စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အယောင်ဆောင်ဒီမိုကရေစီစနစ်အောက်တွင် တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ကျင်းပမှုဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော NLD ၂၅ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဟု မခေါ်ဆိုနိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီစနစ် ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် နိုင်ငံတွင် ပြဿနာများစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မျှတမှု မရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်သော ဆန္ဒမဲထည့်ပိုင်ခွင့်ရှိလင့်ကစား တရားမျှတသော ရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမှ မျှတမှု ရနိုင်မှာမဟုတ်ဘူး။ အဲဒီ မမျှတတဲ့ ရလာဒ်တွေ အဖြစ်အနေနဲ့ ပြဿနာတွေ အများကြီးပေါ်နိုင်တယ်။ ဘယ်လိုပြဿနာ တွေ ပေါ်မယ်ဆိုတာ ပြောစောသေးတယ်။ ပြဿနာဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။ မျှတမှုကို အခြေမခံတဲ့ စနစ်ဆိုတာ ဘယ်လိုမှ ဒီမိုကရေစီစနစ် မဖြစ်နိုင်ဘူး။ အယောင်ဆောင် ဒီမိုကရေစီစနစ်ကြီးပေါ့။ အယောင်ဆောင်ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲလို့ ပြောပြီးတော့ ကျင်းပနိုင်မလဲ´´ ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အလွန် အဓိက ကျကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးတို့သည် တခုနှင့်တခု ဆက်နွယ်နေကြောင်း သူက ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်းအချက်က ပြည်တွင်းငြိမ်းချမ်းရေးပဲ။ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ လုပ်ပြီးတော့ တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေကို ထိန်းသိမ်းနိုင်မှာလား၊ မထိန်းသိမ်း နိုင်ရင် အပစ်အခတ် ရပ်စဲရေးက တယောက်က ကျည်ဆန်တတောင့်ပစ်လိုက်ရင် အပစ်အခတ် ရပ်စဲရေး ပျက်သွားမယ်။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရှိနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်း ရေး အတွက် တရားဥပဒေစိုးမိုးရေးရှိဖို့လိုတယ်လို့ပြောနေတာ။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်တိုင်းရင်းသားမှ လက်မခံနိုင်ဘူး´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။
လတ်တလော တပ်မတော်နှင့် NLD အကြား၊ တပ်မတော်နှင့်အရပ်သားနိုင်ငံရေးအဖွဲ့အစည်းများ ထိတွေ့မှု အလွန် နည်းပါးပြီး တပ်မတော်နှင့် နိုင်ငံရေးသမားများ ကောင်းမွန်သော ဆက်ဆံရေး မဖြစ်ထွန်းမှုသည် တနိုင်ငံလုံးအတွက် ကြီးမားသော စိန်ခေါ်မှုတရပ်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
“နိုင်ငံတနိုင်ငံလုံး အတွက် ကြီးမားတဲ့စိန်ခေါ်မှုပဲ။ အမျိုးသား ရင်ကြားစေ့ရေးရဲ့အုတ်မြစ်ပဲ။ တပ်မတော်နဲ့ အရပ်သား နိုင်ငံရေး အဖွဲ့အစည်းများ အကြား ပြေလည်ရေး၊ ဆွေးနွေးရေး၊ တိုင်ပင်ရေးက အားမရဘူး။ ဘာဖြစ်လို့လဲ အားမရတာ လည်း ဆိုတော့ အခုအချိန်အထိ တပ်မတော်နဲ့ ထိတွေ့မှု ဆိုတာ မရှိသလောက်ပဲ။ အဲဒီလို ထိတွေ့မှုရှိဖို့လိုတယ်။ ထိတွေ့မှု ရှိမှ သာလျှင် တယောက် အကြောင်း တယောက်သိရမယ်။ အဲဒီလို ထိတွေ့မှုကနေတဆင့် ဆွေးနွေးပြီးတော့ ကိုယ့်နိုင်ငံ အတွက် တူတူ အကျိုးပြု ရမှာပေါ့။ ထိတွေ့တာက ဘာမှ ကြောက်စရာမရှိပါဘူး´´ဟု ဒေါ်အောင်ဆန်း စုကြည်က ရှင်းပြသည်။
ယနေ့ကျင်းပသော NLD ၂၅ နှစ်ပြည့်ငွေရတု အခမ်းအနားသို့ သံတမန်များ၊ ပြည်သူများ အပါအဝင် လူအင်အား ၅၀၀ ကျော် တက်ရောက်ခဲ့သည်။