ပြည်ထောင်စုအစိုးရက ယခုဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ကို ငွေကျပ် ဘီလီယံ ၄၃၀ ကျော် ပြည်ထောင်စု လွှတ်တော်ထံသို့ တင်ပြတောင်းခံလာသဖြင့် နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ငွေ ၂ ထရီလီယံကျော်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်အဖြစ် ပြည်ထောင်စုလွှတ်တော်က ကျပ်သန်းပေါင်း ၁၂,၄၈၃,၅၆၀ ခွင့်ပြုထားပြီး ဖြစ်သော်လည်း အစိုးရက လုံလောက်မှု မရှိသဖြင့်ကျပ်ငွေ ဘီလီယံ ၄၃၀ ဒသမ ၃၉၅ ဘီလီယံ တိုးမြှင့်တောင်းခံလာခြင်းဖြစ်သည်ဟု သိရှိရသည်။
မူလက ဘတ်ဂျက်လိုငွေပြမှုသည် ကျပ်သန်းပေါင်း ၁,၉၅၃,၇၁၂ ရှိခဲ့ရာမှာ တိုးမြှင့်တောင်းခံလိုက်သော အစိုးရအသုံးစရိတ်ကြောင့် ဘတ်ဂျက်လိုငွေပြမှုသည် ကျပ်ငွေ ၂ ထရီလီယံ ကျော် (ကျပ်သန်းပေါင်း ၂,၀၈၁,၉၈၁) ထိတိုးတက်လာကြောင်း သိရှိရသည်။
အစိုးရက မူလအသုံးစရိတ်အရ ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ထပ်မံ တင်ပြလာသော အသုံးစရိတ်သစ်ကြောင့် ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၄ ဒသမ ၀၇ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။
“အစိုးရဝန်ကြီးဌာနတွေ အနေနဲ့ မူလပေးထားတဲ့ ဘဏ္ဍာငွေနဲ့ မလုံလောက်လို့ လွှတ်တော်ကို အသုံးစရိတ်အသစ်တွေ ထပ်ပြီးခွင့်ပြုဖို့ တင်ပြလာပါတယ်။ ဒီအသုံးစရိတ်တွေက မူလ မမျှော်မှန်းထားတဲ့ လုပ်ငန်းသစ်တွေ၊ အခြေအနေအရ ပေါ်လာတဲ့ စီမံကိန်းသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုဖို့ဆိုပြီး လွှတ်တော်ကို တရားဝင်တင်ပြလာတယ်။ ဒါကို လွှတ်တော်က ဆွေးနွေးပြီး ခွင့်ပြုသင့်၊ မသင့်လုပ်ဆောင်ရမှာ။ ယတိပြတ်ကြီး ခွင့်မပြုဘူး ဆိုတာမျိုးတော့ ရှိမှာမဟုတ်ပေမယ့် တောင်းလာတဲ့ အသုံးစရိတ်ကို လျော့တာမျိုးတော့ ရှိနိုင်တယ်” ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည့်မြင့်က ဧရာဝတီသို့ ပြောသည်။
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများက အသုံးစရိတ် လိုအပ်နေကြောင်း လွှတ်တော်သို့ တရားဝင် စာရင်းဇယားများနှင့် တင်ပြလာကြောင်း သိရှိရသည်။
“ဝန်ကြီးဌာနတွေက အသုံးစရိတ်တွေ လိုအပ်နေလို့ ထပ်ပြီးချပေးဖို့ ရှင်းလင်းတင်ပြကြတယ်။ လွှတ်တော်ဘက်က တင်ပြလာတဲ့ အသုံးစရိတ်ကို ဆွေးနွေးသုံးသပ်ပြီး ခွင့်ပြုသင့်တာ ခွင့်ပြုမှာပေါ့” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကို လျှော့ချပြီး ဝင်ငွေတိုးလာစေရေး အခွန်တင်းကြပ်နေပြီး အစိုးရက ကျပ်သန်းပေါင်း ၁၀,၅၂၉,၈၄၈ အခွန်ငွေရရှိစေရန် လျာထားကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ကျပ်သန်းပေါင်း ၅၁,၃၈၂,၉၈၅ သန်း ရှိမည် ဟုခန့်မှန်းကြောင်း သိရှိရသည်။
နိုင်ငံ၏ အသုံးစရိတ်များတွင် ကာကွယ်ရေးအသုံးစရိတ်သည် အစိုးရအသုံးစရိတ်၏ ၂၄ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း သိရှိရသည်။