မြန်မာ – ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေး လမ်းကြောင်းတွင် တရားဝင်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အထိ တိုးတက်လာသော်လည်း တရားမဝင်ကုန်သွယ်မှု တွင်ကျယ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံက မြန်မာ – ထိုင်းနှစ်နိုင်ငံ နယ်နိမိတ် သောင်ရင်းမြစ်ကမ်း နံဘေးတွင် မြေထိန်းနံရံ တည်ဆောက်မှုနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံက ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းသို့ ပိတ်ဆို့စဉ်က တရားမဝင် ကုန်သွယ်မှု အကြီးအကျယ် ဖြစ်ထွန်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း၊ တံတားဖွင့်လှစ်အပြီး ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ တရားဝင် ကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်အထိ တိုးတက်လာပြီး အခွန်ငွေ ကျပ်သန်းပေါင်း ခြောက်ထောင် နီးပါး ကောက်ခံရရှိ ထားကြောင်း၊ သို့သော်လည်း အစိုးရ၏ ရေရာမှုမရှိသော ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ တရားမဝင် ကုန်သွယ်ရေးနှင့် ဂိတ်များဖွင့်လှစ် စီးပွားရှာရမှု အပေါ်ကိုသာ အဓိက မှီခို အားထားနေရဆဲ ဖြစ်သည့်အတွက် တရားမဝင် ကုန်သွယ်မှု တွင်ကျယ်နေရခြင်း ဖြစ်သည်ဟု သိရှိရသည်။
“အစိုးရ ဖွဲ့စည်းထားပေးတဲ့ နယ်ခြားစောင့်တပ် BGF တွေကလည်း သောင်ရင်းမြစ်ဘေးမှာ ဂိတ်တွေဖွင့်ပြီး အခွန်ကောက် ကုန်သွယ်မှုတွေ ခွင့်ပြုတယ်။ ဒီလိုပဲ DKBA အဖွဲ့တွေကလည်း ဂိတ်တွေဖွင့်ပြီး ကုန်စည်တွေကို အခွန်ကောက်တယ်။ အနည်းဆုံး ဂိတ်ပေါင်း ၁၅ ခုထက် မနည်းရှိတယ်။ ဒီ ဂိတ်တွေကနေ ကားတွေ၊ စက်သုံးဆီ၊ စားသုံးဆီ၊ ဘီယာ၊ အရက်တွေ၊ ကုန်စည်မျိုးစုံ ဝင်နေပါတယ်” ဟု မြဝတီမြို့အခြေစိုက် နယ်စပ် ကုန်သည်တဦးက ပြောသည်။
ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသော ဂိတ်များတွင် ရေပူဂိတ်၊ BGF ဗဟို စောဘသိန်းဂိတ်၊ စောချစ်သူဂိတ်၊ ကျောက်ချာဂိတ်၊ ကျွန်းတောဂိတ်၊ ကျောက်တန်းဂိတ်၊ မိုးကုတ်ဂိတ်၊ ၁ ဂိတ်၊ ဆီးတောဂိတ် အပါအဝင် ဂိတ်များကို အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက ဖွင့်လှစ်ထားကြသည်။
မြဝတီအခြေစိုက် နယ်စပ်ကုန်သည် အများစုမှာလည်း ယင်းဂိတ်များမှ ကုန်စည်မျိုးစုံ တင်သွင်းကြပြီး ကွင်းရှောင် လမ်းများမှတဆင့် ကုန်စည်များ အဆင့်ဆင့် ဖြတ်သန်း သယ်ယူကြကြောင်း သိရှိရသည်။
ပြည်ထောင်စု အစိုးရနှင့် ကရင်ပြည်နယ် အစိုးရက တရားဝင် ကုန်သွယ်မှုများ တိုးမြှင့်မည်ဟု ဆိုပြီး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများ ပြုလုပ်သော်လည်း အခြားတဘက်တွင်မူ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဂိတ်ဖွင့် အခွန် ကောက်ခံမှု သွယ်ဝိုက်စွာ ခွင့်ပြုထားသည့် ပုံစံဖြစ်နေကြောင်း၊ တရားမဝင် ကုန်သွယ်မှု ဆက်လက် တွင်ကျယ်နေခြင်း ဖြစ်ပြီး မြဝတီမြို့အခြေစိုက် အာဏာပိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း တရားမဝင် ကုန်သွယ်မှုများကို မျက်စိရှေ့ တွေ့မြင် နေရသော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိပေ။
“တရားမဝင် ကုန်သွယ်တာတွေကို ဖမ်းဖို့လည်း အပေါ်က ဘာမှ မညွှန်ကြားသလို၊ သွားဖမ်းရင် အဖွဲ့အစည်းတွေနဲ့ ပြသနာတက်မှာပဲ။ အဓိက အစိုးရရဲ့ စီမံခန့်ခွဲမှုကြောင့်ပါ။ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလို့ တဖွဖွ ပြောနေပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးအတွက်ဘာမှ မစီစဉ်ပေးဘူး။ အဲဒီတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဝင်ငွေရမယ့် မှောင်ခိုလုပ်ငန်းတွေ လုပ်ကြတာပဲ။ မှောင်ခိုတွေ ပပျောက်ဖို့ဆိုရင်တော့ အစိုးရဘက်က ရေရှည်ဖွံ့ဖြိုးရေး အစီအမံတွေ ချမှတ်ပေးဖို့ လိုပါတယ်” ဟု မြဝတီအခြေစိုက် ဌာနဆိုင်ရာ အရာရှိတဦးက ဆိုသည်။
အစိုးရက တရားဝင်ကုန်သွယ်မှု တိုးတက်ရေးဟုဆိုကာ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် အဖွဲ့အစည်းများပါဝင်သော ရွေ့လျားကုန်စည် စစ်ဆေးရေးအဖွဲ့ (Mobile Team) ဖွဲ့စည်းပြီး စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသော်လည်း တရားမဝင် ကုန်သွယ်မှုကို တားဆီးနိုင်ခြေမရှိဟု ဆိုကြသည်။
“တရားမဝင် သယ်တဲ့သူတွေက ကွင်းရှောင်လမ်းတွေကနေ သယ်ကြတာ။ ကွင်းရှောင်လမ်းတွေ ဆိုတာကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေထဲက လမ်းတွေ၊ Mobile Team တွေ အဓိက တားဆီး စစ်ဆေး နေတာက တရားဝင်လမ်းကြောင်းကနေ လိုင်စင်လျှောက်ထားပြီး သွားနေတဲ့ ကုန်ကားတွေကို အဓိကထား စစ်နေကြရသလို ဖြစ်နေတော့ တရားမဝင်ကုန်သွယ်မှုက ဘယ်လိုလုပ်ပျောက်မလဲ” ဟု နယ်စပ်ကုန်သည်တဦးက ဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကမူ Mobile Team များ၏ အဓိက တာဝန်မှာ တရားဝင်ကုန်သွယ်ရေး တိုးတက်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကုန်ကားများ အားလုံးကို စစ်ဆေးခြင်း မဟုတ်ကြောင်း၊ Mobile Team မှ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူပြုလုပ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ချက်ချင်း တိုင်ကြားပါက အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောသည်။
မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ထားရှိသည့် ရွေ့လျား စစ်ဆေးရေးအဖွဲ့၏ ကုန်စည်စစ်ဆေးမှု လုပ်ငန်းများသည် မလိုအပ်ဘဲ ကုန်စည်စီးဆင်းမှု နှောင့်နှေးစေရန် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုကာ နယ်စပ်ကုန်သည် တချို့က နိုင်ငံတော် သမ္မတရုံးနှင့် ဝန်ကြီးဌာနများထ တိုင်စာများပေးပို့နေကြကြောင်း သိရှိရသည်။
မြဝတီကုန်သွယ်ရေး လမ်းကြောင်းတွင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်က ထိုင်း-မြန်မာ နယ်စပ် တရားဝင်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၅၈ သန်းကျော်ဖြင့် စံချိန်တင် အများဆုံး ရှိခဲ့ကြောင်း အစိုးရ ကိန်းဂဏန်းများအရ သိရှိရသည်။