အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ လာရောက်စဉ်နှင့် တိုက်ဆိုင်ပြီး ဖားကန့်မြို့နယ်တွင် အစိုးရတပ်က လက်နက်ကြီးများ အသုံးပြု၍ ပစ်ခတ်သဖြင့် ဖားကန့်မြို့ပေါ်က စာသင်ကျောင်း အချို့ ပိတ်ခဲ့ရကြောင်း မြို့ခံများက ပြောသည်။
ဖားကန့်မြို့ အခြေစိုက် အစိုးရစစ်ဗျူဟာကုန်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ များ လှုပ်ရှားရာ လမောင်ကုန်း နှင့် မော်မောင်းကုန်း ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ယနေ့ မနက် ၁၀ နာရီခန့်က စတင်ပစ်ခတ်ခဲ့ပြီး ငှက်ပျောတော ရက်ကွက်ရှိ အထက်တန်းကျောင်း အပါအဝင် ကျောင်းအချို့ ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အစိုးရ တပ်ကတော့ ဒီမြို့ပေါ်ကနေပြီး လက်နက်ကြီးတွေနဲ့ နာရီဝက်တခါခြား ပစ်နေတယ်၊ ဟိုဘက်က ပြန်ပစ် လာတာတော့ မကြားသေးဘူး၊ မြို့ပေါ်က လူတွေကတော့ ဒီအသံတွေ ကြားတော့ စိုးရိမ်မှုတွေနဲ့ပဲ သွားလာလှုပ်ရှားနေကြတာပေါ့၊ စာသင် ကျောင်း တွေတောင်ပိတ်လိုက်ပြီး ကလေးတွေကို လာကြိုခိုင်းလိုက်ပြီလေ” ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲစခန်းက အတည်ပြုပြောဆိုခဲ့သော်လည်း ကျောင်းများပိတ်လိုက်သည့် အခြေ အနေ ကိုစုံစမ်းနေဆဲဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဧရာဝတီသို့ ပြောဆိုသည်။ မြို့ပေါ်အခြေစိုက် အစိုးရ သတင်းစာ ၏ သတင်းထောက်တစ်ဦးကလည်း အစိုးရတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှု၊ စာသင်ကျောင်း အချို့ပိတ်ထားရမှုရှိကြောင်း ပြောသည်။
အစိုးရတပ်မှ ဦးတည်ပစ်ခတ်နေသည့် ဒေသတွင် လမောင်ကုန်း နှင့် မော်မောင်းကုန်း ကျေးရွာများရှိပြီး ဖားကန့်မြို့ပေါ်ရှိ စစ်ဗျူဟာကုန်း၏ မြောက်ဖက် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ထိုနေရာများသည် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲများ လှုပ်ရှားနယ်မြေဖြစ်ကြောင်းသိရသည်။
ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် လမောင်ကုန်း နှင့် မော်မောင်းကုန်း ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခြင်း မရှိကြောင်း ထိုကျေးရွာများအနီးရှိ လုပ်ငန်းခွင် ရပ်ဆိုင်းထားသော မှော်လုပ်ကွက်များနှင့် တောစပ်များ ထဲတွင်ကျမှန် ပေါက်ကွဲခဲ့ကြောင်း ဒေသခံ ရွာသား များက ပြောသည်။
“နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတော့မဟုတ်ဘူး၊ ဟိုဖားကန့် ဗျူဟာကုန်းကနေပြီးတော့ အစိုးရတပ်က လက်နက်ကြီးနဲ့ ထုနေတာ၊ ရွာကိုတော့မထိပါဘူး၊ ဒါပေမယ့် ရွာသားတွေကတော့ ကြောက်တာပေါ့နော်၊ ညနေပိုင်းအထိတော့ ထပ်ပစ်တာ မရှိတော့ဘူး” ဟု လမောင်းကုန်း ကျေးရွာခံ ဦးဘဝင်း က ဧရာဝတီသို့ ပြောသည်။
မကြာခင်ရက်ပိုင်းကလည်း အဆိုပါရွာများအနီးတွင် အစိုးရတပ်ရင်းများတွင် တပ်အင်အားနှင့် လက်နက်ခဲယမ်း အင်အား ဖြည့်တင်းမှု ပြုလုပ်လျက်ရှိပြီး နှစ်ဖက်တင်းမာလျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သော အလားအလာရှိကြောင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ခွဲမှူး ဗိုလ်ကြီး ဦးလဒွဲ က ဧရာဝတီသို့ပြော ယခုလ ၁၆ ရက်နေ့က ပြောဆို ခဲ့သေး သည်။
ဖားကန့်မြို့နယ်အတွင်း၌ အစိုးရတပ်များနှင့် KIA တို့အကြား ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံခဲ့ကြရသးသည်။
အဆိုပါဒုက္ခသည် အများစုမှာ နေရပ်ရင်းသို့ ပြန်သွားကြပြီး ကယ်ဆယ်ရေး စခန်း ၈ ခုတွင် ၂၀၀၀ ကျော်သာ ကျန်ရှိတော့ ကြောင်း ဖားကန့်မြို့ပေါ်အခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား ၂၀၁၁ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသော စစ်ပြေးဒုက္ခသည် ယခုအချိန်တွင် ၆၃၀၀၀ ကျော်ရှိပြီး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ မြို့နယ်များတွင် ဒုက္ခသည် ၃၄၀၀၀ ကျော် ရှိကြောင်း ကချင်ဒုက္ခသည် စခန်းများကော်မတီ က ပြောသည်။
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ယခင်လကုန်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ထိရောက်သည့် ဆုံးဖြတ်ချက်ပေါ်ထွက်လာနိုင်ခြင်းမရှိဘဲ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေလျက်ရှိသည်။
ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် သမ္မတအိုဘားမားက မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး မရှိဘဲ ပြုပြင်ပြောင်းလဲရေး အောင်မြင်မည်မဟုတ်ကြောင်း ရန်ကုန်တက္ကသိုလ်တွင် ပြောဆိုခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။