မိတီ္ထလာဖြစ်စဉ်အပြီး မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ ပဲခူတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊ မိတီ္ထလာအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
မိတီ္ထလာမြို့ ရွှေဆိုင်အရောင်းအဝယ်မှ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီးကိုပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာပါတယ်။
ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှုတွေဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီဒေသတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။
ဆူပူအကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့်ဝေမှုတွေ၊ အစ္စလမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှု အိုးအိမ်ဆိုင်ခန်းတွေနဲ့ ဗလီတွေဖျက်ဆီးပြီးတဲ့အခါမှာ ချန်ထားရစ်ခဲ့တဲ့ အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။
ဘာသာရေးအစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေရတယ်လို့ ပဲခူးတိုင်း ဒေသခံတွေက ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးမင်းသူရက ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ၉၆၉ အမှတ်တံဆိပ်ပါ စာရွက်စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့ တရားခွေတွေ မြို့တွင်းအထိ လာရောက်ဝေငှခဲ့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
“မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးက လူတွေ တချို့လူတွေ လည်းပါတယ်။ အချို့လူတွေက ဒီဟာကို ဘာမှန်းမသိဘဲ တဆင့် ဖြန့် ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ဒီဟာက ဘာသာရေး ဖြစ်တဲ့အခါကျတော့ တဆင့်ပြန်ဝေခိုင်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ နောက်ဆုံးရွာတွေထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့်လာတယ်”လို့ ဦးမင်းသူရက ဆိုတယ်။
ဆိုတော့ ၉၆၉ ဆိုတာ ဘာလဲ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ကို ဦးထိပ်ထားပြီး ဗုဒ္ဓဘာသာဝင်တွေ စုစုစည်းစည်းဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ထားတဲ့ အမှတ်တံဆိပ်တခုဖြစ်တယ်လို့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ခင် လာဝေငှတဲ့အထဲမှာ ဆရာတော် ၄ ပါးထက်မနည်း ဟောပြောထားတဲ့ တရားခွေတခွေလည်းပါဝင်နေပါတယ်။ DVD ရော CD ရောပါ ဖြန့်ဝေနေတဲ့ အဲဒီအခွေမှာ အရှင်ပညာဝရ ရဲ့ လမ်းခွဲတရားတော်၊ အရှင်ကောသလ္လရဲ့ ဘာကို အရင်လုပ်ကြမှာလဲ၊ အရှင်သုနန္ဒရဲ့ ဗုဒ္ဓလမ်းစဉ် ကျင့်စေချင်၊ အရှင်ဝိစိတ္တာဘိဝံသ(ဝီရသူ)ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ စတဲ့ တရားဟောပြောမှုတွေပါဝင်ပါတယ်။
ဒီဟောကြားမှုတွေဟာ အဓိကအားဖြင့် မွတ်စလင်ဘာသာဝင်တွေရဲ့ နယ်ချဲ့မှုတွေကြောင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်နိုင်တာမို့ ဗမာလူမျိုးတွေ အနေနဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းကြဖို့ အတိအလင်း ပြဆို ဟောပြော ထားပါတယ်။ အဲဒီအခွေရဲ့ အပေါ်မှာ “ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည်” ဆိုတဲ့ ဆောင်ပုဒ် တခုကိုလည်း ရေးထိုးထားပါတယ်။
၉၆၉ အမှတ်တံဆိပ်နဲ့ တရားခွေတွေဟာ အခြားဘာသာတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ရဲ့ ဆိုင်၊ အိမ်တွေနဲ့ လုပ်ငန်းတွေမှာ ကပ်ထားဖို့ အတွက် အဓိက ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
”အခြား ဘာသာတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ကိုယ့်ဆိုင် ကိုယ့်အိမ်မှာ ကပ်ထားရင် ဗုဒ္ဓဘာသာအိမ်ဖြစ်တယ်၊ ဆိုင် ဖြစ်တယ် ဆိုတာသိပြီးတော့ ဈေးဝယ်ဖို့ ဝင်နားဖို့ ဒီလောက်ပါပဲ။ ၉၆၉ ဝတ်စုံတွေ ဝတ်တယ် ဆိုတာလည်း လှုံ့ဆော်တာ မဟုတ်ပါဘူး။ စည်းရုံးတာပါ”လို့ ဦးဝီရသူက မိန့်ပါတယ်။
မိတီ္ထလာမြို့ကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း အခုလို ဘာသာရေး အကြမ်းဖက်မှုများဟာ “မီးမွှေးပေးတဲ့ ဝါဒဖြန့်မှုများ”ကြောင့်လို့ ဆိုလိုက်ပြီး “ရက်စက်လွန်းတဲ့ ပိရိသေသပ်မှု”လို့လည်း ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုချက်ဟာ ၉၆၉ အဖွဲ့ကြောင့်လို့ တိုက်ရိုက်စွပ်စွဲပြောဆိုချက်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် ကြို့ပင်ကောက်မြို့ပေါ်က ဗလီတွေ၊ နေအိမ်တွေ ၊ ကားတွေ ဖျက်ဆီးခံရပြီးတဲ့နောက်မှာတော့ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းရောင်တွေနဲ့ ရေးသားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဖျက်ဆီးခံထားရတဲ့ အစ္စလမ်တွေရဲ့အိမ်တွေမှာ၊ ကားတွေမှာ ၉၆၉ ဆိုတဲ့ ဂဏန်းကို မှင်အစိမ်းနဲ့ အတည့်ပုံစံတမျိုး၊ ဇောက်ထိုးပုံစံမျိုးတွေနဲ့ ရေးသားထားတယ်။ တော်တော်များများမှာ အဲလိုရေးထားတယ်” လို့ ကြို့ပင်ကောက် ဒေသခံတဦးက ဆိုပါတယ်။
၉၆၉ တံဆိပ်ကို အသုံးချ ဖျက်ဆီးမှုတွေလုပ်ခဲ့တာလား၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆူပူဖျက်ဆီးမှုတွေ လုပ်ခဲ့သလဲဆိုတာ အဖြေက မရှင်းလင်းပေမယ့် ဘာသာရေး အစွန်းရောက်မှုတွေ ရှိနေတာတော့ သေချာလို့ စုံစမ်းဖော်ထုတ်မှုတွေလုပ်နေတယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက တာဝန်ကျ ရဲအရာရှိက ဆိုပါတယ်။
“ပဲခူးတိုင်းထဲမှာ ပထမဆုံးစဖြစ်တာက အိုးသည်ကုန်း မှာစဖြစ်တယ်။ အဲဒီစဖြစ်တဲ့ အိုးသည်ကုန်းကိုလည်း အခင်းမဖြစ်မီ၊ ဆူပူအကြမ်းဖက်မှု တွေ မဖြစ်မီ ဘာသာရေးအစွန်းရောက် အဖွဲ့ တွေလာပြီး ဟောပြောတာတွေ လုပ်သွားတယ်လို့ သိထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အခု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ထုတ်နေပါပြီ။ အခု လောလောဆယ်တော့ ပေါင်းတည်မှာ လူ ၂ ဦး၊ မိုးညိုမှာ ၂ ဦး၊ မင်းလှမှာ ၁၀ ဦး စုစုပေါင်း လူ ၁၄ ဦး ဖမ်းဆီး စစ်ဆေးနေပါတယ်။ အားလုံးက ဒေသခံတွေချည်းပါပဲ” လို့ ရဲအရာရှိက ပြောတယ်။
နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။
”၉၆၉ ဖြစ်စဉ်တွေကိုတော့သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ”ဟု ဦးမြင့်ဦးက ဆိုတယ်။
ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။
ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။
“ကျနော်တို့ သိတာက ဗုဒ္ဓရဲ့အဆုံးအမက ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ မေတ္တာထားရမယ်။ အဓိက ချုပ်ငြိမ်းမယ့် ၊ သံသရာခရီးမဆက်နိုင်မယ့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာတာပေါ့။ ဒါက ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရလို့ ဆရာတော်ကြီးတွေ ဟောထား ပြောထားတွေကို သိထားရလို့ ဒီလို ၉၆၉ စတစ်ကာ ကပ်ထားမှ ဆိုတာမျိုးကို လက်မခံဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာတယ်။ အဆုံးအမကို နာခံတယ်။ ငါးပါးသီလလုံအောင်စောင့်တယ်” လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်းက ဦးမောင်မောင်ကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စည်းရုံးဖို့ လှုပ်ရှားခဲ့တဲ့ ၉၆၉ အမှတ်တံဆိပ်က ရည်ရွယ်ချက်လွဲမှားတာမျိုး ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
”ကိုယ့်ဘာသာကို စည်းလုံးဖို့ လုပ်တာ။ဒါပေမယ့် မြန်မာလူမျိုးကတော့သိတဲ့ အတိုင်း ခုတ်ရာတခြား ရှရာတခြား ဖြစ်တာပေါ့”ဟု ဦးမောင်မောင်က ပြောသည်။
ထက်နိုင်ဇော် ပူးပေါင်းပါဝင် ရေးသားသည်။