စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အသစ်တခု ဖြစ်လာမည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မော့တောင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ကို ယခုနှစ် ဧပြီလတွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ရက်အတိအကျ မသိရသေးပေမယ့် ဧပြီလဆန်းမှာ ဖွင့်မယ်လို့ သိရတယ်။ ကုန်သွယ်ရေး စခန်း အဆောက်အအုံတွေနဲ့ နှစ်နိုင်ငံ ဆက်သွယ်မယ့် လမ်းကတော့ လုံးဝပြီးတဲ့ အနေအထားအထိ ရောက်နေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
မော့တောင် ကုန်သွယ်ရေး စခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်နှင့် ၇၅ မိုင်ခန့် ကွာဝေးပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ပရာကျွတ်မြို့နယ်နှင့် ကုန်းလမ်းခရီးဖြင့် ဆက်သွယ်မည် ဖြစ်သည်။
ထိုင်းနိုင်ငံမှ သွင်းကုန် ပစ္စည်းများကိုလည်း မြိတ်၊ ထားဝယ်မှ တဆင့် ရန်ကုန်၊ မန္တလေးဘက်သို့ ကူးသန်း နိုင်ကြောင်းလည်း သိရသည်။
ယင်းလမ်းကြောင်းမှ တဆင့် မြိတ်၊ ထားဝယ် ဒေသထွက် ရာဘာ၊ ဆီအုန်း အပါအဝင် ရေထွက်ကုန်နှင့် လယ်ယာ ထွက်ကုန်များ ကို အဓိကထား ပို့ဆောင်သွားမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ ဘက်မှလည်း လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းလာမည် ဖြစ်ကြောင်း သိရသည်။
ယခင်က မြိတ်ခရိုင်အတွင်းမှ ထွက်ကုန်များကို ထိုင်းနိုင်ငံသို့ ကော့သောင်းမှတဆင့် ပို့ဆောင်ရာတွင် ရေကြောင်းခရီးဖြင့် အနည်းဆုံး ၂၄ နာရီခန့် အချိန်ကြာမြင့်ကြောင်း မော့တောင် ကုန်သွယ်ရေးစခန်းပြီးလျင် မြိတ်ခရိုင်အတွင်းမှ ကုန်ပစ္စည်းများကို ၅ နာရီအတွင်း အရောက်ပို့နိုင်မည် ဖြစ်ကြောင်းနှင့် ခရီးစရိတ်ကုန်ကျမှုပါ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။
မော့တောင် နယ်စပ်မှ ထိုင်နယ်စပ် ပရာကျွတ်မြို့ဘက်သို့ ယခင်က လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် သစ်၊ ကြိမ်နှင့် တောတွင်း တိရိစ္ဆာန်များ မှောင်ခိုကူးမှုများ ရှိသည့်အတွက် တရားဝင် နယ်စပ်ဂိတ်ဖွင့်ပြီးပါက မြန်မာအစိုးရ အနေဖြင့် ယင်းကိစ္စများကို ကြီးကြပ် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ထားသည်ဟု ဆိုသည်။
“တရားဝင် နယ်စပ် ကုန်သွယ်ရေးစခန်း ဖြစ်သွားတဲ့အတွက် ခိုးချောင်ခိုးဝှက် လုပ်စရာမလိုတော့ဘဲ သွင်းကုန်၊ ထွက်ကုန်တွေကို အခွန်ဆောင်ပြီး လုပ်မယ်ဆိုရင် နိုင်ငံတော်အတွက်ရော ဒေသခံတွေအတွက်ရော ကောင်းမယ်လို့ ယူဆပါတယ်” ဟု ဦးကျော်သူက ပြောသည်။
ဒေသခံ အစိုးရ အရာထမ်းတဦးကလည်း “ဒီမော့တောင်ကနေ ထိုင်းဘက်ကို သစ်မှောင်ခိုတွေက မတန်တဆ ဈေးတွေနဲ့ အရမ်းထွက်တယ်။ ဒီဘက်မှာ ဘတ် ၁ ထောင်နဲ့ ရောင်းတဲ့ သစ်က ထိုင်းဘက်မှာဆိုရင် ဘတ် ၂ သောင်းခွဲလောက် ရှိတယ်။ ဒီစခန်း ပြီးသွားရင် သူတို့အတွက် ဒီဘက်မှာ ပရိဘောဂရုံတွေ ထောင်ပြီး လုပ်ပေးနိုင်မယ်ဆိုရင် လိုချင်တဲ့ ဈေးကွက်ရော၊ ဒေသခံတွေ အတွက်ပါ ကောင်းသွားနိုင်တယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း အနေဖြင့်လည်း ထိုင်းနိုင်ငံသို့ တနင်္သာရီ၊ ထားဝယ်၊ ကော့သောင်းတို့မှ ထွက်ပေါက် သုံးပေါက် ရှိသော်လည်း မော့တောင် လမ်းကြောင်း ပြီးစီးသွားပါက ထိုသုံးနေရာအနက် ခရီးလမ်း အလွယ်ကူဆုံး လမ်းကြောင်းတခု ဖြစ်လာနိုင်သည့်အတွက် အသုံးပြုလာနိုင်ဖွယ် ရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် လက်ရှိအချိန်တွင် တာချီလိတ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း တို့မှတဆင့် ကုန်သွယ် ကူးသန်းနေလျက်ရှိပြီး မော့တောင် ကုန်သွယ်ရေး စခန်းသည် ၅ ခုမြောက် ဖြစ်လာမည်ဖြစ်သည်။
မြဝတီ၊ ကော့သောင်းနှင့် မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ထိုင်းနိုင်ငံဘက်သို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရေထွက် ပစ္စည်း ၁၁၇၂၃ တန် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ ယင်းပမာဏသည် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၅၆၇ တန် ပိုမိုတင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အတူ ၂၀၁၂ ခုနှစ် ဧပြီမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ထိုင်းနိုင်ငံဘက်သို့ ရေထွက်ကုန် ၁၂၅၇၇၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ဖိုးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။