ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် မွတ်စလင်အစွန်းများက ဗုဒ္ဓသာသနိက အဆောက်အဦးများကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားပြီး နှစ်ပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလည်း ကျဆင်းလာနေကြောင်း သိရသည်။
အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာစက်လှေများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ခွာသွားကြပြီး ယခုအခါ တက္ကနာမြို့ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိပ်ကမ်းတွင် နယ်စပ်ကုန်သွယ်ရေး (နစက) မှ စက်လှေ ၃ စီးသာ ကျန်ရှိကြောင်း ဆိပ်ကမ်း အလုပ်သမားတဦးက ပြောသည်။
“ရာမူး ပြဿနာဖြစ်ကတည်းက မြန်မာစက်လှေတွေ ပြန်သွားကြတယ်။ အခု လောလောဆယ်တော့ နစက လိုင်းကလာတဲ့ ခြင်ဆေးခွေလုပ်တဲ့ အုံဒုံပင် အခေါက်ခြောက်တွေ၊ ဇီးယိုထုတ်တွေနဲ့ လာတဲ့ စက်လှေ ၃ စီးပဲ ရောက်တယ်။ မြန်မာဘက်က ဝင်နေကျ သစ်စက်လှေတွေက လုံးဝမလာတော့ဘူး” ဟု တက္ကနာရှိ ကုန်သွယ်ရေး ဆိပ်ကမ်းအလုပ်သမားက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် တရားမဝင် သစ်ကုန်ကူးမှုလည်း များပြားပြီး ယခုလ ၃ ရက်နေ့မှစ၍ မြန်မာ့ရေတပ်က သင်္ဘောများဖြင့် ကင်းလှည့်စစ်ဆေးနေခြင်းကြောင်း စက်လှေများ အဝင်နည်းခြင်း ဖြစ်နိုင်ကြောင်းလည်း တက္ကနာမြို့ခံ ဦးသိန်းက ဆိုသည်။
“ဘင်္ဂလားမှာကလည်း အကြမ်းဖက်မှုတွေဖြစ်တော့ မြန်မာရေတပ်က မပြတ်ကင်းလှည့်နေတယ်။ အဲဒီတော့ မှောင်ခိုလမ်းကြောင်းကလာတဲ့ သစ်စက်လှေတွေက မလာရဲကြတာလည်း ပါတယ်။ ပြီးတော့ ဒီမှာရှိနေတဲ့ စက်လှေတွေလည်း ဘင်္ဂလားမှာ မနေတော့ဘဲ မြန်မာဘက်ကို ပြန်သွားကြတယ်” ဟု ဦးသိန်းက ပြောသည်။
မြန်မာဘက် မှောင်ခိုလမ်းမှ လှေငယ်များနှင့် ဝင်နေကျ အဝတ်အစားကုန်သည်များလည်း မလာတော့ကြောင်း၊ နယ်စပ်မှ ဘင်္ဂါလီများသာ လူချည်းသက်သက် ခိုးဝင်မှုများရှိကြောင်း တက္ကနာမြို့နယ် မြစ်နားရွာသားတဦးက ဆိုသည်။
“အရင်ကလို အဝတ်အထည်တွေ၊ သစ်သားရုပ်ထုတွေ မလာတော့ဘူး။ ဘင်္ဂါလီတွေချည်းဘဲ လူ ၆၀ နဲ့ ၁၀၀ လောက်ကို ကျနော်တို့ ရွာဆိပ်ကပဲ တက်နေကြတယ်။ ကျန်တဲ့ရွာတွေမှာလည်း ဒီလိုပဲ။ မြန်မာဘက်ကို ပြန်သွားတဲ့လူဆိုတာ မရှိသလောက်ပါပဲ” ဟု မြစ်နားရွာသားက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည်လည်း ရခိုင်ပြည်နယ် ပဋိပက္ခကာလအပြီးတွင် နယ်စပ်ကို တင်းကြပ်ခဲ့သည့်တိုင် ပန်းဝါ အကြမ်းဖက်မှုနောက်ပိုင်းတွင် နယ်စပ်လုံခြုံရေး လျော့လျဲနေသည်ဟု သိရသည်။