ရခိုင်ပြည်နယ်၊ မောင်တောမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား မြို့နယ်အတွင်း တရားမဝင် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီ ၅၀ ကျော်ကို ဖမ်းဆီးပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် နယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
ယခုလ ၈ ရက်နေ့ညတွင် ကောက်စ်ဘဇားမြို့နယ် ရဲအင်အား ၃၀ ခန့်က မြို့နယ်အတွင်း လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသား သတင်းထောက် မစ္စတာ ဂျဖာ (Mr. Jafar) က ပြောသည်။
“ကောက်စ်ဘဇားရဲတွေက ညဘက်မှာ မြို့ထဲက နေရာတော်တော်များကို ရှာဖွေစစ်ဆေးပြီး ဖမ်းလာတာ။ ရဲ ၃၀ လောက်က အဖွဲ့ ၄ ဖွဲ့နဲ့ လိုက်ရှာပြီး ဖမ်းတာပါ။ ဖမ်းမိတဲ့ လူတွေကို BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) အကူအညီနဲ့ မြန်မာနယ်စပ်ကို ခေါ်သွားပြီး သူတို့နိုင်ငံဘက်ကို ပြန်သွားခိုင်းလိုက်တယ်” ဟု မစ္စတာ ဂျဖာက ဆိုသည်။
ဖမ်းဆီးရမိသည့် ဘင်္ဂါလီများကို ရဲစခန်းမှတဆင့် ကောက်စ်ဘဇားမြို့ အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ထံ အပ်နှံကာ နယ်ခြားစောင့်တပ်က တောင်ပြိုဒေသနယ်စပ်မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်း မစ္စတာ ဂျဖာက ဆက်ပြောသည်။
အလားတူ ကောက်စ်ဘဇား ခရိုင်အတွင်းရှိ တာ့ခ်ခနာနှင့် ဦးကီယာမြို့နယ်များတွင် ကောက်စ်ဘဇားမြို့ အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ရင်းနှင့် တာ့ခ်နာမြို့ အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ်ရင်းတို့က လိုက်လံဖမ်းဆီးခဲ့သည့် တရားမဝင် ဘင်္ဂါလီ ၆၀ ကျော်ကိုလည်း ယခုလ ၉ ရက်နေ့က မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တာ့ခ်နာမြို့ခံတဦးက ပြောသည်။
“မောင်တောဘက်ကနေ လှေနဲ့ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ဒီဘက်ကမ်းတက်တော့ BGB တွေက တခါတည်းဖမ်းပြီး သူတို့ စခန်းကို ခေါ်တာပဲ။ မနေ့ကတောင် ကမ်းပေါ်တက်လာတဲ့ ၅ ယောက်ကို BGB က စစ်ဆေးပြီးတော့ မြန်မာနိုင်ငံက ဖြစ်နေတော့ သူတို့ စခန်းကို ဖမ်းခေါ်သွားတယ်” ဟု အဆိုပါ တာ့ခ်နာမြို့ခံက ပြောသည်။
တာ့ခ်နာမြို့ကမှ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တဦးက “နယ်ခြားစောင့်တပ်တွေ အနေနဲ့ နယ်စပ်လုံခြုံရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်တင်းကြပ်ဖို့ အထက်က ပြောထားတာရှိတယ်။ နတ်မြစ်တလျှောက်မှာလည်း နယ်ခြားစောင့်တပ်တွေက ကိုက် ၅၀၀ လောက် ၃ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ အမြဲလိုလို ရှိနေကြတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်မြို့အတွင်းရှိ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဆွေးမျိုးများ ရှိနေကြသည့်အတွက် ကူးလူးသွားလာနေခြင်းဖြစ်ကြောင်း လေဒါဒုက္ခသည် စခန်းမှ ဒုက္ခသည်ရေးရာ ကော်မီတီဝင်တဦးဖြစ်သူ ဇော်ဖေါက ပြောသည်။
“မောင်တောတို့၊ ဘူးသီတောင်းတို့ဘက်က လူတွေက ဒီမှာလည်း အိမ်ရှိတယ်၊ ဟိုမှာလည်း အိမ်ရှိတယ်။ ဆွေးမျိုးတွေကလည်း ဟိုတဝက် ဒီတဝက်ဆိုတော့ တရားဝင်ရော တရားမဝင်ပါ သွားလာနေကြတာပေါ့” ဟု ဇော်ဖေါက ပြောသည်။
သတင်းထောက် မစ္စတာ ဂျဖာက “အခုလို ဖမ်းပြီး ပြန်ပို့နေတာက ကာလာအတော်ကြာပါပြီး။ ဒါပေမယ့် ဘာမှ ထိရောက်တာကို မတွေ့ရဘူး။ ဒီနယ်စပ်က ပြန်လွတ်ရင် ဟိုဘက်က ဝင်လာတာပဲ။ နောက်ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေအနေနဲ့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါတယ်။ အဓိကကတော့ နှစ်နိုင်ငံ အစိုးရတွေ အလေးထားစဉ်းစား လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။