ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည် မျက်နှာပျက်ရတယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိုးအိမ်မဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အပါအဝင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို ထည့်သွင်းသုံးသပ်နေတယ်လို့လည်း ကုလသမဂ္ဂကို ပေးတဲ့စာမှာ ရေးသားဖော်ပြခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုတဲ့ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမယ်လို့ ပြောဆိုခဲ့ပြီး “ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်”တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် သောကြာနေ့က ကုလသမဂ္ဂကို ပို့တဲ့စာထဲမှာလည်း ဦးသိန်းစိန်နဲ့ နေပြည်တော်အစိုးရဟာ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးကနေ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးထိ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ရေးသားထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အချိန်ဇယားနဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးပေမယ့် နေပြည်တော် တွေ့ဆုံပွဲနဲ့ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂထံ ပေးစာတွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည် လာတော့မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော်ကလည်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် မြန်မာ အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ကြာသာပတေးနေ့မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။
“အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာအစိုးရက တာဝန်ယူမှုရှိတဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့ပါ တယ်” လို့ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဘက်ပေါင်းစုံကိစ္စရပ်များ (Multilateral Affairs) ဆိုင်ရာ အကြီးတန်း ဒါရိုက်တာ စမန်သာ ပါဝါက သတင်းထောက်တွေကို ပြောပါတယ်။
တချိန်တည်းမှာလည်း ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့နဲ့ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ ဝင်တွေ၊ မွတ်ဆလင်တွေနဲ့ တခြားကျန်တဲ့သူအားလုံးရဲ့ လူမှုဖူလုံရေးအတွက် ကိုင်တွယ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရေရှည် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်တွေလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည်သွားဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်နေကြတာတွေ အပေါ်မှာလည်း ပြုပြင် ပြောင်းလဲရေးနဲ့ နိုင်ငံရေးအရတိုးတက်မှုတွေပြုလုပ်ဖို့ တကယ်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသတဲ့နိုင်ငံတွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ သမ္မအနေနဲ့ အချိန်အကြာကြီးကတည်းက ဆန္ဒရှိခဲ့တာမို့ အခုခရီးစဉ်ဟာ တကယ်သင့် လျော်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စမန်သာ ပါဝါက ဆိုပါတယ်။
“ကျမတို့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ရတဲ့ အကြောင်းက အဲ့ဒီနိုင်ငံတွေကို ဆုချီးမြင့်တာမဟုတ်ပါဘူး။ အဲ့ဒီ နိုင်ငံတွေက ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့ တိုးတက်မှု အရေးပေါ် လိုအပ်နေတဲ့နယ်ပယ်တွေမှာ တွန်းအားပေးဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာ ဘာ့ကြောင့် အခုလိုလုပ် ဖို့ သင့်တော်တယ်ဆိုတာကိုလည်း သူက ဥပမာ ၂ ခုပေးပါသေးတယ်။
“ပထမတခုကတော့ အတော်များများလည်းသိကြတဲ့အတိုင်း မြန်မာအစိုးရက တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အပစ် အခတ်ရပ်စဲရေး လုပ်ခဲ့တာကို ကျမတို့ တွေ့ရတယ်။ ဒါက ရေရှည်တည်တံ့မယ့်အဖြေတော့မဟုတ်ဘူး၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးဆိုတာက နေ့စဉ်နဲ့အမျှ လူတွေ ထိခိုက်အနာတရဖြစ်တာ နည်းနည်းလာတယ်ဆိုတဲ့သဘော။ ဒါဟာ တိုးတက်မှုအစစ်အမှန်ပဲ” လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဆောင်ရွက်ခဲ့တာတွေအပေါ်မှာလည်း ဒါဟာ “တိုင်းရင်းသားဆိုတဲ့ နယ်ပယ် တစုံလုံးမှာ တိုးတက်မှု အနည်းငယ်ရှိလာတဲ့ ဥပမာ တစ်ခုဖြစ်တယ်၊ ဒါပေမယ့် အခုဆိုရင် သိပ်ကို ဆိုးဝါးပြီး အရေးကြီးတဲ့ ကိစ္စရပ်တခုကို ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့်နဲ့ သွားပြီး တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်း ကျမတို့ ရနေပြီ” လို့ သူက ဆိုပါတယ်။
ဒါ့ပြင် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ ကချင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖက် မှုတွေ ရပ်စဲရေးအတွက်သဘောတူညီချက်ရဖို့ ကြိုးပမ်းအားထုတ်မှုအသစ်တွေ မလုပ်ခင်မှာ ပဋိပက္ခကြောင့် ဒုက္ခ ရောက်ရသူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ သေသေချာချာ ရနိုင်အောင် ကနဦးဆောင်ရွက်ရမယ်၊ ပြီးတဲ့အခါ ရေရှည်ဖြစ်နေတဲ့ နိုင်ငံရေးအရ နစ်နာမှုတွေကို ကိုင်တွယ်ဖြေရှင်းရမယ်လို့ စမန်သာ ပါဝါက အလေးအနက် ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်အခြေအနေက ရေရှည်ဆက်သွားဖို့ လိုသေးတယ်လို့ သူက အလေးထား ပြောပြန်ပါတယ်။ “ကျမဆိုလိုတာက မြန်မာပြည်မှာ အားလုံး သတိပြုနိုင်တဲ့ တိုးတက်မှုတွေရှိနေပြီ၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ထောင်ထဲမှာ ရှိနေကြသေးတယ်၊ အကျဉ်းသားအရေအတွက်ကလည်း အမျိုးမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ရာဂဏန်း နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲပဲလို့ ကျမတို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာပြည်မှာ နိုင်ငံရေးလမ်းစပွင့်လာပြီမို့ သမ္မတအိုဘားမားပြောမယ့် အဓိကအချက်တစ်ခုကတော့ အစိုးရအရာရှိ တွေ အချင်းချင်း ပြောဆိုဆွေးနွေးကြဖို့လိုတယ်ဆိုတာနဲ့ဲ့ အုပ်ချုပ်ရေးပိုင်းကလည်း လွှတ်တော်နဲ့ ပြောဆိုဆွေးနွေးဖို့ လိုတယ်ဆိုတာပဲဖြစ်ပါတယ်။ လူငယ်တွေ၊ ဥပဒေပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ တပ်ထဲက အရာရှိအရာခံ အကြပ်တပ်သားတွေ၊ ဆရာဆရာမတွေနဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ မြန်မာပြည်ဟာ နောက်ထပ်အဆင့်တစ် ခုဆီ ဝင်ရောက်နေပြီမို့ အခုအပြောင်းအလဲမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြဖို့၊ ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို ရေရှည်ထိန်းထားဖို့နဲ့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် ဒီနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အပြန် အလှန်ထိန်းညှိမှုတွေကို တည်ဆောက်ကြဖို့ အဓိကထား ပြောမှာဖြစ်ပါတယ်” လို့ စမန်သာ ပါဝါက ဆိုပါသေးတယ်။
တချိန်တည်းမှာလည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (US Commission on International Religious Freedom – USCIRF) က သမ္မတအိုဘားမားထံ စာတစ်စောင်ပို့ခဲ့ပြီး အဲ့ဒီစာထဲမှာ သူ့ရဲ့မြန်မာပြည် ခရီးစဉ်အတွင်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအပြင် တိုင်းရင်းသားနယ်မြေတွေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဆက်လက်ဖြစ်ပေါ်နေတဲ့ ချိုးဖောက်မှုတွေကိုလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ တိုက်တွန်းထားပါ တယ်။
“တိုင်းရင်းသားတွေကြုံတွေ့နေရတဲ့ စိုးရိမ်စရာ အခြေအနေတွေက မြန်မာအစိုးသစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒီထက်ပိုအားကောင်းလာဖို့၊ ပြီးတော့ နိုင်ငံတကာလူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ ဘယ်လောက်ထိ ထပ်လုပ်ရ ဦးမယ်ဆိုတာကို ထုတ်ဖော်ပြသနေပါတယ်” လို့ USCIRF ဥက္ကဌ ဒေါက်တာ ကက်ထရီနာ လန်တော့စ် (Dr Katrina Lantos) က အဲ့ဒီစာထဲမှာ ပြောထားပါတယ်။
“စစ်အုပ်ချုပ်ရေးအောက်မှာရှိစဉ်တုန်းက မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေ အချိုးဖောက်ဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု အရပ်သားအုပ်ချုပ်ရေးအောက်မှာလည်း ဒီပုံရိပ်ကို မဖျောက်နိုင်သေး တဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးတွေ လေးစားလိုက်နာတယ်ဆိုတာကို များပြားလှတဲ့ တိုင်းရင်းသား တွေကိုရော ဘာသာရေးအုပ်စုတွေကိုပါ လုံးလုံးလျားလျား အခိုင်အမာ မပြနိုင်သေးပါဘူး” လို့လည်း သူက ဆိုပါတယ်။