သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသော တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပို့မည့် ခရီးစဉ်အတွင်း ယမန်နေ့ည ၇နာရီခန့်က ပြည်မြို့အကျဉ်းထောင်သို့ ရောက်ရှိလာသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ပြီးခဲ့သည့် မေလက မွန်ပြည်နယ်ရှိ ရေးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများဖြစ်ပြီး၊ ပြန်လည် ထွက်ခွာစဉ် အစိုးရ ရေတပ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် မော်လမြိုင်ထောင်တွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရကာ ပြီးခဲ့သည့် ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများဖြစ်သည်။
၎င်းတို့ကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့တွင် နှစ်ဘက်အစိုးရ အစီအစဉ်ဖြင့် လွှဲအပ်မည်ဖြစ်ကြောင်း၊ ပြည်မြို့ အကျဉ်းထောင်တွင် ၃ ရက်ကြာ ထားရှိမည်ဟု သိရကြောင်း အဆိုပါ အကျဉ်းသားများကို သွားရောက်တွေ့ဆုံခဲ့သူ ပြည်မြို့ခံ ကိုသန်းထိုက်အောင်က ပြောသည်။
“သူတို့က ဗမာစကားမတတ်တော့ ထောင်အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတယ်၊ ဒါကြောင့် မြို့က ဘာသာရေး ခေါင်းဆောင်တွေက အူရဒူဘာသာ၊ ဘင်္ဂလီဘာသာနဲ့ ထောင်ထုံးစံတွေ ပြောပြရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မော်လမြိုင်ထောင်မှ စတင်ထွက်ခွာလာစဉ်ကတည်းက လမ်းတလျှောက်ရှိ မြို့ရွာများမှ အစ္စလမ်ဘာသာဝင်များ၏ သတင်းပို့ခြင်းများကြောင့် ယခုကဲ့သို့ ပြည်မြို့အကျဉ်းထောင်ကို ရောက်ရှိမည်ဟု သိရှိကြောင်း၊ ယခုလည်း ပြည်မြို့ခံ အစ္စလမ်ဘာသာဝင်များက စားသောက်မှု တာဝန်ယူထားကြောင်း ၎င်းက ဆက်ပြောသည်။
မူလ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ၈၅ ဦးဖြစ်ပြီး အသက် ၁၇ နှစ်မှ ၅၀ ကျော်အထိ ပါဝင်ကြောင်း၊ ယခုအဖွဲ့မှာ ပထမအသုတ်ဖြစ်ပြီး မကြာမီတွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း ကိုသန်းထိုက်အောင်က ပြောသည်။
၎င်းတို့ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှတဆင့် မောင်တောမြို့သို့ ပို့ဆောင်ကာ နှစ်နိုင်ငံအစီအစဉ်အရ လွှဲပြောင်းမည်ဖြစ်သည်။
ပြီးခဲ့သည့်လ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတဝန်းမှ အကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ဝန်းကျင်သည် နိုင်ငံခြားသားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။