ်ကူနေသည်ဟု ကျွမ်းကျင်သူ များက သတိပေးထားသည်။
အစိုးရသည် မောင်တောခရိုင်တွင် ကျောင်းပေါင်း ၄၀၀ ကျော်ဆောက်ထားပြီးဖြစ်သည်။ ကျောင်းသားအများစုမှာ မူဆလင်များဖြစ်သည် ဆိုသော်လည်း ဧရာဝတီသတင်းဌာနအနေဖြင့် (စာတတ်မြောက်မှုနှုန်း) အတိအကျ စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိပါ။
ပဋိပက္ခများ မဖြစ်ပွားစေရေးနှင့် ပတ်သက်၍ မောင်တောမြို့လယ်ရှိ မြို့မဘုန်ကြီးကျောင်းမှ သြဇာတိက္ကမက ကြီးမားသော ဆရာတော် ဦးကေတုက အချို့သော ဘာသာရေးဆရာများသည် အခြေခံဝါဒကို သင်ကြားနေသော်လည်း ဒေသခံများအနေဖြင့် ဘာသာခြားကို မုန်းတီးသော စိတ်ဓာတ်ကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ မောင်တောတွင် ဘာသာရေး သည်းခံနိုင်မှု နမူနာကို ပြသရမည် ဖြစ်ကြောင်း မိန့်ကြားသည်။
မောင်တောမြို့ရပ်ကွက် ၁ ဗလီ၏ဂေါပကအဖွဲ့ဝင်တဦးဖြစ်သူ မူဆလင် ဦးအီဆက်က မြန်မာနိုင်ငံတွင် ပြဌာန်ထားသော အခြေခံစည်းမျဉ်းများကို ဒေသခံများလိုက်နာပြီး၊ အစိုးရနှင့် ဒေသခံ မူဆလင်တို့အကြား ဆက်သွယ်ရေးမှာ ပဋိပက္ခ အပူမီးကို ငြိမ်းသတ်နိုင်စေမည့် အဓိကသော့ချက်ဖြစ်သည်ဟု ယူဆကြောင်း ပြောသည်။
ဦးအီဆက်က ၎င်း၏ကိုယ်တွေ့ဖြစ်ရပ်ကို အခြေခံ၍ ပြောကြားသည့်အချက်မှာ မိမိမှာ မောင်တောမြို့နယ်မှအပ ကျန်မြို့ နယ်များ အပြင် ပြည်နယ်မြို့တော် စစ်တွေသို့ပင် သွားရောက်ဖူးခြင်းမရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် အနေဖြင့် မူဆလင်များကို ခရီးသွားလာမှုကန့်သတ်ချက်များကို ရုပ်သိမ်းပြီး လွတ်လပ်စွာ သွားလာခွင့်ပေးသင့်ကြောင်း လည်း ပြောသည်။
ဒေသအကျပ်အတည်းကို ဖြေရှင်းအားထုတ်သည့်အနေဖြင့် မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို သြဂုတ်လက ဖွဲ့စည်းထားခဲ့ပြီးဖြစ်သည်။ ထိုကော်မရှင်သည် ပဋိပက္ခများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြေရှင်းရန် အစိုးရအားထောက်ခံတင်ပြချက်များပေးမည် ဖြစ်သည်။