ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။
နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပသည့် ယင်းအစည်းအဝေးတွင် ဘင်္ဂါလီများ တရားမဝင် သွားလာနေမှုများကို ပူးပေါင်း တားဆီးရေးအပြင် ဘုန်းကြီးကျောင်းများ အကာအကွယ်ပေးရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခြင်း ဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒူဆိုးရီ ရွာသူကြီး ဦးမောင်နုက ဧရာဝတီသို့ ပြောသည်။
“နစကဘက်က တောင်းဆိုတာက ဘုန်းကြီးကျောင်းတွေကို လုံခြုံရေးပေးဖို့ကိစ္စကို BGB ပြန်ဖြေတာက အခုလည်း ဘုန်းကြီးကျောင်းတွေကို သူတို့ အစိုးရက လုံခြုံရေးတွေ ချထားပေးတယ်ဆိုတာကို ပြောတယ်။ ဘင်္ဂလာဒေ့ရှ်ဘက်က တောင်းဆိုတာကတော့ ဘင်္ဂါလီတွေ တရားမဝင်လမ်းကနေ ဘင်္ဂလားဘက်ကို မလာနိုင်အောင် တားဆီပေးဖို့ ကိစ္စကို တောင်းဆိုတယ်။ နောက်ပြီး နှစ်နိုင်ငံ နယ်စပ်အစည်းအဝေးတွေ ပုံမှန်ဖြစ်ဖို့ BGB ဘက်က လိုလားတယ် ပြောတယ်။ အဲ့ဒါကို နစကကတော့ သူတို့အနေနဲ့ အထက်ကို တင်ပြပြီး ပုံမှန်တွေ့ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောတယ်” ဟု ဦးမောင်နုက ပြောသည်။
ယင်းအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်မှ နတ်ကျောက်စရီ အခြေစိုက် အမှတ် (၁၅) BGB မှ ဒုဗိုလ်မှူးကြီး Mahbubur Rahman ဦးဆောင်သော ၉ ဦး အဖွဲ့နှင့် မြန်မာ နစက နယ်မြေ (၁) နယ်မြေမှူး ဗိုလ်မှူး အောင်ဇော်မိုး ဦးဆောင်သော ၁၀ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ် ဆွေးနွေးပွဲကို ကောက်စ်ဘဇားခရိုင် ဦကီယာမြို့နယ် ခေါင်းတုန်းကျေးရွာတွင် ပြုလုပ်ခဲ့သေးသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာဘက်မှ နစက နယ်မြေ (၃) နယ်မြေမှူး ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ BGB အမှတ် (၁၇) နယ်ခြားစောင့်တပ်မှူး ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပုံမှန်ဆွေးနွေးနေကျ မြန်မာနိုင်ငံဘက်မှ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်နေသည့် ကိစ္စ၊ ယာဘဆေးများ ဝင်ရောက်နေသည့် ကိစ္စနှင့် မှောင်ခို တားဆီးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း၊ စစ်တွေထောင်မှ လွတ်မြောက်လာသော ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂၃၈ ဦးကိုလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ မကြာခင် လွှဲပြောင်းပေးမည်ဟု မြန်မာ နစကက ပြောခဲ့ကြောင်း ကောက်စ်ဘဇား သတင်းစာတွင် ရေးသားထားသည်။
မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် ဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် မွတ်စလင် အစွန်းရောက်များက ဗုဒ္ဓဘာသာ ဘုရားဆင်တုတော်နှင့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပတ်အတွင်း ဆွေးနွေးပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓ ဆင်းတုတော်များနှင့် ဘုန်းကြီးကျောင်းများ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပန်းဝါမြို့သို့ ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခါဆီနာသည် ယနေ့ ဒေသစံတော်ချိန် နံက် ၁၁ နာရီတွင် ရောက်ရှိလာခဲ့ပြီး ပျက်ဆီးသွားခဲ့သည့် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်သည် သံဃာတော်များ၊ မွတ်စလင် ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း အမွေအနှစ်များ ဆုံးရှုံးခဲ့ကြောင်း၊ ယခုကဲ့သို့ ဆုံးရှုံးမှု ထပ်မဖြစ်အောင် အစိုးရနှင့် ပြည်သူတို့ ထိမ်းသိမ်းရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။