ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာရှိ နယ်စပ် မိုင်တိုင် ၅၀ နှင့် ၅၂ ကြား မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက အစိုးရစစ်သား ၃ ဦးကို ဖမ်းခေါ်သွားပြီး အရပ်သား တဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်သား ၃ ဦးမှာ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေး လုပ်ဆောင်နေသည့် အဖွဲ့သို့ ရိက္ခာပို့ဆောင်ရန် သွားစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသူမှာ အရပ်သားဖြစ်ကြောင်း ယင်းအခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သူ အောင်သပြေရွာသားတဦးက ပြောသည်။
အဆိုပါ အောင်သပြေရွာသားသည် ဗန္ဓုလကျေးရွာရှိ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် စခန်းတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။
“ကျနော်တို့ ရောက်သွားတာက ၆ ရက်နေ့ပေါ့။ တယောက် အသတ်ခံရပါတယ်။ တယောက် အသတ်ခံရတာက သေနတ်နဲ့ ပစ်ခဲ့တာပါ။ နောက် ၃ ယောက်ကိုတော့ ဖမ်းသွားကြပါတယ်။ ဖြစ်တာကတော့ ခြံစည်းရိုးလမ်းမှာပါ။ ခြံစည်းရိုးကာနေတဲ့ လူတွေကို ရိက္ခာပို့ သွားတဲ့အချိန်မှာ ဖြစ်တာပါ။ ဖြစ်တဲ့ အခါကတော့ မမြင်လိုက်ပါ။ လူအလောင်းကို တွေ့ခဲ့ရတာပါ။ သေတဲ့ အလောင်းကိုတော့ သင်္ဂြိုလ်လိုက်ပါပြီ။ ပျောက်နေတဲ့ လူ ၃ ယောက်ကိုတော့ လိုက်ရှာနေကြပါတယ်” ဟု အဆိုပါ အောင်သပြေရွာသားက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တပ်ကြပ်ကြီး နိုင်ထူးအောင်နှင့် ရဲဘော် ၂ ဦးဖြစ်ပြီး သေဆုံးသွားသည့် အရပ်သားမှာ ကိုကျော်ကျော်လှ ဖြစ်ကြောင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ ရရှိသည့် သတင်းအရ သိရသည်။
ဖမ်းဆီးခံရသူများကို နယ်မြေလုံခြုံရေး ယူထားသည့် ဘူးသီးတောင် အခြေစိုက် ခမရ (၅၃၅) မှ လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။
စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အဆိုပါ လက်နက်ကိုင်အဖွဲ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် Rohingya Solidarity Organization (RSO) အဖွဲ့ဟု ဒေသခံများက ယူဆကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
“ဘယ်သူလဲဆိုတော့ သေသေချာချာ မမြင်လိုက်လို့ မသိရပေမယ့် တပ်မတော်က လိုက်ရှာနေပါတယ်။ ဒီနေ့အထိ မတွေ့သေးဘူး။ စိတ်ပူနေကြတယ်” ဟု အောင်သပြေရွာသားက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်နယ်လုံခြုံရေးအဖွဲ့က ၎င်းတို့ထံ သတင်းပေးပို့ခြင်း မရှိသေးကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်တပ် နစက နယ်မြေ (၁) မှ ဗိုလ်မှူး စိန်သာကျော်က အခင်းဖြစ်ပွားသည့် နေရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒူဆိုးရီ စခန်းအခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အရာရှိထံသို့ ယမန်နေ့က ဆက်သွယ် အကြောင်းကြားပြီး အကူအညီတောင်းခံထားကြောင်း၊ BGB တပ်မှ ဗိုလ်မှူးကြီး မဟားဘူးဘူး ရိုဟာမန်း၏ တပ်မျာကလည်း ဖမ်းဆီးခံရသူများကို လိုက်လံ ရှာဖွေပေးနေကြောင်း ဒူးဆိုရီ ရွာသူကြီးထံမှ သိရသည်။
ကီလိုမီတာ ၃၀၀ ကျော် ရှည်လျှားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးကို စစ်တွေအခြေစိုက် တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းက လုပ်ကိုင်နေသည်မှာ ၄ နှစ်ကြာပြီဖြစ်သည်။