ယခင်က စက်သုံးဆီဆိုင် ဖွင့်လှစ်ခွင့်ပြုရာတွင် စတုရန်းပေ ၁၀,၀၀၀ ဧရိယာအကျယ်အဝန်း ရှိမှသာ ရောင်းချခွင့်ပြုရာမှ ယခုအခါ အနည်းဆုံး စတုရန်းပေ ၃,၂၀၀ နှင့်အထက် ရှိရုံမျှဖြင့် ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း မြန်မာနိုင်ငံ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း (MPPE) မှ သိရသည်။
“မြို့ထဲမှာ စတုရန်းပေ ၁၀,၀၀၀ လောက် ရဖို့ မလွယ်တော့ဘူး။ အခု လျှော့လိုက်တဲ့ ပမာဏမှာလည်း အကျယ်အဝန်းနဲ့ သိုလှောင် ရမယ့် ဂါလန်ပမာဏကို ပြန်တွက်ချက်ပြီးတော့မှ ခွင့်ပြုသွားမယ်”ဟု MPPE တိုင်း ရောင်းဝယ်ရေးအရာရှိ ဦးတင်နိုင်စိုးက ပြော သည်။
စက်သုံးဆီ အရောင်းဆိုင်၊ သိုလှောင်ကန် အသစ်များ တည်ဆောက်ဖွင့်လှစ်ရာတွင် Layout Plan တင်ပြရမည်ဖြစ်ပြီး အသုံးပြုမည့် မြေအမျိုးအစားသည် လယ်မြေမဖြစ်ရန် လိုအပ်ကြောင်း၊ ထို့အပြင် လျှပ်စစ်၊ မီးသတ်၊ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးဌာန စသည့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို တိုင်းဒေသကြီး အစိုးရဖွဲ့သို့ တင်ပြရကြောင်း သိရသည်။
“သတ်မှတ်ထားတဲ့ ဧရိယာအကျယ်အဝန်းကို လျှော့ပေးလိုက်တော့ လုပ်ငန်းရှင်တွေအတွက်လည်း လုပ်ကိုင်ရတာ ပိုအဆင်ပြေသွားတာပေါ့။ ဒါပေမယ့် ဘယ်လောက်အထိ ဖြေလျှော့လိုက်တာလဲ ဒီလိုဆိုရင် ဘယ်လောက်ပမာဏ သိုလှောင်ရမလဲဆိုတာ သိဖို့လိုသေးတာပေါ့”ဟု သူရိယ စွမ်းအင် စက်သုံးဆီဆိုင်မှ ဆိုင်တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင် ၁၃၂ ဆိုင်မှ ဓာတ်ဆီဂါလန်ပေါင်း ၉၅၀၀၀ကျော်၊ ၉၂ဆီ အမျိုးအစားတွင် ဂါလန်ပေါင်း ၆ သန်းကျော် ဂါလန်ပေါင်း ၁၁ သိန်းကျော်၊ ဒီဇယ်ဆီ အမျိုးအစားတွင် ဂါလန်ပေါင်း ၂၄ သိန်းကျော်၊ ပရီမီယံဆီ အမျိုးအစားတွင် ဂါလန်ပေါင်း ၁၇ သိန်းကျော် ဖြန့်ဖြူးရောင်းချပေးနေပြီး ယခင်နှစ် ပမာဏထက် ပိုများလာသည့် အခြေအနေကိုတွေ့ရကြောင်း MPPE စာရင်းများအရ သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၁,၇၁၈ ဆိုင်နှင့် ဆီသိုလှောင်ကန် စခန်း စုစုပေါင်း ၆ ခု ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင်ပေါင်း ၁၃၂ ဆိုင်ရှိကြောင်းလည်း MPPE စာရင်းများတွင် ပါ ရှိသည်။
ယခုတပတ်အတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများသည် ဒီဇယ် တလီတာလျှင် ၆၂၀ ကျပ်၊ အောက်တိန်း ၉၂ တလီတာလျှင် ၆၅၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာလျှင် ၇၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာလျှင် ၆၇၀ ကျပ် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းမှ သိရသည်။
စက်သုံးဆီဈေးနှုန်းများသည် ၂၀၁၅ ခုနှစ် နှစ်အကုန်ပိုင်းမှစတင်၍ ဈေးနှုန်းကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဈေးနှုန်း အကျဘက်သို့ ဦးတည်နေမည်ဖြစ်ကြောင်း APEX ဆီဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။