ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲအတွင်းရှိ ကျေးရွာ ၅ ရွာ၌ မတ်ပဲ စိုက်ခင်းများတွင် ပိုးကျသဖြင့် ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း တောင်သူများက ပြောသည်။
ငါးသိုင်းချောင်းမြို့အနီး မရင်းခူး၊ ကြံလဟာ၊ ဒယ်ကုန်း၊ သပြေအိုင်၊ ဇရပ်လှ စသည့်ကျေးရွာများရှိ မတ်ပဲခင်း များတွင် ပိုးကျပြီး ဧက ၁၀၀၀ ကျော် (၉၀ ရာခိုင်းနှုန်းခန့်) ပျက်စီးသွားကြောင်း သိရသည်။
“ကျနော် မတ်ပဲ စိုက်ပျိုးထားတာ ၁၂ ဧက။ ပိုးက ၇ ဧကလောက် စားပစ်လိုက်ပြီ။ အရင်နှစ်တွေတုန်းကတော့ စပါးပင်တွေ မြက် တွေ အများကြီး ပေါက်နေတော့ သူတို့ စားစရာ ရှိနေတောပေါ့။ ဒီနှစ်က ရေမြုပ်သွားတော့ လွင်ပြင်ချည်းပဲကျန်တော့ ပိုးကောင်မွှားကောင် စားစရာ မရှိတော့ဘူး။ ဒါနဲ့ ပဲပင်တွေချည့် မွှေစားပစ်တော့တာ”ဟု ဒေသခံလယ်သမား ကိုအောင်ဇော်က ဧရာဝတီကို ပြော သည်။
ယင်းဒေသရှိ တောင်သူ လယ်သမားများမှာ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လများအတွင်း ရေကြီးစဉ်က စပါးခင်းများ ရေမြုပ်ဆုံးရှုံးခဲ့ပြီး နောက် စပါးပြန်စိုက်မရတော့ဘဲ မတ်ပဲများ ပြန်လည်အစားထိုး စိုက်ပျိုးကြရာမှ ယခုကဲ့သို့ ပိုးကျကာ မတ်ပဲခင်းများ ထပ်မံဆုံးရှုံးကြခြင်း ဖြစ်သည်။
“စပါးမရှိတော့ ဒီပဲလေး ရမလားလို့ ပက်လိုက်တာပေါ့။ မတ်ပဲစိုက်ပြီးခါစ ဘေးကအရွက်ကလေး ၂ ခွထွက်လာရော ပိုးကောင်က စားပစ်လိုက်ရော။ အကောင်က ခူယားဝါဝါတွေ ပုရစ်တွေပေါ့။ ရေမြုပ်ဧရိယာမှန်ရင် များသောအားဖြင့် အကုန်ပျက်တာပဲ။ ရေကြီးတဲ့ နှစ်ဆို ဒီလိုပဲ ပိုးကျလေ့ရှိတယ်”ဟု ဒေသခံ လယ်သူမကြီးဒေါ်နုက ပြောသည်။
မတ်ပဲကို အများအားဖြင့် မိုးစပါးရိတ်သိမ်းပြီးချိန် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကာ နောင်နှစ် ဖေဖော်ဝါရီလကုန်တွင် ရိတ်သိမ်းကြ ရပြီး စိုက်ပျိုးစရိတ်မှာ ၁ ဧကလျှင် ၄ သောင်း ကျပ်ခန့် ကုန်ကျကြောင်း၊ ဧရာဝတီတိုင်းတွင် ပိုးကျသဖြင့် မတ်ပဲခင်းပျက်စီးသည့် လယ်သမားများ ရှိသကဲ့သို့ မတ်ပဲ ပြန်လည်စိုက်ပျိုးရန် အချိန်မမီတော့သည့် လယ်သမားအများအပြား ရှိနေကြေင်း သိရသည်။
ရေကြီးစဉ်ကာလအတွင်း ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်များမှ ရေမြုပ်ဆုံးရှုံးခဲ့သည့် စပါးခင်းများကို ပြန်လည်စိုက်ပျိုးကြသည့်အတွက် မတ်ပဲ စိုက်ရန် အချိန်မမီနိုင်တော့ကြေင်း လယ်သမားများ က ပြောသည်။
“ရေမကြီးခင်စိုက်ထားတဲ့ စပါးတွေက ရေမြုပ်တော့ အကုန်ကုန်သွားတယ်။ အခု အဲဒီလယ်တွေ ပြန်စိုက်နေရတော့ မတ်ပဲစိုက်ဖို့ အချိန် မမီတော့ဘူး။ မတ်ပဲက လူလည်း မပင်ပန်းဘူး။ ကုန်ကျစရိတ်လည်း သက်သာတယ်။ ဝင်ငွေလည်း မဆိုးဘူး။ အခုက အချိန် မမီလို့ မစိုက်ရတော့ ကျနော်တို့ဝင်ငွေ ဆုံးရှုံးတာပေါ့ဗျာ”ဟု ကန်ကြီးထောင့်မြို့နယ် ပျဉ်းမငူ ကျေးရွာမှ ကိုသန်းထိုက်အောင်က ဧရာဝတီကို ပြောသည်။
မတ်ပဲ ၁ ဧကလျှင် ၈ တင်းမှ ၁၅ တင်းအထိ အထွက်နှုန်းရှိပြီး ဧရာဝတီတိုင်းရှိ မြို့နယ်အများစုတွင်မတ်ပဲ စိုက်ပျိုးကြသည်။ ယမန်နှစ်က မတ်ပဲ ၁ တင်းလျှင် ကျပ်၂ သောင်း ဝန်းကျင်ပေါက်ဈေး ရှိခဲ့သဖြင့် မတ်ပဲ စိုက်တောင်သူများ အမြတ်ရခဲ့ကြသည်။
သာပေါင်းမြို့နယ် ရေတွင်းကုန်းကျေးရွာမှ လယ်သမား ကိုဇော်လင်းကလည်း “ခါတိုင်းဆို ဒီအချိန် မတ်ပဲစိုက်နေပြီ။ အခုက ရေမြုပ် တဲ့ လယ်တွေကို အမြန်ပြန်စိုက်နေတော့ အချိန် မမီတော့ဘူး။ ဒီ တနှစ်လုံး အခုပြန်စိုက်တဲ့ စပါးတသီးပဲ ရတော့မှာပေါ့။ ဘယ်လိုပဲ တွက်တွက် ဒီနှစ်ကတော့ လယ်သမားတွေ ရှုံးတဲ့နှစ်ပါပဲ”ဟု ပြောဆိုသည်။
ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ မိုးစပါး ဧက ၂ သိန်း ၇ သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၁ သိန်း ၆ သောင်းခန့် ပျက်စီးခဲ့သည်။ ပျက်စီးခဲ့သည့် လယ်များအနက် ဧက ၁ သိန်း ၃ သောင်းကျော်ကို စပါးပြန်လည်စိုက်ပျိုးမည်ဟု ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ထုတ်ဖော် ပြောဆိုထားသည်။