မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအဝန်း၏ လှောင်ပြောင်စရာ ဖြစ်လိမ့်မည်ဟု ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆို လိုက်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ရန်ကုန် ကမာရွတ် မြို့နယ်ရှိ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် တက္ကသိုလ် ကျောင်းသားများ အပါအဝင် မြန်မာ့ ပညာရေး အသိုင်းအဝန်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ၊ သတင်းထောက်များနှင့် ယနေ့မနက် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ လွတ်လပ်ခွင့်တချို့ ရရှိလာခြင်း၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများ နိုင်ငံရေး လုပ်ဆောင်နိုင် လာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့် အပစ်အခတ် ရပ်စဲလာနိုင်ခြင်း ကဲ့သို့ တိုးတက်မှုများ အပေါ် ကြိုဆိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသော လမ်းကြောင်းသည် ကနဦး အစတွင်သာ ရှိနေပြီး ဆက်လက် လျှောက်လှမ်းရမည့် ခရီးရှည် ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများသည် အသွင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ အတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာတွင် လှောင်ပြောင်စရာ တခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Mr. John Bercow က ရှင်းပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင် အသွင်ကူးပြောင်းရေးအတွက် အတားအဆီး အနှောင့်အယှက်ဖြစ်မှာပဲ။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်၊ တိုင်းရင်းသား ပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေ အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဆောတလျဉ် ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံတကာ အသိုင်းအဝန်းမှာ လှောင်ရယ်စရာတခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲဖြစ်ကြောင်း၊ အမှန်တကယ် ဒီမိုကရေစီ စနစ် ထူထောင်မည်ဆိုပါက နိုင်ငံရေးအကျဉ်းသား လုံး၀ မရှိအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသား တဦး ရှိနေသည် ဆိုလျှင်ပင် လွန်လှပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ကန့်သတ်ချက် မထားဘဲ လွှတ်ပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
Mr. John Bercow သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် လွန်ခဲ့သော ၉ နှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များဘဝကို ကိုယ်တိုင်သိမြင် ကြုံတွေ့ခဲ့ရကြောင်း၊ ဗြိတိသျှ ပါလီမန်တွင် လွှတ်တော် အမတ် တဦးအနေဖြင့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးခွန်းပေါင်း ၃၇၂ ခု၊ မိန့်ခွန်းပေါင်း ၅ ခု တင်သွင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို လူ့အခွင့်အရေးကို လူမဆန်စွာ ပြောင်ပြောင်း တင်းတင်း ချိုးဖောက်မှုတွေကို သည်းခံ မနေသင့်တဲ့အတွက် ကျနော် တတ်အားသမျှ ဆောင်ရွက်ခဲ့ပါတယ်။ တနေရာရာမှာ တရားမျှတမှု မရှိနေခြင်းက နေရာတိုင်းမှာ ရှိနေတဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ မာတင် လူသာ ကင်းက ပြောခဲ့သလိုပါပဲ” ဟု Mr.John Bercow က ဆိုသည်။
တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက် စေလိုကြောင်း၊ ဖက်ဒရယ် စနစ်ကြောင့် နိုင်ငံပြိုကွဲမည် မဟုတ်ဘဲ နိုင်ငံ ခိုင်မာ တောင့်တင်း စည်းလုံးညီညွတ်ရန် နည်းလမ်း တရပ်ဟု မြင်လာကြလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံတို့သည် အောင်မြင်သော ဖက်ဒရယ်စနစ် နိုင်ငံများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဖက်ဒရယ်ဝါဒ သဘောတရားကို ထည့်သွင်းစဉ်းစားဖို့ ပွင့်လင်းမှုကို ပြသခဲ့ကြတဲ့ မြန်မာ အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင် များရဲ့ မှတ်ချက်ကို ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ယုံကြည်မှု ရရှိစေရန် မြန်မာ့တပ်မတော်၏ အမူအကျင့်များ ပြောင်းလဲရေး၊ တရား မမျှတမှု၊ စနစ်တကျ ညှဉ်းပမ်း နှိပ်စပ်မှုများကို အဆုံးသတ်ရေးအတွက် အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း အားစိုက် လုပ်ဆောင် ကြရလိမ့်မည်ဟု Mr. John Bercow က သုံးသပ်ပြောဆိုသည်။
“ဒီနိုင်ငံရဲ့ မိတ်ဆွေ တဦးအနေနဲ့ စစ်ပွဲကို ရပ်ကြပါ၊ သတ်ဖြတ်မှုတွေ ရပ်ကြပါ၊ နှိပ်စက်မှုတွေ ရပ်ကြပါ။ မုဒိမ်းမှုတွေ ရပ်ကြပါ၊ အဓမ္မစေခိုင်းမှုတွေ ရပ်ကြပါလို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု Mr. John Bercow က ရှင်းလင်း ပြောဆိုသည်။
ဘာသာရေး၊ လူမျိုးရေး ၊ ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံများနှင့် အညီ ဖြစ်လာစေရေးအတွက် ပြန်လှန် သုံးသပ် ပြင်ဆင်သင့်သည်ဟုလည်း Mr.John Bercow က တိုက်တွန်း ပြောဆိုသွားသည်။
ဗြိတိသျှ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံခဲ့သည်။