သမိုင်းဝင်ကမ္ဘာ့ အမွေအနှစ် ဗုဒ္ဓဂယာ၌ လုံခြုံရေးတိုးမြှင့်ချထားပေးရန် မြန်မာရဟန်းတော်များနှင့် ထိုင်းရဟန်းတော်များ အပါအဝင် နိုင်ငံစုံမှ သံဃာတော် အပါး ၂၀၀ ခန့် ယနေ့နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးနှင့် အိန္ဒိယ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုကြသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်က ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ၌ ဗုံး ၉ လုံးခန့် ဆက်တိုက် ပေါက်ကွဲခဲ့သည့် အတွက် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ဗုဒ္ဓ တက္ကသိုလ်နှင့် မဟာမကွတ် ဗုဒ္ဓတက္ကသိုလ်တို့တွင် တက်ရောက် ပညာသင်ကြားနေသည့် မြန်မာ ၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ် နှင့် ဂျပန် နိုင်ငံများမှ အပြည်ပြည် ဆိုင်ရာ ရဟန်းတော်များက ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။
“ဘုရားရှင်က မဟာဗောဓိပင် ခြေရင်းမှာ သဗ္ဗေညုတ ရွှေဉာဏ်တော်ကိုရပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့တယ်၊ ဒီလိုအထိမ်း အမှတ်နေရာကို အကြမ်းဖက်တာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး စော်ကားတာဖြစ်တဲ့အတွက် နောက်မဖြစ်ရအောင် လုံခြုံရေးတိုးမြှင့်ဖို့ တောင်းဆိုတာ”ဟု မြန်မာရဟန်းတော် တပါး ဖြစ်သော ရှင်ကုဝေရက ဧရာဝတီသို့ မိန့်သည်။
သံဃာတော်များ၏ တောင်းဆိုချက်ကို ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးက လက်ခံရယူသွားပြီး အရေးယူတင်ပြသွားမည်ဟု ပြော ဆို ကြောင်းလည်း သိရသည်။
ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သံဃာတော်များအနေဖြင့် မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်းဟု စွပ်စွဲ ပြောဆိုမှု ပြုလုပ်မည် မဟုတ်သော်လည်း တရားခံရှာဖွေရေးမှာ အိန္ဒိယ အစိုးရတာဝန်ဟု ယူဆကြောင်း သံဃာတော် ရှင်ကုဝေရ က ဆက်လက် မိန့်ကြားသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုသည် ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း ရှိ မဟာဗောဓိညောင်ပင် အောက်၊ ရတနာ ဃရ သတ္တာဟ ၊ အနိမိတ္တသတ္တာဟ၊ ဂျပန်ဘုရားကြီး ကမာကူရ ဆင်းတုတော် အနီး၊ တိဗက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တို့တွင် ပေါက်ကွဲခဲ့ပြီး ကမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံး ၁ လုံးကို တွေ့ရှိကြောင်း သိရသည်။
မဟာဗောဓိ စေတီတော်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) က ကမ္ဘာ့ ယဉ်ကျေးမှု သမိုင်းဝင် အဖြစ် အသိအမှတ်ထားသည့် နယ်မြေတခု ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မြန်မာရဟန်းတော် တပါး အပါအဝင် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဗုံးခွဲသည်ဟု မသင်္ကာရသူ အမျိုးသား တဦးကိုလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် မြန်မာအာဏာပိုင်များက ရွှေတိဂုံစေတီနှင့် မဟာမြတ်မုနိ ဘုရားဝန်းအတွင်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ဖော်ပြထားသည်။