မိတ္ထီလာတွင် ဘုန်းတော်ကြီးတပါးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၇ ဦးထဲမှ ၆ ဦးကို ခရိုင်တရားရုံးမှ တရားစွဲဆိုရန် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ရုံးထုတ်သောအချိန်တွင် တရားရုံးမှ တရားခံစစ် စစ်ဆေးသူ ၄ ဦးရှိခဲ့ပြီး လာမည့် မေလ ၈ ရက်နေ့တွင် နောက် ထပ် ၂ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများထဲမှ အသက် ၁၇ နှစ်အရွယ်ရှိ ညီညီနိုင်ကိုတော့ အသက်မပြည့်သည့်အတွက် ကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စွတ်စွဲခံရသူများဘက် မှ ရှေှ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ပြောသည်။
၎င်းတို့ကို စွဲချက်မတင်မီ နောက်ဆုံးသက်သေဖြစ်သော ရဲအုပ်ဦးမြင့်သန်းကို စစ်ပြီးမှ စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တရားစွဲဆိုခံရသူများမှာ အစ္စလမ်ဘာသာဝင်များဖြစ်ပြီး မိတီ္ထလာအဓိကရုဏ်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသောဘိတကို သတ်ဖြတ်သည်ဟု သင်္ကာမကင်းခံရသူများ ဖြစ်ကြောင်း သိရသည်။
“ အသက်မပြည့်တဲ့သူကိုတော့ သီးခြားခွဲထုတ်ပြီး စွဲချက်မတင်မီ ပြန်ရုတ်သိမ်းပြီး ကလေးသူငယ်ဥပဒေနဲ့ အသစ်ပြန်တရားစွဲမှာ။ အဲဒီထဲကမှ မြတ်ကိုကို ကိုတော့ သူကိုယ်တိုင် ဓါးနဲ့ ထိုးသတ်တယ်လို့ စွပ်စွဲတဲ့အတွက် လူသတ်မှုနဲ့ တရားစွဲခံရလိုက်တယ် ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ ဇော်ထက်နိုင်၊ မျိုးဝင်း(ခ)ဒါဂျိဂန်း တို့ကို တရားမဝင် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄၊ သာသနာ ညစ်နွမ်းစေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က)၊ လူသတ်မှုကို အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁/ဂ/၁၁၄ တို့ဖြင့် စွဲချက်တင်လိုက်ပြီး မြတ်ကိုကို(ခ)အဏ္ဏဝါကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂/၁ /ဂ၊ ပုဒ်မ ၁၄၄၊ ပုဒ်မ ၂၉၅(က) တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။
လူသတ်မှု ပုဒ်မ ၃၀၂/၁/ဂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်၍ရကြောင်း၊ အားပေးကူညီခြင်းဆိုင်ရာ ပုဒ်မ ၁၁၄ ပါတွဲပါသည့်တိုင်အောင် သီးခြားပုဒ်မ တပ်မထားလျှင် ၎င်းတို့ကိုပါ ထိုပြစ်ဒဏ်အထိ ပေး၍ရ ကြောင်း အထက်တန်းရှေ့နေ ဦးသန်းအောင်က ဧရာဝတီသို့ ပြောသည်။
သို့ရာတွင် တရားရုံး၏ ဆင်ခြင်သုံးသပ်မှု၊ သက်သေခိုင်မာမှုများအပေါ် မူတည်ပြီး ပြစ်ဒဏ်ကို ပြောင်းလဲသွားနိုင်ကြောင်း၊ တရားခံများအဖြစ် ဆုံးဖြတ်လိုက်လျှင်လည်း တရားရုံးအဆင့်ဆင့် အယူခံပိုင်ခွင့်ရှိကြောင်း ၎င်းကဆိုသည်။
“ အခုက ပုဒ်မ ၃၀၂/၁/ဂ လို့ တပ်လိုက်တာမှာ သေစေလိုတဲ့ဆန္ဒနဲ့ ကြိုတင်စီမံတဲ့သဘောမျိုးဖြစ်နေတယ်။ ရန်ဖြစ်လို့၊ ဒေါသဖြစ်လို့၊ နာကျည်းလို့ လူသတ်မိတာက တမျိုးလေ။ ဒါပေမယ့် တရားရုံးရဲ့ အကြောင်းချင်းအရာပေါ် ကြည့်ရဦးမယ်။ ပြစ်ဒဏ် ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ ကြိုတင်ပြောလို့မရဘူး။ တရားခံအဖြစ် စွပ်စွဲခံရသူတွေကလည်း ဥပဒေ ဘောင်ထဲက ခုခံပိုင်ခွင့်ရှိပါတယ် ” ဟု ၎င်းက ဆက်ဆိုသည်။
လက်ရှိအချိန်အထိ မိတ္ထီလာအကြမ်းဖက်မှုကြောင့် ဖမ်းဆီးထားသော လူ ၇၀ ရှိပြီး ၎င်းတို့အထဲတွင် ဗုဒ္ဓဘာသာဝင် ၄၂ ဦး၊ အစ္စလမ်ဘာသာဝင် ၂၈ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ထို့အပြင် လက်ရှိအချိန်အထိ ဖမ်းဆီးထားသူများထဲမှ ရွှေဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါ ၃ ဦးကို မြို့နယ်တရားရုံး၏ စီရင်ပိုင် ခွင့်ရှိသည့် အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး မိတ္ထီလာမြို့၊ မြို့မ ၄ ရပ်ကွက်မှ ဘေဘီစတိုးဆိုင်ကို လုယက်ဖျက်ဆီးသည့် ၁၃ ဦးကို တရားစွဲဆိုရန် ရုံးတင်ထားပြီး ယခု ဘုန်းတော်ကြီးတစ်ပါးကို သတ်မှုဖြင့် ယခု လူ ၇ ဦးကို စွဲချက်တင်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသူများ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျှက် ရှိကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးထားသူများ၏ မှတ်တမ်းများကို မိတ္ထီလာခရိုင်သို့ ဆက်သွယ်မေးမြန်းသော်လည်း မှတ်တမ်း အသေးစိတ်ကို ပြောဆိုခြင်းမရှိသောကြောင့် အတိအကျမသိရသေးပေ။