၂၀၁၆ ခုနှစ်သည် မြန်မာ့နိုင်ငံရေးတွင် နှစ်ပေါင်း ၅၄ နှစ်ကြာအပြီး ပထမဆုံး ရွေးကောက်ပွဲမှ တင်မြှောက်လိုက်သော အရပ်သားအစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်သာမက နိုင်ငံ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည် တွင်းစစ်ရပ်စဲရေးကို အထူးသတိထားလာစေသည့် ၂၁ ရာစုပင်လုံညီလာခံကို အစပျိုးနိုင်ခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့်ရဲကင်းများ တိုက်ခိုက်မှု နောက်ဆက်တွဲ၊ ရှမ်းပြည်မြောက်ပိုင်း လက် နက်ကိုင်တိုက်ပွဲများက စိန်ခေါ်မှုသစ်များဖြစ်ခဲ့သည်။ ထိုပြဿနာများကပင် ၂၀၁၇ တွင်လည်း စောင့်ကြိုနေမည်မှာ မြေ ကြီးလက်ခတ်မလွဲပေ။
နှစ်သစ်၏ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ရေး နှစ်ဟောင်းတွင် မည်သို့ချဉ်းကပ်ကိုင်တွယ်ခဲ့သည်ကို ပြန် လည်သုံးသပ် ကြည့်ရှုသင့်သောကြောင့် အနှစ်ချုပ်ထုတ်နှုတ်ရေးသားတင်ပြအပ်ပါသည်။
ခေါင်းခဲရတဲ့ ရခိုင်မြောက်ပိုင်း ပြဿနာ
မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုအား တိုက်ခိုက်မှု များကို ယုံကြည်မှုဟု အာရဗီဘာသာစကားဖြင့် အဓိပ္ပာယ်ရသည့် Harakah al-Yaqin ဟုခေါ်သည့် အုပ်စုက ဦးစီးပြုလုပ် ခဲ့သည်။
ဘယ်လ်ဂျီယမ် အခြေစိုက်အဖွဲ့တခုဖြစ်သော International Crisis Group (ICG) က ယင်း မွတ်စလင် သောင်းကျန်းသူ အဖွဲ့ကို မက္ကာအခြေစိုက် ရိုဟင်ဂျာ ပြည်ပြေးအဖွဲ့က ကြီးကြပ်ကွပ်ကဲကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်ငန်း များကို Ata Ullah (အခြားအမည်များစွာ ရှိသေးသူ) က ဦးဆောင်နေပြီး၊ ယင်းအဖွဲ့က ဖြန့်ဝေသည့် ဗီဒီယို ထုတ်ပြန်ချက် များတွင် ၎င်းသည် ပြောရေးဆိုခွင့် ရှိသူ ဖြစ်ကြောင်း၊ ၎င်းကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မွေးဖွားခဲ့ပြီး မက္ကာတွင် ကြီး ပြင်းခဲ့ကြောင်း၊ ဖခင်မှာ ရိုဟင်ဂျာ ဖြစ်ကြောင်း ရေးသားထားသည်။
အစိုးရ၏ ထုတ်ပြန်ချက်များအရ ထိုတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲ ၁၀ ဦးသေဆုံးပြီး အင်အားသုံး နောက်ဆက်တွဲ စစ်ဆင်ရေးများတွင် လုံခြုံရေးတပ်သား ၇ ဦး သေဆုံးကာ သံသယရှိသူ ၇၀ သေဆုံးခဲ့သည်။ မြို့နယ်အတွင်းရှိ ရဲစခန်း အများအပြားတွင် လူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
တပြိုင်နက်တည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ကြည်လင်ပြတ်သားသော ဂြိုဟ်တု ဓာတ် ပုံများကို မှတ်တမ်းတင်ထားပြီး မောင်တောမြောက်ပိုင်း ရွာ ၈ ရွာတွင် မီးရှို့ဖျက်ဆီးခံရပြီး အများစုမှာ မြန်မာအစိုးရ၏ လုံ ခြုံရေးတပ်ဖွဲ့၏ လက်ချက်ဟု စွပ်စွဲသည်။
အစိုးရက ရွာသားများအပေါ် အကြမ်းဖက်မှုများကို ငြင်းရုံသာမက အစွန်းရောက်များသည် စစ်တပ်ကို အပြစ်တင်ရန် အ ကွက်ချပြီး အိမ်များကို မီးရှို့ခဲ့သည်ဟု ပြောသည်။ နိုင်ငံတော်သမ္မတရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အရှေ့အလယ်ပိုင်းရှိ အစ္စလမ်မစ် စစ်သွေးကြွများ အရပ်သားများကို လူသားဒိုင်းသဖွယ် အကာအ ကွယ်ယူနေကြောင်း “IS တွေ တိုက်တဲ့နည်းဗျူဟာမျိုးတွေကို မောင်တောမှာ ကျင့်သုံးနေကြတယ်”ဟု ပြောခဲ့သည်။
နိုင်ငံတကာသတင်းဌာနများကမူ ထောင်ချီသော ရိုဟင်ဂျာ မွတ်စလင်များသည် တိုက်ပွဲများ စတင်ချိန်မှစ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်ချမ်းသာရာရရန် ထွက်ပြေးနေကြောင်း၊ ဒါဇင်နှင့်ချီသော မွတ်စလင်အမျိုးသမီးများသည် စစ်တပ်၏ အဓမ္မပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းခံရကြောင်း ဖော်ပြကြသည်။
ယင်းဖြစ်ရပ်အပေါ် ပြည်ပရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူများ၊ နိုင်ငံတကာ သတင်းမီဒီယာများက “လူမျိုးတုန်း သတ် ဖြတ်မှု” အန္တရာယ် မြန်မာပြည်တွင် ကျရောက်နေကြောင်း လှုံ့ဆော်ကြသည်။ နိုဝင်ဘာလနှောင်းပိုင်းက BBC သတင်း တခု တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိတဦးက မြန်မာအစိုးရသည် လူ နည်းစု မွတ်စလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြောကြားကြောင်း ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်ကို မြန်မာအစိုးရက အဆိုပါ စွပ်စွဲချက်မှာ မှားယွင်းကြောင်း တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်အခြေစိုက် သံ တမန်များကို မောင်တောသို့ ပို့ဆောင်ပေးပြီး ကုလသမဂ္ဂ၏ လူသားချင်းစာနာမှု အထောက်အပံ့များကို အကန့်အသတ် ဖြင့် ပြန်လည်ပေးပို့ခွင့်ပြုခဲ့သည်။
ရခိုင်မြောက်ပိုင်း ပြဿနာသည် ဒေသတွင်း နိုင်ငံရေးနှင့် အာဆီယံအဖွဲ့ဝင်များကြား သံတမန်ဆက်ဆံရေးအပေါ်လည်း သက်ရောက်မှုရှိခဲ့သည်။
ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားထားသည်ဟု စွပ်စွဲခံထားရသော မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လူထု ထောက်ခံစုဝေးပွဲ ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်များအပေါ် ကျူးလွန်နေသော လူမျိုးတုန်း သတ်ဖြတ်မှုများ ရပ်တံ့ရန် တောင်းဆိုခဲ့အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်ဖွဲ့စည်းသော ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က “လူမျိုးတုန်း သတ်ဖြတ်မှု” ဆိုသည့် အသုံးအနှုန်းကို သတိထား၍ သုံးစွဲသင့်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံရှိ မွတ်စလင်ဦးရေ အများဆုံး အင်ဒိုနီးရှား၏ သမ္မတဂျိုကိုဝီဒိုဒိုနှင့် မစ္စတာ ကိုဖီအာနန် တွေ့ဆုံခဲ့ပြီး နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှင်းပြနိုင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ရန်ကုန်မြို့သို့ ဖိတ်ကြားကာ ရခိုင်အရေး ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားနှင့် မွတ်စလင်အသိုင်းအဝိုင်း နှစ်ခုလုံး၊ ဘာသာရေး ခေါင်းဆောင်များ၊ လူငယ်များ၏ မတူကွဲပြားသော အမြင်များကို မှတ်တမ်းတင်ရန် အားထုတ်ခဲ့သော်လည်း ရခိုင် အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေး သ မားအနည်းငယ်ကသာ ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် လက်ခံခဲ့ကြသည်။ အများစုက ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်၏ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ထင်မြင်ကြသည်။
ကိုဖီအာနန်သည် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ချိန်တွင် ကိုဖီအာနန်က မီဒီယာနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကို ပဋိပက္ခဒေသတွင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားခြင်းကို ပယ်ဖျက် ပေးရန် တိုက်တွန်းခဲ့သည်။
“ကန့်သတ်ချုပ်ခြယ်မှုများကို ဖယ်ရှားပေးခြင်းက လူမှုအသိုင်းအဝိုင်းများ၏ အခြေအနေနှင့် လက်တွေ့ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ပိုမိုနားလည်စေလိမ့်မည်” ဟု သူက ရှင်းပြခဲ့သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာကို ဖေဖော်ဝါရီလတွင် ပြည်ထောင်စုအစိုးရသို့ တင်သွင်းမည်။
International Crisis Group (ICG) က နိုင်ငံတကာ ဂျီဟတ်ဝါဒီများ အမြတ်ထုတ် အသုံးချနိုင်မည့် အလားအလာကို စိုး ရိမ်ပူပန်နေပြီး ယင်းကို ရှောင်လွှဲနိုင်ရန် “လုံခြုံရေးအရ တုံ့ပြန်မှုကို အထောက်အကူပြု နည်းလမ်းအဖြစ်သာ သုံးပြီး ရိုဟင် ဂျာတို့အတွက် မျှော်လင့်ချက်ပေးနိုင်သော၊ ဗုဒ္ဓဘာသာရခိုင်တို့၏နက်ရှိုင်းသော နစ်နာမှုများကို ထည့်သွင်းစဉ်းစားသော၊ ဒေသတွင်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ထောက်လှမ်းရေးသတင်းဖလှယ်မှုကို ဦးစားပေးသော ကောင်း စွာဖော်ထုတ်ထားသည့် နိုင်ငံရေးသေနင်္ဂဗျူဟာတရပ်တွင် ပေါင်းစပ်” ရန် လိုကြောင်း သတိပေးထားသည်။
တိုက်ပွဲများကြားက ၂၁ ရာစုပင်လုံ
NLD အစိုးရသည် ငြိမ်းချမ်းရေးမရပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ဟု ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အ လေးထားကြောင်း ဖော်ပြခဲ့ပြီး ဩဂုတ်လကုန်တွင် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပကာ အပစ်ရပ်အဖွဲ့များ ရော အပစ်မရပ်သေးသောအဖွဲ့များပါ ပါဝင်တက်ရောက်စေခဲ့သည်။ တိုင်းရင်းသားအဖွဲ့အသီးသီး နိုင်ငံရေးပါတီ အသီးသီး ၏ အမြင်သဘောထားများကို ပွင့်လင်းစွာ ဖော်ပြခွင့်ပြုခဲ့သည်။
သို့သော် အဆိုပါ ၂၁ ရာစုပင်လုံညီလာခံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ထီးရိပ်အောက်တွင် ဆက်လက်လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ် NCA လက် မှတ်ထိုးစဉ်ကာလက တက်ရောက်ခြင်းမပြုခဲ့သော်လည်းယခု အစိုးရဖြစ်ပြီးနောက် သဘောထား ပြောင်းလဲဖော်ပြလိုက် ခြင်း ဖြစ်သည်။
သို့သော် ပင်လုံငြိမ်းချမ်းရေးညီလာခံ မကျင်းပမီ နှစ်ပတ်အလို သြဂုတ်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်မှ ယခုအကြိမ် တိုက်ပွဲများ စတင်ခဲ့သည်။ ထိုတိုက်ပွဲများသည် အနည်းဆုံး ငြိမ်းချမ်းရေး ညီလာခံပြီးမှသာ အဆုံးသတ် သို့မဟုတ် လျော့ ကျမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မြန်မာ့တပ်မတော်က တိုက်လေယာဉ်များ သုံးပြီး တိုက်ပွဲအရှိန်မြှင့်သည်။
ဤပဋိပက္ခများကြောင့် ကချင်ပြည်နယ် ဖားကန့်မှ ပြည်သူသောင်းချီ လမ်းမပေါ်ထွက်ကာ ဆန္ဒပြပြီး ထိုးစစ်ရပ်ရန် စစ်တပ် ကို တောင်းဆိုကာ အစိုးရက လူမျိုးစုလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ် ဆက်လက်တိုက် ခိုက်နေခြင်းကို ဝေဖန်ကြသည်။ ထိုသို့ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တိုက်ပွဲဆက်တိုက် ဖြစ်နေသည်နှင့် ပတ်သက်ပြီး အစိုးရမှ တခွန်းတပါဒမျှ တုံ့ပြန်ပြောကြားခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် မြန်မာ့တပ်မတော်၏ KIA အပေါ် ကြီးမားသော ထိုးစစ်ကို ဝေဖန်ပြောကြား ခြင်း မရှိသဖြင့် အကြီးအကျယ် ရှုတ်ချခံရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲသတင်းများ ကြားလာရပြီး ကရင်ပြည်နယ်တွင် ဒေ သခံ လက်နက်ကိုင် အုပ်စုများ အကြား ပဋိပက္ခများ ဖြစ်ပွားကာ ရှမ်းပြည်အရှေ့ပိုင်းတွင်မူ အင်အား ကြီးမားလှ သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က တချိန်က အနီးကပ်ဆုံး မဟာမိတ်အဖြစ် သတ်မှတ်ခဲ့သည့် မိုင်းလား အုပ်စု ခေါ် အမျိုးသာဒီမိုကရေစီ မဟာမိတ်တပ်မတော်ကို ဆန့်ကျင်လှုပ်ရှားပြီး ၎င်းတို့၏ စခန်းများကို သိမ်းယူသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ သွားရောက်ဆွေးနွေးအပြီး ဝတပ်ဖွဲ့အချို့ ပြန်လည်ဆုတ်ခွာပေးခဲ့သော်လည်း ပြဿနာမှာ လိပ်ခဲတည်းလည်း ဆက်ဖြစ်နေသည်။
နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့ နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီးနောက် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း တလျှောက်တွင် တပ်မတော်နှင့်တိုက် ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။
ဒီဇင်ဘာလတွင် ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီကတည်းက တိုက်နေသော ကချင်ပြည်နယ်ရှိ နာမည်ကျောဗ အင်ခရမ် တောင်ကြောပေါ်ရှိ ပေ ၃၃၀၀ ကျော် မြင့်သည့် ဂီဒွန်တောင်ပေါ်ရှိ KIA ခံကတုပ်များကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန် သည်။ နှစ်ဖက်တပ်များ အကျအဆုံးများသည်ဟု သိရသော်လည်း မည်မျှ ထိခိုက်ကျဆုံးကြောင်း မထုတ်ပြန်ပေ။
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဒေါ်အောင် ဆန်းစုကြည်၏ ပထမဦးစားပေး နိုင်ငံရေးအစီအစဉ်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အားလုံးပါဝင်ရေး မရေမ ရာဖြစ်နေပြီ ဖြစ်သည်။
ထို့ပြင် အရေးကြီးသည့် ပဋိပက္ခနယ်မြေအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့များ စုရုံးဆွေးနွေးတင်ပြမည့် Civil Society Organisations (CSO) ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးကလည်း ရေပေါ်အရုပ်ရေးသကဲ့သို့ အရာမထင်သေးပေ။
အာဇာနည်နေ့ နိုင်ငံရေး
၁၉၄၇ ခုနှစ် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဘက် ၈ ဦး လုပ်ကြံခံရသည့် ဇူလိုင်လ ၁၉ အာဇာနည်နေ့ အာဇာနည်ကုန်း၌ ကျင်းပသော ယခုနှစ် အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်အလေးပြုခဲ့သည်။
ဆယ်စုနှစ်များကြာပြီးနောက် အာဇာနည်ဗိမာန်သို့ လာရောက်အလေးပြုသည့် ပထမဆုံး စစ်သေနာပတိချုပ် ဖြစ်သည်။ ဤ အစဉ်အလာသည် လာမည့် ၂၀၁၇ တွင်လည်း မြင်ရမည်လော၊ စောင့်ကြည့်စရာ ရှိသည်။
အခြား အံ့ဩစရာမှာ ယခုနှစ် အာဇာနည်ဗိမာန်တွင် အလေးပြုခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယူနီ ဖောင်းကိုလဲ ရိုးရာတိုက်ပုံနှင့် လုံချည်ကို ဝတ်ကာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်မှ တရားနာဆွမ်းကျွေး အခမ်း အနားသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
နာမည်ကျော် အင်းလျားကန်ဘေးနေအိမ် အမှတ် ၅၄ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အထင်ကရ ဆရာတော်များရှေ့ တဦးနှင့်တဦး အလေးထား ပြုံးရယ်နေသော ဓာတ်ပုံများ လူမှုကွန်ရက်တွင် ကျယ်ကျယ် ပြန့်ပြန့် ကြည့်ရှု ဖြန့်ဝေခဲ့ကြသည်။ လက်ရှိ ဒု သမ္မတ ဦးမြင့်ဆွေနှင့် ဒေါ်အောင်ဆန်းစုကြည် အနီးကပ် မဟာမိတ်ဖြစ်လာ သူ ဦးရွှေမန်းတို့လည်း ဇနီးသည်များနှင့်တကွ လာကြသည်။
ထိုရက်များအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ၂၀၂၀ အထိ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်အစိုးရ သက်တမ်းပြည့် တာဝန်ယူကြမည်ဖြစ်ကြောင်း တပ်မတော်က အတည်ပြုသည်။ အစိုးရသစ် ဖွဲ့ပြီးပြီးချင်း များမကြာမီ မေလအတွင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သ တင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။
သို့သော် နိုဝင်ဘာ ဥရောပသမဂ္ဂခရီးစဉ်အတွင်း တင်ပြချက်တရပ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံကို ဒီမိုက ရေစီစနစ် တည်ဆောက်ရေး အစိုးရသစ်၏ လုပ်ဆောင်ချက်များကို ထည့်သွင်းပြောဆိုခြင်း မရှိသောကြောင့် အာဇာနည် နေ့တွင် ရခဲ့သော အစိုးရသစ်ခေါင်းဆောင်နှင့် တပ်ချုပ်တို့ကြား ရင်းနှီးသော ဆက်ဆံရေး ဆက်လက်တည်တံ့ မတည်တံ့ သံသယဖြစ်စေသည်။
ယခုနှစ် အာဇာနည်ကုန်း၏ ဒီဇိုင်းပုံစံကိုလည်း ပြင်ဆင်ခဲ့သည်။ ပြင်ဆင်လိုက်သည့် ပုံစံသည် မူလဒီဇိုင်းနှင့် ၉၅ ရာခိုင်နှုန်း တူညီသည်ဟု ဗိသုကာများက ဆိုသည်။ အာဇာနည်ခေါင်းဆောင်များနှင့် ပတ်သက်သည့် ပြတိုက်အပါအဝင် အခြားအရာ များကို ထည့်သွင်းရန် အစီအစဉ် ၂၀၁၇ တွင် ပြီးမြောက်မည်လော စောင့်ကြည့်ရမည်။
၁၉၈၅ ခုနှစ်တွင် အာဇာနည်ဗိမာန်ကို တည်ဆောက်ပြီးချိန်မှ စ၍ ပထမဆုံးအကြိမ် မွမ်းမံပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူပြီးချိန်မှစ၍ စစ်အစိုးရသည် ပြည်သူများ အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့်ကို တားမြစ်ခဲ့ သည်။
လူစုလူဝေးများမှတဆင့် မငြိမ်သက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြာင့် ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့ သည့် စစ်တပ်နောက်ခံ ဦးသိန်းစိန်အစိုးရက အာဇာနည်ဗိမာန်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အာဇာနည်နေ့အခမ်းအနား တွင် ပြည်သူများ ပါဝင်ရန် ခွင့်ပြုခဲ့သည်။
ဒီမိုကရေစီ အစိုးရသစ် ဖွဲ့စည်းတည်ထောင်ခြင်း
နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသော အရပ်သားသမ္မတသစ် ဦးထင်ကျော် ထံ သို့ သမ္မတဦးသိန်းစိန်က ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ခြင်းဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ်နှင့် ၂၀၁၆ ခုနှစ်အထိ ပေါ်ပေါက်ခဲ့သော အသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ၏ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည်။
သမ္မတ ဦးထင်ကျော်သည် လွှတ်တော်တွင် ကျမ်းသစ္စာဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ သူ၏ ပါတီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများကို အလေးပေးပြော ကြားသွားခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသော ဖွဲ့စည်း ပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ပြည်သူလုထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးကို သူ၏ အစိုး ရအဖွဲ့၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများအဖြစ် ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်လာနိုင်ခြင်း မရှိသောကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏ အနီးကပ် ယုံကြည်ရသူ ကိုယ်ကျင့်တရားကောင်းမွန်သည်ဟုလည်း ဂုဏ်သတင်း မွှေးသူတယောက် ဖြစ်သည့် ဦးထင်ကျော် သမ္မတ ဖြစ်လာသည်။
သို့သော် (စစ်တပ်ကလည်း တစိတ်တပိုင်း ထိန်းချုပ်ထားဆဲဖြစ်သည့်) အုပ်ချုပ်ရေး အာဏာက ဧပြီလတွင် နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ လက်တွင် ရှိနေသည်။ အတိုင်ပင်ခံ ရာထူးက ဒေါ် အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့အစည်းအားလုံးနှင့် လွှတ်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်ပါဝင်ခွင့်ပြုထား သလို နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သောကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် တာဝန်ရှိသည်။
မည်သို့ဆိုစေ တတိုင်းပြည်လုံးက နှစ်ပေါင်း ၅၀ အတွင်း ပြည်သူ ရွေးချယ်တင်မြောက်လိုက်သည့် အစိုးရတရပ် ပေါ်ပေါက် လာသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
ထိုနည်းတူစွာပင် နိုင်ငံတကာကလည်း လှိုက်လှိုက်လဲှလှဲ ကြိုဆိုကြပြီး အထီးကျန်ထားရေး မူဝါဒကို စွန့်ဖယ်ကာ အကူအ ညီ အထောက်အပံ့များ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းအတွက်လည်း ဦးသိန်းစိန်၏ အစိုးရဟောင်း၊ တပ်မတော်နှင့် အစိုးရသစ်ကိုပါ အသိအမှတ်ပြုရမည် ဖြစ်သည်။
၆၆ (ဃ)နှင့် ခြိမ်းခြောက်ခံ လွတ်လပ်စွာ ပြောဆိုခွင့်
၂၀၁၅ ခုနှစ် နိုဝင်ဘာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရွေးကောက်ပွဲ အောင်နိုင်စဉ်က မျှော်လင့်ခဲ့ သည့် များစွာသော မျှော်လင့်ချက်များတွင် အစိုးရကို ဝေဖန်သူ၊ ဆန့်ကျင်သူများသည် ဖမ်းဆီးထောင်ချခံရမည်ကို စိုးရိမ် ရန် မလိုတော့ဟူသော မျှော်လင့်ချက်လည်း ပါဝင်သည်။ သို့သော် ထိုမျှော်လင့်ချက်မှာ အကောင်အထည် မပေါ်သေးပေ။
တာမွေမြို့မရဲစခန်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြုလုပ်ပြီး Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တန်ဖိုးကြီး နာရီလက်ခံယူခဲ့ကြောင်း မဟုတ် တန်းတရား စွပ်စွဲရေးသားသည်ဟု ဆိုကာ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားကာ နိုဝင်ဘာ ၁၁ ရက်တွင် အဖမ်းခံရပြီး တရား ရင်ဆိုင်နေရသည်။
သတင်းမီဒီယာသာမက ကျယ်ပြန့်စွာ လူသုံးများလာသော ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် မိမိသဘောထား ထင်မြင် သုံးသပ်ချက်ကို ထုတ်ဖော်ရေးသားသောကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့်ပင် ဖမ်းဆီးအရေးယူခံရသူများလည်း ရှိသည်။
နိုဝင်ဘာလဆန်းတွင် NLD ၏ ထင်ရှားသောခေါင်းဆောင် ဦးမျိုးရန်နောင်သိမ်းအား စစ်တပ်ကို လူမှုကွန်ရက်တွင် ဝေဖန် ခြင်းအတွက် ဖမ်းဆီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အရ ဖမ်းဆီးခြင်း ဖြစ်ပြီး ယင်းဥပဒေ သည် ဦးသိန်းစိန်အစိုးရက သမ္မတ သို့မဟုတ် စစ်တပ်ကို စော်ကားသူဟု စွပ်စွဲခံရသူများကို စီရင်ရန် အကြိမ်ကြိမ် အသုံး ပြုခဲ့သည်။
ပဲခူးတိုင်း၊ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက နိုဝင်ဘာ ၂၉ ရက်နေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေး သားသည်ဟုဆိုကာ မစန္ဒီမြင့်အောင်အား ဖမ်းဆီးခဲ့သေးသည်။ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကို ရည်ရွယ်ရေး သားမှုများသာမက ၆၆ (ဃ) သည် အွန်လိုင်းပေါ်တွင် ပုဂ္ဂလိကဆိုင်ရာ အပြန်အလှန် စွပ်စွဲရေးသားမှုများအတွက်ပါ ဖြစ် လာသည်။
ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်းအား ရပ်ကွက်ရာ အိမ်မှူးတဦးမှ ၎င်း၏ဂုဏ်သိက္ခာထိခိုက်အောင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့်အတွက် ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။
နေပြည်တော် အခြေစိုက် News Watch သတင်းထောက်တဦးဖြစ်သူ ဦးမောင်မောင်ထွန်း ကလောင်အမည် (ထွန်း/ နေ ပြည်တော်)ကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် နေပြည်တော်နေ ဦးဇော်မင်းအောင်ဆိုသူက သြဂုတ်လ ၁၇ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ရဲစခန်းသို့ တိုင်ကြားသောကြောင့် ရဲက ညတွင် ဖမ်းဆီးခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မတီက ထောက်ပြခဲ့သကဲ့သို့ပင် တစုံတဦးကို ပုတ်ခတ်စော်ကားခြင်းသည် ရာဇဝတ် တ ရား စီရင်ရန် အကြောင်းရင်း မဖြစ်သင့်ကြောင်း၊ နိုင်ငံတည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေမှာ အာရုံစိုက်ပြီး အချိန် နှင့် ပြည်သူ့ဘဏ္ဍာကို အသုံးချစေချင်ပြီး ဆဲဆိုပုတ်ခတ်ခြင်းလို အသေးအဖွဲများအား အာရုံမစိုက်သင့်ကြောင်း၊ ဝေဖန်မှုများ ရှိလာခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့် လူထုအကြံပြုချက် တောင်းခံခဲ့သည်။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကော်မတီကမူ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို လုံးဝ ဖျက် သိမ်းရန် အစီအစဉ် မရှိသော်လည်း ပြင်ဆင်ပေးရန် ကြိုးစားသွားမည်ဟု ပြောသည်။
အမြင့်ပျံ ဒေါ်လာဈေးနှင့် ချည့်နဲ့သော မြန်မာ့စီးပွားရေး
၂၀၁၆ ခုနှစ် ကုန်ခါနီး သတင်းစာနယ်ဇင်းများ၏ အာရုံစိုက်မှု အများဆုံးရရှိနေခဲ့သော အကြောင်းအရာမှာ ဒေါ်လာဈေး အလျင်အမြန် ခုန်တက်နေခြင်းပင်။
နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ငွေလဲနှုန်း ဆက်တိုက် တက်လာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဗဟိုဘဏ်၏ တရားဝင်ငွေ လဲနှုန်းက အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၀၅ ကျပ် အထိရောက်ရှိလာခဲ့သည်။ တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက် နှုန်းကြားမှ ကွာခြားချက်ကလည်း ကျယ်ပြန့်လာပြီး ဈေးကွက်တွင် တဒေါ်လာလျှင် မြန်မာငွေ ၁၃၅၁ ကျပ် အထိ ဖြစ်လာ ခဲ့သည်။
ဒီဇင်ဘာလလယ်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၂၈ ကျပ်ထိ ပြင်ပ ဈေးကွက်တွင် ရောက်လာခဲ့သည်။ ယင်းသည် စက်တင်ဘာလအတွင်း ရှိခဲ့သော ဈေးနှုန်း ၁၂၁၅ ကျပ် ရှိခဲ့ရာမှ တက်လာခြင်းဖြစ်ပြီး တခါတရံတွင် တနေ့လျှင် ၂၀ ကျပ် ခန့် အထိ ခုန်တက်ခဲ့သည်။
ယင်းသို့ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ၃ လစာ နိုင်ငံခြားအရံငွေသာ ရှိခြင်း၊ ဈေးကွက်အတွင်း ကျပ်ငွေများနေခြင်း၊ သွင်းကုန်အစားထိုး ကုန်ထုတ်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းမရှိ၍ ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအား မြှင့်တက်နေခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်လက်အောက်ရှိ International Finance Corporation ( IFC) က ဌာနေကိုယ်စားလှယ် မစ္စတာ ဗစ်(ခ်) ရမ်ကူးမားက ပြောသည်။
၂၀၁၃ ခုနှစ်တွင် ဗဟိုဘဏ် ဒုတိယဥက္ကဌ က မြန်မာနိုင်ငံဗဟိုဘဏ်မှာ အရံရွှေ ခုနစ်တန်နှင့် အရံနိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလျံ ရှိကြောင်း လွှတ်တော်မှာ သွားရောက်ထွက်ဆိုခဲ့ဖူးပြီး ယင်းသည် ဗဟိုဘဏ်၏ နောက်ဆုံး ထုတ်ပြန်ပြောဆိုချက် ဖြစ်သည်။ အစိုးရသစ်လက်ထက် တကြိမ်မျှ မထုတ်ပြန်သေးသလို ယခုကဲ့သို့ နိုင်ငံခြား အရံငွေ ၃ လသာ ကျန်တော့ကြောင်း သိရသဖြင့် ၂၀၁၃ တွင် တင်ပြဖူးသော ပမာဏမှ မည်မျှနှင့် မည်သို့ကုန်သွားသနည်းကို ဗဟို ဘဏ်က မရှင်းလင်းပေ။
အမေရိကန်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒများကြောင့် အမေရိကန်ဒေါ်လာဈေး ခိုင်လာနေခြင်းက ပြည်တွင်းအနေဖြင့် ကုန်သွယ်ရေးလိုငွေ၊ အစိုးရဘတ်ဂျက်လိုငွေ ကြီးမားနေမှုနှင့် လေးလံထိုင်းမှိုင်းနေ သော ဗဟိုဘဏ်တို့အပေါ် ထပ်ဖိစီးသွားစေခဲ့သောကြောင့်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းနေရခြင်း ဖြစ်ကြောင်း အခြား စီး ပွားရေးပညာရှင်များက ထောက်ပြသည်။
အစိုးရသစ်အနေဖြင့် ယခင်ကလို ကျောက်စိမ်း၊ ရွှေနှင့် သစ်ကဲ့သို့ မြေပေါ်မြေအောက် သယံဇာတ တူးဖော်ရောင်းချရေး အပေါ် အားကိုးနေမှုများ ရပ်ဆိုင်းလိုက်ခြင်း၊ ကမ္ဘာ့ဈေးကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကျဆင်းနေခြင်းတို့က နိုင်ငံ့ဝင်ငွေကို အကြီးအကျယ် ကျဆင်းသွားစေခဲ့သည်။
ပို့ကုန်လုပ်ငန်း တိုးမြှင့်မှုကို လုပ်နိုင်မှသာ ကုန်သွယ်ရေးလိုငွေ ကွာဟချက်ကို လျှော့ချနိုင်မည် ဖြစ်သည်။ ဆန်နှင့် ပဲသာ အဓိက တင်ပို့သည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို တွန်းတင်ရန် အရေးတကြီး လိုအပ်နေသော်လည်း မြေပိုင်ဆိုင်မှု ပြ ဿနာက ဖြေရှင်းရန် တပုံကြီး ရှိနေသေးသည်။ မြေပြဿနာ မရှင်းနိုင်သေးသမျှ စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုး တက်ရေး ခက်ခဲနေသည်။
အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းအပြီး မျှော်လင့်ထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် ဝင် မလာခဲ့ပေ။ အောက်တိုဘာလအတွင်း နိုင်ငံပေါင်း ၁၉၀ ၏ စီးပွားရေးဝန်းကျင်အခြေအနေကို ကမ္ဘာ့ဘဏ်က သရုပ်ခွဲ အဆင့်သတ်မှတ်သော Doing Business အမည်ရှိ အစီရင်ခံစာတွင် မြန်မာက အဆင့် ၁၇၀ သာရှိသည်။
စီးပွားရေး တိုးတက်မှု နှေးကွေးနေသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့သည်။ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးက အလှမ်းကျယ်လွန်းသည်။ ရေရှည်အကျိုးကို မျှော်ပြီး လုပ်နေသည်ကို မြင်ရသော်လည်း ရေတိုဗျူဟာအနေဖြင့် အခြေခံအဆောက်အဦ တည်ဆောက်ရေး နိုင်ငံတကာ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် မှီခိုနေရပုံပေါက်နေသည်။
ဒေါ်လာဈေးမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် သွင်းကုန်ပစ္စည်းများ ဈေးတက်ကုန်ကာ ကုန်ထုတ်လုပ် ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသော စက်သုံးဆီများ ဈေးတက်လာနေသည်။ နောက်ဆက်တွဲ အခြေခံ ကျသည့် စားသုံးကုန်ပစ္စည်းများ ဈေး ဆက်လက်မြင့်တက်လာမည်ကို စိုးရိမ်ရကြောင်း စီးပွားရေးပညာရှင်များက ထောက် ပြပြောဆိုနေသည်။
၂၀၁၇ ကားဈေးကွက် ဘာလဲ ဘယ်လဲ
လာမည့် ၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခြင်း ဆိုင်ရာ မော်ဒယ်နှစ် သတ်မှတ်ချက်ကို နိုဝင်ဘာလ ၂၉ ရက် နေ့က မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။
အစိုးရသစ် အနေဖြင့် ၂၀၁၇ အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်နှစ်ကို ပုံမှန်ထက် ပိုမို စည်းကျပ်လိုက်သည်။ အထူးသဖြင့် Free Permit အနေဖြင့် တင်သွင်းခွင့် အများဆုံး၊ ဈေးကွက် ဝယ်လက် အများဆုံးဖြစ်သည့် ၁၃၀၀ စီစီနှင့် အောက်ဘက်ရှိ မော်တော်ယာဉ်များအား အသစ်လျှောက်ထားတင်သွင်းပါက ဘယ်မောင်း တမျိုးတည်းကိုသာ ရနိုင်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းထုတ် မော်ဒယ်များသာ ရနိုင်တော့မည် ဖြစ်သည်။
မော်ဒယ်မြင့် နောက်ဆုံးထုတ်များအား လက်လှမ်း မမီသေးသည့် ပြည်တွင်းဈေးကွက် ဝယ်လိုအားအနေအထားတွင် လက်ရှိ သိန်း ၁၂၀ မှ သိန်း ၁၅၀ အကြား ဈေးပေါက်နေသော ၁၃၅၀ စီစီ အင်ဂျင်တပ် ၂၀၁၁ ခုနှစ် ဝန်းကျင် မော်ဒယ် Toyota Probox, Passo, Vitz, Ratics, Honda Fit, Mazda Demio, Suzuki Swift, Nissan AD Van များ လာမည့် နှစ်တွင် စလစ်ကပ်မှ တင်သွင်းခွင့် ရနိုင်တော့မည်။
ယင်းသို့ဖြစ်လျှင် လက်ရှိ ပြည်တွင်းဈေးကွက် ပေါက်ဈေးသိန်း ၁၂၀ ကို အခြေခံပြီး စလစ်ဈေး ပျမ်းမျှ သိန်း ၁၀၀ ပေါင်း ထည့်ပါက အဆိုပါ ၁၃၅၀ စီစီနှင့် အောက်ဖက်ကားဈေးများ သိန်း ၂၂၀ ထိ ကြမ်းခင်းဈေး ဖြစ်သွားတော့မည်။
ယင်းသည် ပြည်ပမှ အသစ် တင်သွင်းလာမည့် ကားကို ဆိုလိုသည်။ သို့သော် စလစ်ရရန် သက်တမ်း နှစ် ၂၀ ပြည့်ကား အပ်ကားများ ရှားလာနေသည်။ ၁၉၉၅ နောက်ပိုင်းထုတ် ပြည်တွင်း၌ လက်ရှိ စီးနင်းနေသော ကားများထဲ Pajero နှင့် Prado လို အရည်အသွေး ကောင်းနေသေးသော ကားများ အများအပြား ရှိနေသေးသည်။
ယင်းသို့ သက်တမ်း ပြည့်ရန်လည်း လိုအပ်နေ၊ သက်တမ်းပြည့် ကားများထဲမှာလည်း အပ်ကား ရှားလာမည့် အနေအထား သည် လာမည့်နှစ် ပြည်ပမှ မော်တော်ယာဉ် အသစ် တင်သွင်းလာရန် နည်းသွားစေလိမ့်မည်။ ဝယ်လက်အနေနှင့်လည်း အလုပ်ရှုပ်ခံကာ တင်သွင်းခွင့် လျှောက်ထားနေမည် မဟုတ်ပေ။
ထို့ကြောင့် ပြည်တွင်းရှိ Brand New ကား အရောင်းပြခန်းတွေမှာသာ မျက်မြင်ကြည့်ရှု ဝယ်ယူမှု များလာနိုင်စရာ မြင် သည်။ ပြည်တွင်းအခြေစိုက် မော်တော်ယာဉ် အရောင်းပြခန်း၊ စင်တာနှင့် တပိုင်တနိုင် ကားရောင်းဝယ်ရေးသမားတွေ အတွက်တော့ အဆင်မပြေစေနိုင်တော့ပေ။
လာမည့် ၂၀၁၇ မတ်လလောက်ကစပြီး ရှားပါးလာမည့် ကားအသစ်နှင့် ပြည်တွင်းဈေးကွက်ရောက်ရှိပြီး ကားများ ဈေးနှုန်း စတင်မြင့်တက်လာရန် မြင်ပြီး လက်ရှိ ကားပိုင်သူများ ရွှေခေတ် ရောက်လာနိုင်ပါကြောင်း။
ပြစ်ဒဏ်ကြီးတွေ ချမှတ်သင့်နေတဲ့ သက်ငယ်မုဒိမ်း
၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ်များ အဓမ္မပြုကျင့်မှုခံရသည့် အရေအတွက်မှာ ယခင်နှစ်ကထက် သိသာစွာ များပြား လာ၍ လူမှုတက်ကြွလှုပ်ရှားသူများက စိုုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖာ်ပြောကြားခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ်များနှင့် ပတ်သက်၍ ကျူးလွန် သည့် အမှုများတွင် မုဒိမ်းမှုသည် အများဆုံးဖြစ်ပြီး လူသတ်မှုသည် ဒုတိယ အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန စာရင်းဇယားများကို ကိုးကား၍ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း အစိုးရအနေဖြင့် ထိုသို့သောတရားခံများကို ပိုမိုပြင်းထန်စွာ အရေးယူရန် အစီအစဉ်ရှိမရှိ ဒီဇင်ဘာလအတွင်း ပြည်သူ့လွှတ်တော်တွင် မေးသည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးများကို ကာကွယ်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ရန် ဥပဒေသစ်များ ရေးဆွဲနေကြောင်း တုံ့ပြန်ဖြေကြားသည်။ ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရသည့် အမှုများမှာ မြန်မာနိုင်ငံတွင် သိသိသာ သာမြင့်မားနေကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။
၂၀၁၆ ခုနှစ်တွင် စုစုပေါင်းဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၆၁ ရာခိုင်နှုန်းမှာ ကလေးသူငယ်မုဒိန်းမှုများဖြစ်သည်။ ၂၀၁၅ ခုနှစ်ကမူ ၄၆ ရာခိုင်နှုန်းရှိသည်။ ယခုနှစ်ဆန်းမှစ၍ အာဏာပိုင်များသည် အဓမ္မကျူးလွန်စီရင်ခံရသူ ၂၀၆ ဦးကို ထောင် ဒဏ်ချမှတ်ခဲ့သည်။
ယင်း ၂၀၆ မှုအနက် ၂၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ အထိချမှတ်သည်။ ၇၂ ဦးကို ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ်အထိ ချသည်။ ၄၆ ဦးကို ထောင်ဒဏ် ၆ နှစ်မှ ၇ နှစ်အထိချကာ ၆၅ ဦးကို ထောင်ဒဏ် ၁နှစ်မှ ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရားရုံးများမှ လက်ခံရရှိခဲ့သည့် အဓမ္မပြုကျင့်သည့် အမှုတွဲပေါင်း ၅၁၇ ရှိခဲ့ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြော သည်။
၂၀၁၄ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ သက်ငယ်မုဒိမ်း အမှုပေါင်း ၁၁၈၄ မှုရှိပြီး ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ် ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသက် အပိုင်းအခြားအရ ၂ နှစ်မှ ၅ နှစ် အတွင်း ၅၂ မှု၊ ၆ နှစ်မှ ၁၀ နှစ်အတွင်း ၁၇၉ မှု၊ ၁၁ နှစ်မှ ၁၃ နှစ်အတွင်း ၃၈၈ မှု၊ ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ၅၆၅ မှု တို့ဖြစ်ပွားခဲ့ကြောင်း၊ ကျူးလွန်သူများသည် ဖခင်အရင်း တော်စပ်သူ ၅၄ မှု၊ ပထွေး တော်စပ် သူ ၆၂ မှု၊ ဆွေမျိုး တော်စပ် သူ ၉၃ မှု၊ သူစိမ်း ၉၇၅ မှု တို့ဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြသောင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က “ကလေးမုဒိမ်းမှုတွေ အတော်များလာနေတယ်၊ ဒီတော့ ကြီးလေး တဲ့ပြစ်ဒဏ်ပေးဖို့ လိုအပ်သလို၊ သေဒဏ်ဆိုတာဟာလည်း လက်ခံပေးရမယ့် အခြေအနေဖြစ်လာနေတယ်၊ မှတ်လောက် သားလောက်အောင် အပြစ်ပေးဖို့လိုနေပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ ကလေးမုဒိမ်းမှု တိုးပွားလာတာဟာ နိုင်ငံတော်ရဲ့ဂုဏ် သိက္ခာနဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေလို့ပါ” ဟု မှတ်ချက်ပေးသည်။
ပုဂံငလျင်
ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း စေတီပုထိုး ၄၀ဝ နီးပါးကို ပြန်လည် ပြုပြင်ထိန်းသိမ်း ခြင်း လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပုဂံတွင် စေတီပု ထိုးပေါင်း ၃၂၅၂ ဆူရှိသည့်အနက် ဘုရားစေတီ ပုထိုးပေါင်း ၄၀ဝ ခန့်မှာ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်း အား ၆ ဒသမ ၈ ပမာဏရှိသော ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဘုရားစေတီ တချို့တွင် ဘုရားပေါ် တက်ရောက်ခွင့်နှင့် တချို့နေရာများကို သွားလာခွင့် ယာယီ ပိတ်ထားဆဲ ဖြစ်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် နံရံဆေးရေး ပန်းချီများထိခိုက်မှု အပါအဝင် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးများ အားလုံး၏ ပျက်စီးဆုံးရှုံးမှု ပမာဏကို အတိအကျ သိရှိရန် ကနဦး လေ့လာသုံးသပ်မှု နှင့် အသေးစိတ် လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့သည်။
ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူ များနှင့် ပူးပေါင်း၍ ရှေးဟောင်းမြို့တော်တွင် ငလျင်ဒဏ်သင့်စေတီပုထိုးပေါင်း ၃၈၉ ဆူကို ပြန်လည်ပြင်ဆင်ခြင်း၊ ထိန်း သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
စေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက် ပျက်စီးခဲ့ရပြီး ယင်းတို့ထဲမှ ပထမ ဦးစားပေး ပြုပြင်ရန် ဘုရား ၃၆ ဆူ၊ ဒုတိယ ဦးစား ပေး ပြုပြင်ရန် ၅၃ ဆူနှင့် တတိယဦးစားပေး ပြုပြင်ရန် အဆူ ၃၀၀ သတ်မှတ်ထားသည်။ တတိယ ဦးစားပေးဘုရားများထဲ မှ ဘုရား ၂၂၄ ဆူကို ပုဂ္ဂလိက အလှူရှင်များအား ပြင်ဆင်ခွင့် ပြုသွားမည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ပုဂံဒေသသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် စက်တင်ဘာလမှ နိုဝင်ဘာ လ အထိ ၃ လအတွင်း သိသာစွာ မြင့်တက်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ကမ္ဘာ လှည့်ခရီးသည် ဝင်ရောက်မှုသည် လူဦးရေ ၆၁၇၀၀ ရှိပြီး ယခုနှစ် ထို ၃ လ အတွင်း ဝင်ရောက်မှုသည် လူဦးရေ ၇၈၅၀၀ အထိ ရောက်ရှိလာကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ဆင်းရဲမွဲတေမှု ရောဂါနှင့် နာဂဒေသ
စစ်ကိုင်းတိုင်းမြောက်ပိုင်း အိန္ဒိယနယ်စပ်အနီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုသည် ဇွန်လတွင် စတင်ပြီး ကလေးငယ်များအပါအဝင် လူ ၈၀ ကျော် သေဆုံးစေခဲ့သည်။ ထိုရောဂါဖြစ်ပွားမှုပေါ်ပေါက်ချိန်အထိ လူ ၃၀၀ ခန့်ရှိသော ထန်ခေါလားမားကျေးရွာတွင် အခြေခံ ဖျားနာမှုမျိုးကို ကုသရန်ပင် အစိုးရ ကျန်းမာရေးအရာရှိ သို့မ ဟုတ် ဆေးခန်းတခုမျှ မရှိခဲ့ဖူးပေ။
လဟယ်မြို့နယ်ဆေးရုံမှ လက်ထောက်ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးသည် ထိုရောဂါဖြစ်ပွားမှုကို ပထမဆုံး တုံ့ပြန် ဆောင် ရွက်ခဲ့သူများအနက် တဦးဖြစ်သည်။ ထိုစဉ်က ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသေးဘဲ လူဒါဇင်များစွာ သေ ဆုံးသဖြင့် အခြားသော ကျန်းမာရေးဝန်ထမ်းများမှာ မသွားရဲကြ။ ဦးသန့်ဇင်ဦးနှင့် သူ၏အဖွဲ့သည် ဆေးပစ္စည်း ၂ သေတ္တာ ကို ထုတ်ပိုးပြီး ထန်ခေါလားမားသို့ ၂ ညအိပ် ၃ ရက် ခရီးနှင်ခဲ့ရသည်။
လဟယ်မြို့နယ်သို့ ထို့နောက် နေပြည်တော်သို့ သွေးနမူနာပို့သည်။ ပထမဆုံးညတွင် လူ ၈၀ ကျော်ကို ကုပေးရသည်။ နောက်ရက်အနည်းငယ်အတွင်း လူ ၂၀၀ ခန့်ကို သူ ကူညီ ကုသပေးနိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ထိုရောဂါဖြစ်ပွားရခြင်းမှာ အာဟာရ ချို့တဲ့မှုကြောင့်ဟု ဆိုသည်။ နာဂဒေသတွင် လေရှီး၊ လ ဟယ်၊ နမ်းယွန်း ဟူ၍ မြို့နယ်၃ခုရှိပြီး ဤဝေးလံခေါင်ဖျားဒေသတွင် လူ ၁၂၀၀၀၀ ကျော်မှီတင်းနေထိုင်ကြသည်။
စီးပွားရေးမြို့တော် ရန်ကုန်မှ သွားရလာရ အလွယ်ဆုံးမြို့နယ် လဟယ်သို့ လေယာဉ်နှစ်ခါ၊ သင်္ဘောတခါနှင့် ဆိုင်ကယ် ၃ နာရီ စီးရသည်။ နာဂဒေသတွင် လဟယ်သည် လွန်ခဲ့သော ဇန်နဝါရီကမှ စတင်တပ်ဆင်သော လျှပ်စစ်မီး ၂၄ နာရီ ရသည့် တခုတည်းသော မြို့ဖြစ်သည်။ အင်တာနက်မရှိ၊ ပြတ်တောင်းပြတ်တောင်း 2G ဖုန်းဝန်ဆောင်မှုပင် မရှိပေ။
ဖားကန့်ကို ပြုပြင်ပြောင်းလဲခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လိုင်စင်သက်တမ်းကုန် သည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၃၁၀ ၏ စာရင်းကို ထုတ်ပြန်သည်။
ကချင်ပြည်နယ်မှ ကျောက်စိမ်းလုပ်ကွက်များအပါအဝင် မိုးကုတ်၊ မိုင်းရှူး၊ ခန္တီးနှင့် နန့်ယားဆိပ် ရတနာနယ်မြေတို့မှ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၃၁၀သည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးရာ ယင်းအနက် ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့်နှင့် လုံးခင်းရှိ ကျောက်စိမ်းလုပ်ကွက် အများဆုံးပါဝင်ကြောင်း ဝန်ကြီးဌာန၏ ဝက်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာ့ကျောက်စိမ်းတွင်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းခြင်း၊ စက်ယန္တရားများဖြင့် အလွန်အမင်း ကျောက်များ တူးဖော်ခြင်း၊ ဥပဒေသတ်မှတ်ချက်များအား လိုက်နာမှု အားနည်းခြင်း၊ မြေစာပုံတွင် လူအသေအပျောက်များ ခြင်း၊ မူးယစ်ဆေး ရောင်းချသုံးစွဲမှုနှုန်း မြင့်မားခြင်း၊ လုပ်ငန်းမှ အကျိုးအမြတ်များ နိုင်ငံ့ဘဏ္ဍာသို့မရောက်လာခြင်း စသည် တို့ကြောင့် နာမည်ပျက်လျက်ရှိသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြဌာန်း ခဲ့ပြီး ၎င်းဥပဒေနှင့် ကိုက်ညီသည့် နည်းဥပဒေကိုလည်း ရေးဆွဲလျက်ရှိကာ နည်းဥပဒေ ပြဌာန်းပြီးပါက ကျောက်မျက်ရတ နာ အကြီးစားနှင့် အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို ကုမ္ပဏီအလိုက် အရည်အတွက် ကန့် သတ်၍ လုပ်ပိုင်ခွင့်ချထားပေးခြင်းဖြင့် တူးဖော်မှု လုပ်ငန်းများကို ထိန်းချုပ်သွားမည်ဟု သိရသည်။
သို့သော် ပြန်လည် ကျယ်ပြန့်လာနေသော ကချင်ပြည်နယ်စစ်ပွဲများအပြင် အကျင့်ပျက်ခြစားမှုနှင့် အုပ်ချုပ်ရေး လက် လှမ်းဝေးမှုများက တရားဥပဒေ စိုးမိုးရေးအတွက် စိုးရိမ်စရာများ ဖြစ်သည်။
မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြန်ကြားရေးဥက္ကဋ္ဌ ဦးမြင့်ဟန်က “အကြီးစား ထုတ်လုပ်မှုတွေ လျှော့ချမယ်လို့ ပြောရင် အလတ်လို့ ပြောင်းလုပ်ကြမှာပဲလေ၊ ပြီးတော့ ကုမ္ဗဏီတခုက လုပ်ကွက်တခုတည်းပဲ ရထား တာမှ မဟုတ်တာ၊ အဲဒီ သက်တမ်းကုန်သွားတဲ့ လုပ်ကွက်တွေကို ဆက်တူး၊ မတူး ဘယ်လို စိစစ်မလဲ၊ ဒါကို သေချာကိုင် တွယ်နိုင်ရင် ကောင်းပါတယ်။ မဟုတ်ရင်တော့ နားထောင်ကောင်းရုံသက်သက် ဖြစ်နေမယ်” ဟု ပြောသည်။
ဖားကန့်ဒေသတွင် အစိုးရ တပ်မတော်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရှမ်းနီ ပြည်သူ့စစ် စသည့် လက်နက် ကိုင်အဖွဲ့များ ရှိသော နယ်မြေတခုဖြစ်သည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရပ်ကွက် အသက် ၄၀ အရွယ် ဒေါ်နန္ဒာလှိုင် အမည်ရှိ ရာအိမ်မှူးအမျိုးသမီး မေလ ၂၂ ရက် ညနေပိုင်းတွင် သေနတ်ပစ် ခံရ၍ သေဆုံးခဲ့ရသည်။
ဒေါ်နန္ဒာလှိုင်သည် ၂၀၁၆ ခုနစ်တွင် ရာအိမ်မှူးအဖြစ် ရွေးကောက်ခံထားရသူ ဖြစ်ပြီး ဖားကန့်မြို့နယ်တွင် ပထမဆုံး အမျိုး သမီး ရာအိမ်မှူး တဦးဖြစ်သည်။ ရပ်ကွက်အတွင်း တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စတွင်လည်း ဦးဆောင်လုပ်ကိုင်နေ သူ တဦး ဖြစ်သည်။